26 October 2010

မုန်တိုင်းပြီးစ ကျောက်ဖြူမြို့ ရဲ့စိတ်မကောင်းစရာ မြင်ကွင်း ပုံရိပ်ဓာတ်ပုံများ.. (၂)





ပေးပို့လာသူ ကိုကျော်ဇောဝင်း အားကျေးဇူးတင်ပါသည်..။


ကျောက်ဖြူရေဘေးအတွက် ဂျပန်နိုင်ငံရှိ ရခိုင်လူမှုရေးအသင်းမှ ကူညီထောက်ပံမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်..။
ကိုမြတ်သူ... 090-5521-3941 ကိုမောင်မောင်.. 090-4363-5537



ကျောက်ဖြူမြို့သမိုင်း





မုန်တိုင်းမတိုက်မှီ ယခင်သာယာလှပခဲ့တဲ့ ကျောက်ဖြူမြို့ပါ


ကျောက်ဖြူမြို့သည်ကား ရခိုင်ပြည်ရှိ ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်း၏ မြောက်ဘက်ဖျားရှိ ဘင်္ဂလားပင်လယ်ကမ်းခြေအနီးတွင် ရှိနေခြင်းကြောင့်ပင်ဖြစ်ပေသည်။ ရှေးအခါက ရခိုင်ပြည်ကြီးတွင် ၀တီလေးရပ်အပါအ၀င် တိုင်းကြီး (၁၂) တိုင်းရှိခဲ့ဘူးပေသည်။ ထိုတိုင်းများထဲတွင် ရမ္မာဝတီခေါ် ရမ္မာပူရကျွန်းသည်လည်း တိုင်းတတိုင်းအဖြစ်ပါဝင်ခဲ့လေသည်။

ဤ ရမ္မာပူရကျွန်းအား နောက်တနည်း အဆိုတရပ်မှာကား ကဿဖဘုရားသခင်လက်ထက်တော်အခါက တပါးသောနေ့တနေ့တွင် ဘုရားသခင်သည် ရဟန္တာများနှင့် ကောင်းကင်စံခရီး ကြွတော်မူရာတွင် ရခိုင်ပြည်၏အလယ်ဗဟိုကျသော ပင်လယ်ထဲတွင် ၀မ်းဘဲငှက်သဏ္ဍာန်ကဲ့သို့ ကျွန်းငယ်တစ်ခုပေါ်သို့ ဆင်းသက်ရပ်နားတော်မူပြီး၍ ကျွန်းငယ်ကားနောင်တွင် ၀မ်းဘဲကျွန်းဟုအမည်တွင်အံ့ဟူ၍ ဗျာဒိတ်တော် ထားခဲ့တော်မူသည်။ ယခုကာလကြာရှည်လာခြင်းကြောင့် ရမ်းဗြဲကျွန်းဟူ၍ ပြောင်းရွှေ့ခေးဆိုကြကြောင်းအဆိုရှိခဲ့လေသည်။






ထိုနောက်ကာလအလွန်ကြာမြင့်လာသောအခါတွင် ရခိုင်ပြည်အား မြန်မာမင်းတို့ သိမ်းပိုက် အုပ်ချုပ်ခဲ့လေသည်။ ထိုမှတဖန် ခရစ်သက္ကရာဇ် ၁၈၂၄-၂၆ ခုနှစ်တွင် အင်္ဂလိပ်မြန်မာတို့ ပထမအကြိမ်စစ်ပွဲကြီြးုဖစ်ပွားရာ ရခိုင်ပြည်အား အင်္ဂလိပ်တို့သိမ်းယူရရှိသွားလေသည်။ ထိုအခါ အင်္ဂလိပ်တို့သည် ရခိုင်ပြည်အား လေးခရိုင်ပြုလုပ် အုပ်ချုပ်ခဲ့လေသည်။ ၎င်းတို့မှာ (၁) စစ်တွေခရိုင် (၂) အမ်းခရိုင် (၃) ရမ်းဗြဲခရိုင် (၄) သံတွဲခရိုင်များပင် ဖြစ်ပေသည်။ ခရစ်သက္ကရာဇ် ၁၈၂၉ ခုနှစ်တွင် ကျောက်ဖြူမြို့တွင် ရခိုင်တိုင်း စစ်ဌာနချုပ်အဖြစ်ချထားပြီး တပ်မြို့သဖွယ်ပြုလုပ်ထားခဲ့ကြောင်း သိရှိရပေသည်။

ခရစ်သက္ကရာဇ် ၁၈၃၇ ခုနှစ်တွင် အမ်းခရိုင်ကိုဖျက်သိမ်းလိုက်ပြီးလျှင် ကျောက်ဖြူခရိုင်အဖြစ် ပြောင်းယူအုပ်ချုပ်ခဲ့လေသည်။ ထိုနောက်တဖန် ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲခရိုင်ကို ဖျက်သိမ်းပြီး အမ်းခရိုင်နှင့် ရမ်းဗြဲခရိုင်နှစ်ခုကို တခုတည်းအဖြစ်ပူးပေါင်း၍ ကျောက်ဖြူခရိုင်အဖြစ် ပြုလုပ်အုပ်ချုပ်ခဲ့သည်။


ကျောက်ဖြူမြို့ဟု ခေါ်ဝေါ်ခြင်းမှာ လှပဖြူဖွေးသော ကျောက်စရစ်လုံးငယ်ပေါများစွာရှိခြင်းတို့ကြောင့် ကျောက်ဖြူမြို့ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ကျောက်ဖြူမြို့သည်ကား အလွန်သာယာလှပခြင်းတို့နှင့် ပြည်စုံပေသည်။ မြင့်သောအရပ်မှကြည့်လျှင် ပင်လယ်ရေ ပတ်လည်ဝိုင်းလျက်ရှိနေပေသည်။ ကံ့ကော်တောဘုရားဘက်သို့သွားရန် လမ်းတမျက်နှာသာလျှင် ကုန်းလမ်းဟူ၍ရှိပေသည်။ (ယခု ကျောက်ဖြူ ရမ်းဗြဲလမ်းမကြီးဖြစ်သည်) သို့သော် ပင်လယ်ရေ ပတ်လည် ၀ိုင်းသည်ကဲ့သို့ရှိနေသော်လည်း မြို့တွင်းရှိ သောက်သုံးရန် ရေများမှာကား ရေချိုတွင်းများသာဖြစ်ပေသည်။

စားသောက်ဖွယ်ရာ ဆန်ရေစပါးများမှာ လည်း မရှားမပေါရှိပေသည်။ အထူးသဖြင့် ပင်လယ်ငါးများပေါလွန်း၍ အခြားမြို့ရွာများမှာကဲ့သို့ ချိန်တွယ်ရောင်းချရန်မလိုပဲ ပုံတိုက်ကြည့်၍၎င်း၊ ကောင်ရေ အလိုက်ရေတွက်၍၎င်း ရောင်းချလေ့ရှိကြပါသည်။ ရာသီဥတုမှာလည်း မပူလွန်း မအေးလွန်းခြင်းတို့ကြောင့် ညီမျှမှုရှိပေသည်။ ပင်လယ်ကမ်းခြေမြို့ဖြစ်၍ သင်္ဘောရေယာဉ်များ အချိန်မရွေး ၀င်ရောက် ဆိုက်ကပ်သွားနိုင်သည်။ ရန်သတ္တရုနည်းပါးမှုတို့ကြောင့် အရာခပ်သိမ်း အန္တရာယ်အပေါင်း ကင်းငြိမ်းခြင်းရှိပေသည်။ ထို့ကြောင့်လည်း ရောက်ဘူးသူတိုင်းသည် စိတ်အေးချမ်းသာ ပျော်ရွှင်မှုရှိကြပေသည်။ ဤသည်တို့ကြောင့်ပင် ရှေးလူကြီးများက ဤမြို့အား ထူးဆန်းသောနတ်ကျွန်းသာဟူ၍ ခေါ်ဝေါ်ခဲ့ကြပေသည်။ ကျောက်ဖြူမြို့၏ အကျယ်အ၀န်းမှာ အချား (၂) မိုင်၊ အနံ (၁) မိုင်ခွဲခန့် ရှိပါသည်။ မြို့၏ မြေမျက်နှာပြင်မှာ တောင်ကုန်းများ၊ ချိုင့်ဝှမ်းများဟူ၍ လုံးဝမရှိပဲ စည်မျက်နှာပြင်ကဲ့သို့ ညီညာပြန့်ပြူးလျက်ရှိပေသည်။



ကျောက်ဖြူသမိုင်းအား http://kyaukphyunews.blogspot.com/2008/12/welcome-from-kyauk-phyu.html မှကူးယူဖော်ပြပါသည်။

နအဖရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြ မှု ရေးမြို့တွင် လူ(၅၀၀)ကျော်ပြုလုပ်

ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။ မွန်ပြည်နယ် အတွင်းမှာလည်း စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ဒီကနေ့မနက်မှာ တိုင်းရင်းသား ၅ဝဝ လောက် ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း အခုလို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် အတွင်းမှာလည်း ကရင်လူမျိုး အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် ရွာသား ၇ဝဝ ကျော် ဆန္ဒပြခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်အကြား ကျောင်းရွာအနီးမှာ ဒေသခံ တိုင်းရင်းသားတွေ စုပေါင်းပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဒီမနက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးက ပြောပါတယ်။


“တိုက်ပွဲကို ဘာကြောင့် ကျနော်တို့ တိုက်ခဲ့ရသလဲ။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ပြည်သူ့တာဝန် ဘယ်လိုရှိတယ်ဆိုတာ ကျနော် ဆွေးနွေး တင်ပြသွားပြီ။ ကျနော်တို့ ဆွေးနွေးတင်ပြတဲ့ အပေါ်မှာ မသိတာရှိလား၊ အားလုံး သဘောပေါက်လား။”ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်မှာ ရှိတဲ့ ကျေးရွာသား ၅ဝဝ လောက် ဆန္ဒပြခဲ့တယ်လို့လည်း ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းကိုတော့ ဆန္ဒပြ ခေါင်းဆောင်တဦးက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ သံဖြူဇရပ်နဲ့ ရေးရထားလမ်း အနီးအနား တပ်နဲ့ ၂ မိုင်အကွာမှာ ကျနော်တို့ တိုင်းရင်းသား အားလုံးက ဆန္ဒပြတယ်ခင်ဗျာ့။ ကျနော်တို့မှာ လူအင်အား ၅ဝဝ ကျော် ရှိပါတယ်ခင်ဗျာ့။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည် ဖော်ပေးဖို့ရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာကို မပြုလုပ်ပေးဘဲ တဖက်သတ်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရေးဆွဲတယ်၊ အတင်းအဓမ္မ ဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုတာရယ်၊ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာကတောင် လက်မခံဘဲ တရားမျှတမှု မရှိတဲ့ နအဖ စစ်အာဏာရှင်တို့ ကျင်းပသွားမယ့် ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျနော်တို့ လူထုအနေနဲ့ ဆန့်ကျင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီကိစ္စကို ဒီနေရာတင် မကဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်ခင်ဗျ။”

ဒီဆန္ဒပြပွဲကို မနက် ၇ နာရီကနေ စတင်ပြီး ၁ဝ နာရီခွဲမှာ ပြီးဆုံးသွားပါတယ်။ အမြန်စု အမြန်ခွဲစနစ်နဲ့ ဆန္ဒပြခဲ့ရတယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ ရေးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁ဝ ရွာကျော်က ရွာသားတွေနဲ့ သံဖြူဇရပ်မြို့နယ်က ကျေးရွာသားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒေသခံ ရွာသူတဦးကတော့ ဆန္ဒပြပွဲ တက်ရောက်ခဲ့ခြင်း အကြောင်းကို အခုလို ပြောပါတယ်။“ဟုတ်ကဲ့။ ကျမတို့ လူထုရဲ့ ဆန္ဒကတော့၊ ဒီနေ့ ဆန္ဒလာပြရေး အကြောင်းအရင်းက ဒီစစ်အာဏာရှင် ရွေးကောက်ပွဲကို အယုံအကြည် မရှိတဲ့ အတွက်ကြောင့်မို့ စစ်အာဏာရှင်အတွက် သက်ဆိုးရှည်ရေးဖြစ်အောင် လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့က လာရောက်ပြီးတော့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။”

လက်ရှိအချိန်အထိတော့ စစ်အာဏာပိုင်တွေကနေ အရေးယူ ဖမ်းဆီးခြင်း မပြုသေးပေမဲ့ အရေးကြီးတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကတော့ လုံခြုံရေးအရ ယာယီ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရရုံးတွေမှာ ဆန္ဒပြတာ မဟုတ်ဘဲ စစ်အာဏာပိုင်တွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသမှာလည်း လူဦးရေ ၇ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။“ကြာအင်းဆိပ်ကြီးမှာ ပြီးသွားပြီ။ အဲဒီ ဖာတလယ်ရွာမှာ။ ဖာတလယ်ရွာကျတော့ လူအင်အား ၇ဝဝ၊ ၈ဝဝ လောက်တော့ ရှိတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ ပြီးလို့ရှိရင် သူတို့ နယ်ဘက်မှာ အဲဒါ အပိတ်ခံရတယ်။ အပိတ်ခံရတဲ့ အတွက်ကြောင့် သူတို့က ထပြီးတော့ အော်တယ်။”

ကရင်ပြည်နယ် ၇ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့တာကြောင့် ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့လို့ ဆန္ဒပြခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အတွင်းက ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကနေ တတိုင်းပြည်လုံး ပျံ့နှံ့သွားမယ်လို့လည်း အမည်မဖော်လိုသူ ပြည်တွင်း နိုင်ငံရေးသမား တဦးက သုံးသပ်ထားပါတယ်။ ဒီလို ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ပြီး ပြုလုပ်သွားမယ်လို့လည်း ရေးမြို့နယ်မှာရှိတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။

သတင်း...VOA

စစ်အာဏာရှင်နအဖ ရဲ့ ကောက်ကျစ်နေတဲ့သဘောထားအမှန်နှင့် စစ်အာဏာရှင်နအဖဟာတိုင်းရင်းသားများအားလုံး ပြည်သူပြည်သားအားလုံးအပေါ်ရက်စက်ကောက်ကျစ်နေကြပါ..။

နအဖနဲ့  ပူးပေါင်းနေတဲ့ ဒီကေဘီအေတပ်က ရဲဘော်တစ်ဦး ရေးသားပေးပို့ လာတဲ့ စာ ဖြစ်ပါတယ်။ ဒီစာကို ဖတ်ကြည့်ရင် နအဖတွေဟာ ကရင်တိုင်းရင်းသားပြည်သူတွေအပေါ် ထားရှိတဲ့ စိတ်ယုတ်မာ ကောက်ကျစ်မှုကို မြင်သာစေပါတယ်။ နအဖဟာ သူတို့  အာဏာမြဲဖို့ အတွက် ကရင်တိုင်းရင်းသားပြည်သူတွေအပေါ်မှ မဟုတ်ဖူး တိုင်းရင်းသားအားလုံးအပါအ၀င် မြန်မာပြည်သူပြည်သားများ အားလုံးအပေါ်မှာ လှည့်ဖြားကောက်ကျစ်နေကြပါ။

နအဖတွေဟာ သူတို့  နိုင်ငံရေးအမြတ်ထုတ်ဖို့ အတွက် ရိုးသားတဲ့ တိုင်းရင်းသားပြည်သူတွေအပေါ် အယုံသွင်း မုသားစကားလုံး ဟန်ဆောင်စကားလုံးတွေနဲ့  ပြောဆိုလုပ်ပြနေပေမယ့် နအဖအာဏာရူးတို့ ရဲ့  အတွင်းသဏ္ဍန်ဟာ ယုတ်မာလွန်းလှပါတယ်။

နအဖနဲ့  ပူးပေါင်းပြီး ကိုယ်ကျိုးအခွင့်အရေးအတွက် အဓိကထားနေကြသူတစ်ချို့ ဟာလည်း ကိုယ့်ရဲ့  တိုင်းရင်းသားပြည်သူအချင်းချင်းတွေအပေါ် ပြန်ပြီး နင်းခြေကာ လူမျိုးအချင်းချင်းအပေါ် သစ္စာဖောက်ပြန်နေကြပါတယ်။ အခွင့်အရေးသမားတွေနဲ့  လှည့်ဖြားကောက်ကျစ်တဲ့ နအဖတို့  အပြန်အလှန် ပေါင်းဖက်နေကြပေမယ့် နအဖဘက်ကတော့ ညှာတာထောက်ထားမှာ မဟုတ်ပါဖူး။ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ အဲ့ဒီအခွင့်အရေးသမားတွေကို သတ်ဖြတ်ပစ်တဲ့အထိ ရှင်းပစ်နိုင်တယ်ဆိုတာ သူတို့ ရဲ့  အတွင်းစိတ်ကိုပေါ်စေတဲ့ စကားတွေက သိသာစေပါတယ်။

တိုင်းရင်သားပြည်သူများအနေနဲ့  ကိုယ်လူမျိုး ကိုယ့်တိုင်းရင်သားတွေ ဘ၀တွေ ထိခိုက်ပျက်ဆီးနေရတဲ့ အခြေအနေကို ပိုမိုမဆိုးရွားရအောင် နအဖရဲ့  ယုတ်မာကေက်ကျစ်သော သဘောထားအမှန်ကို သိမြင်ကြပြီး ပြည်သူနဲ့ လူမျိုးအတွက် အခွင့်အရေးသမား သစ္စာဖောက်တွေကို သင်ခန်းစာပေးကြဖို့ နဲ့  ဘုံရန်သူ နအဖအာဏာရူးတို့ ရဲ့  လုပ်ဆောင်မှုများကိုလည်း ဆန့် ကျင်ကြဖို့  တိုက်တွန်းလိုက်ရပါတယ်။

(နအဖနဲ့  ပူးပေါင်းနေတဲ့ ဒီကေဘီအေတပ်က ရဲဘော်တစ်ဦး ရေးသားပေးပို့ လာတဲ့ စာ)။

နအဖ က တော့ ဒီကေဘီအေ ကို အစီအစဉ်ရှိရှိနဲ့  ဖျက်ဆီးနေပါတယ်။ ဒီလိုဖျက်ဆီး နိုင်အောင် မြိုင်ကြီးငူဖုန်းကြီးက အားတက်သရော ကူညီပေးနေပါတယ်။ ကျနော်ဟာ ဗုဒ္ဓဘာသာ ကရင်လူမျိုး တဦးပါ။ ဖိုးခွားလို့ ခေါ်ပါတယ်။

ကျနော်ဟာ ဟိုး… မယ်နယ်ပလော မြစ်ဆုံအရေးခင်းဖြစ်ပြီးနောက် ဆရာပန်းခက်ရဲ့ အ ဆွယ်ကောင်းမှုကြောင့် ဒီကေဘီအေထဲကို ပါသူဖြစ်ပါတယ်။ ဗိုလ်မြ က ခရစ်ယန်တွေ ကိုပဲ အားပေးတယ် ဗုဒ္ဒဘာသာကရင်တွေကို နှိမ်ထားတယ်။ ဒီမခံခြင်စိတ်နဲ့  ဒီကေဘီ အေထဲကို ၀င်ခဲ့တယ်။

တကယ့် လက်တွေမှာတော့ ဒီကေဘီအေကလည်း ကျနော်တို့ ဗုဒ္ဓဘာသာကရင် အချင်း ချင်းကို နှိမ်လိုက်တာမှ မပြောပါနဲ့ တော့ဗျာ။ ငြိမ်းချမ်းရေးလုပ်ခဲ့ကြတဲ့ ဆယ်နှစ်ကျော်မှာ ဘယ်သူတွေ ကောင်းစားသလဲ။ အာဏာရလာတဲ့ သူတွေပဲ ကောင်းစားတော့ အားပါး.. လက်ကုန် စိတ်ဓါတ်ကျမိတယ်ဝေး။

ခုကြည့်လေ နအဖ က ဘာလုပ်လည်း။ ဒီကေဘီအေကို ကားပါမစ်တွေချပေးနေတယ်။ လက်နက်နဲ့ ပါမစ်နဲ့  လဲတယ်။ ဒီမိုကရေစီနဲ့  ကားပါမစ်နဲ့ လဲတယ်။ ဘောဒါဂတ် ပါမစ်နဲ့  လဲတာလို့ အောက်ခြေရဲဘော်တွေက ပြောနေကြပါတယ်။

အိုး ယောက်ဖရေ…

ကုန်ကုန်ပြောရရင်တော့ သူဂျီးဒေါ်ကြီးကိုပါ ကားပါမစ်နဲ့ လဲစားကြမယ့် ကောင်းတွေပဲ။

ဒီလိုဗျာ သန်းရွှေက ကား ၁၀ စင်း ပါမစ်ချပေးရင်။ နယ်မြေခံ စစ်တိုင်းမှုး၊ ဗျုးဟာမှုးတွေ က ၃ စီးဖိုးယူတယ်။ ဒီကေဘီအေကို ၇ စီးဖို။ဒီကေဘီအေက ၇၀ ရာခိုင်နှုန်း ၊ နယ်မြေခံ နအဖ တွေက ၃၀ ရာခိုင်နှုန်း စားကြတဲ့ သဘောပါ။ ကရင်လူထုကတော့ တစီးမှ မရဘူး ယောက်ဖရ။ မောင်ချစ်သူနဲ့ သူနောက်လိုက်တွေပဲ စားလိုက်ကြတာ။

နယ်စပ်တံခါးပိတ်ခ အနေနဲ့  ဒီကေဘီအေကို ကားပါမစ်တွေပေးပြီး ပါးစပ်ပိက်ထားခိုင်း လိုက်တာပေါ့ကွာ ။ ဒီကေဘီအေ ငြိမ်နေတာက ကားပါမစ်လေးတွေ မျိုးမျိုးမြက်မြက်ရ နေလို့ ပါ။ ကစထမှုး၊ တိုင်းမှုး၊ ဗျူဟာမှုး၊ ဒီကေဘီအေ ခေါင်းဆောင်တွေ ပေါင်းစားကြ တဲ့ သဘောပါပဲ။ ဒီကေဘီအေဟာ တော်လှန်ရေးပြန်လုပ်မလားလို့ မေးရင်တော့ တသိ ညားဘာ (ဘာသိမလဲ) လို့ ပြောရမလိုဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ခေါင်း ဆောင်တွေဟာ ဒေါ်လာသန်းနဲ့ ချီပြီး ချမ်းနေပြီလေ။

မောင်ချစ်သူဆိုရင် ကားပါမစ် အစီး ၂၀၀ ခန့်ရထားပါတယ်။ ဒေါ်လာနဲ့တွက်ရင် ဒေါ် လာ ၁၀ သန်းခန့် ရ ရှိနေပါတယ်။ ဒေါ်လာ ၁၀ ခန့်  ရခဲ့ပြီးဖြစ်တယ်။ကထစမှုး၊ တိုင်းမှုးတွေလည်း အလားတူ ဒေါ်လာ ၁၀ သန်းအထက်စီရခဲ့ကြပါတယ်။ အလားတူပဲ ကထစမှုး၊ တိုင်းမှုးတွေက ၃၀ ရာခိုင်နှုန်း စားကြတဲ့အတွက် ဒေါ်လာ ၃ သန်း စီလောက်တော့ ရပြီးဖြစ်ပါတယ်။

ဒါက ရွေးကောက်ပွဲမှာ လူတွေက အပြောင်းအလဲများဖြစ်မလားလို့ ထင်နေကြတာ။ ယောက်ဖ ၊ငါပြောမယ်။ ဒီကေဘီအေခေါင်းဆောင်တွေကို နအဖ က ငြိမ်ဆေးကျွေး လိုက်ပြီကွ၊ တနည်းအားဖြင့်ပြောရရင်တော့ လက်နက်နဲ့ ကားပါမစ်၊ စောဘဦးကြီးမူလေး ချက်ကို ကားပါမစ်နဲ့ လဲစားလိုက်ပြီလေ။ စောဘဦးကြီးမူလေးချက်က ကားပါမစ်ဖြစ်သွား ပြီကွ။

မြန်မာစစ်တပ်က ဗိုလ်ချုပ်တွေကတော့ ကရင်ဆိုရင် ဘယ်ကရင်မှ မကောင်းဘူး။ မယုံရ ဘူးလို့သူတို့ ပြောနေကြပါတယ်။ ငါတို့ မကြားတကြားပြောတာကွ။ မျောက်အမြီးနဲ့မျောက်ကို ပြန်ချီထားတာလို့ သူတို့ အချင်းအချင်းအရက်ဝိုင်းတွေမှာ စကားကျွံလာလေ့ရှိပါတယ်။ တို့ ပြောတဲ့အတိုင်းမလုပ်ရင် လင်းထင်လို့ ပဲ ဇတ်သိမ်းစေရမယ်လို့ လည်း အမူးလွန်လာရင် ကျွဲခိုးပေါ်သလိုပေါ်နေကြတယ်။

ဒီထဲမှာ ဗိုလ်နှုတ်ခန်းမွေး က တော့ ပြတ်ပြတ်သားသား ရပ်တည်နေဆဲ လို့ သိရပတယ်။ သူက ပေးတာယူကျွေးတာစား ၊ စောဘဦးကြီးမူ လေးချက်အတိုင်း ရပ်တည်နေဆဲဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ စောဘဦးကြီးမူလေးချက်ကို ကားပါမစ်နဲ့ လဲမစား ဘူးပေါ့ဗျာ။
ကရင်အကွဲအပြဲမှာ ဘယ်သူတွေကောင်းစားလဲ လို့  ငါပြောမယ်။ မင်းမှတ်ထား။

၁- မြိုင်ကြီးငူဘုန်းကြီး - ဘုရားတည်ခွင့်ရ၊ ကျောင်းဆောက်ခွင့်ရ၊ သွပ်ပြားပါမစ်ရ၊ ဘိ လပ်မြေပါမစ်ရ။
၂- မောင်ချစ်သူ- တနှစ်ကို ကားအစီး ၂၀၀ ပါမစ်ရ
၃- ကစထမှုး - သက်နိုင်ဝင်း - ကား ၂၀ ပါမစ်ရ
၎- တိုင်းမှုး - ထွန်းနေလင်း - ကားပါမစ်ရ၊ ဂိတ်ကြေးတွေရ
၅- စစ်ဗျူဟာမှူး ကျော်နိုင်ဦး၊ နိုင်ဝင်း ဂိတ်ကြေးတွေရ


မြိုင်ကြီးငူ ဘုန်းကြီးက တို့  ဘုန်းကြီးပဲ။ ဒါပေမဲ့ကွာ ဖုန်းကြီးက တလွဲတွေရှောက်လုပ်ခဲ့ တာ။ ကရင်ကိုကွဲအောင်လုပ်တာ သူလာရှင်းပေးတော့ပဲ။ ခုတော့ သူက သန်းရွှေဘုန်း ကြီးဖြစ်သွားပြီ။ သာမညတောင်ဆရာတော်ကြီးဆို မြိုင်ကြီးငူဖုန်းကြီးကို သူဆီမလာနဲ့  တော့လို့ မောင်းထုတ်ခဲ့တယ်။ တို့  ကရင်လူထုကတော့ ဟိုတုံးကလည်း ညာဦးထီး၊ (ငပိ)၊ ဒီနေ့လည်း ညာဦးထီး၊ မနက်ဖြန်ကော ညာဦးထီး ပါပဲလို့ ပြောရင်းနဲ့ပဲ ငါ့စာကို ရပ် တော့မယ်ကွာ နိဂုံးချုပ်လိုက်ပါတယ်။ ငါ ဖိုးခွားပါ ယောက်ဖရေ။ မဲဆောက်က လောက်ခေါင်လေး တပုလင်းလောက် အဆင်ပြေရင် ပို့ လိုက်ပါဦး ယောက်ဖရေ။


ဖိုးခွား(ဒီကေဘီအေ) နှင့် ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်။

25 October 2010

စစ်အာဏာရှင်နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲ မွန်ပြည်သစ် ပါတီမှ သပိတ်မှောက်ပြီ

NMSP Statement of Boycotting SPDC 2010 Elections (October 18 2010)

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ကျွန်ချောင်းနှင့် မြစ်ခြေကြားရှိ ပေါက်တောကျေးရွာ အနီးတွင် ရေနံပိုက်လိုင်းပေါက်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွား

မနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် စတင် မီးလောင်ကျွမ်းနေခြင်း ဖြစ်ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရတယ်။ ''ရေနံပိုက်လိုင်း ပေါက်ရာကနေ မီးလောင်တာလို့ သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ၁၄ ယောက် သေဆုံးပြီး ၅၈ ယောက် ဒဏ်ရာရရှိထားကြောင်း အေ အက်ဖ်ပီ သတင်းဌာနက ဖော်ပြထားသည်။

မုန်တိုင်းပြီးစ ကျောက်ဖြူမြင်ကွင်း ဓာတ်ပုံများ..




ပေးပို့လာသူ ကိုကျော်ဇောဝင်းအား ကျေးဇူးတင်ပါသည်..

ဒုတိယပင်လုံညီလာခံအကြို၊ နိုင်ငံရေးပေါင်းစည်းမှုအင်အား နဲ့ မြန်မာကွန်မြူနီတီ ညီညွတ်မှု ဦးဝင်းတင်နဲ့ မေးခွန်းများ

ယခုရက်သတ္တပတ်မှာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဆရာက အောက်တိုဘာ ၂၄၊ တနင်္ဂနွေနေ့၊ ချင်းပြည်နယ်၊ ကလေးမြို့မှာ ကျင်းပခဲ့တဲ့ ဇူးမီးအမျိုးသားကွန်ဂရက် ထူထောင်ခြင်း ၂၂ နှစ်ပြည့် ညီလာခံမှာ တောင်ပေါ်၊ မြေပြန့် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ စုပေါင်းပြီး ထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်အကြောင်း ပြောဖြစ်ပါတယ်။

“ပထမအချက်က ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည် ညီညွတ်ရေး စတဲ့ ရည်မှန်းချက်တွေကို မှန်ကန်တဲ့ ဦးဆောင်မှု ညီညွတ်မှုအင်အားနဲ့ ဆောင်ရွက်သွားကြမယ်။

ဒုတိယအချက်ကတော့ အခု၂၀၁၀ ရွေးကောက်ပွဲဟာ အထက်ပါ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးရဲ့ ညီညွတ်ရေး အင်အားနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ကြမယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြရမယ်လို့ ပြောတယ်။

သုံးအချက်ကတော့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး မှီတင်းနေထိုင်တဲ့ မြန်မာပြည်မှာ တပြည်ထောင်စနစ်နဲ့လည်း မဟုတ်ဘူး၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်ဘူး။ ဒီမိုကရေစီနည်းကျ လူမျိုးပေါင်းစုံ တန်းတူညီမျှ အတူတကွပေါင်းစည်းနေထိုင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ အားလုံး လက်တွဲပြီး နေထိုင်ကြမယ် ဆိုတဲ့ သံန္နိဋ္ဌာန် သဘောထား ရှိကြတယ်။ အဲဒါကို ဖြစ်ပေါ်စေဖို့ တိုင်းရင်းသားတွေအားလုံးနဲ့ စုဝေးပြီး ဒုတိယပင်လုံညီလာခံကို ခေါ်ယူကြမယ်ဆိုတာကို သဘောတူကြတယ် ဆိုတာက နံပါတ် ၃ အချက် ဖြစ်ပါတယ်။

အဲဒါကို ကြိုတင်ပြီး ဆွေးနွေးခဲ့ကြတယ်။ အဲသည် ကလေးမြို့အခမ်းအနားကို မသွားရောက်နိုင်တဲ့ ရန်ကုန်က နိုင်ငံရေးခေါင်းဆောင်တွေကလည်း သဘောတူတဲ့အကြောင်း လက်မှတ်ရေးထိုးခဲ့ကြတယ်။ ကလေးမြို့ညီလာခံမှာလည်း တက်ရောက်သူအားလုံးက သဘောတူ လက်မှတ်ထိုး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ အသက် ၉၀ ကျော် ၈၀ ကျော်တွေကလည်း ၀ိုင်းပြီး လုပ်နေကြတာ ဖြစ်တယ်။ ကျနော်တို့ဆီက ၀ိုင်းဝန်းပြီးတော့ ထောက်ခံဆောင်ရွက်နေကြတယ်။ တိုင်းရင်းသားအဖွဲ့တွေကလည်း ၀မ်းသာအားရ ဖြစ်ကြတယ်။ ကျနော်တို့ အင်န်အယ်ဒီက ဦးတင်ဦးတို့ ဦးဝင်းတင်တို့ကိုလည်း လက်မှတ်ထိုးပါ ဆိုလို့ ဖိတ်ခေါ်လို့ လက်မှတ်ထိုးပေးခဲ့ပြီးပြီ ဖြစ်တယ်။ ၀ါရင့်နိုင်ငံရေးသမားကြီးတွေလည်း ပါကြတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း တိုင်းရင်းသားတွေ အားလုံး အတူတကွ တညီတညွတ်တည်း တစုတစည်းတည်း ဖြစ်မှုကို တွေ့ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

အဲသည်မှာ မေးတဲ့မေးခွန်းကတော့ - ဒုတိယအချက်မှာ ပြောထားသလို ၂၀၁၀ ရွေးကောက်ပွဲကနေ ဒီမိုကရေစီရေးကို မဖော်ဆောင်နိုင်ဘူးလို့ ပြောထားတဲ့အတွက်၊ မဲဆန္ဒရှင် ပြည်သူတွေရဲ့ သဘောထားတွေက ဘယ်လိုရှိနေသလဲ ဆိုတာ ဖြစ်ပါတယ်၊

“အခုဟာက ပြန်ကြည့်လိုက်ရင် - အစပိုင်းမှာ အင်န်အယ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ် လို့ ပြောလိုက်တဲ့အခါကျတော့ ပြည်သူအများစုမှာက အနည်းနဲ့ အများတော့ သံသယရှိခဲ့ကြတယ်။ သူတို့ ဒီလိုလုပ်တာ မှန်ပါ့မလားပေါ့။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် လမ်းလို့ ပြောတဲ့သူတွေကလည်း ရှိကြတာကိုး။ ပြီးတော့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲကို မ၀င်ဘူး၊ သပိတ်မှောက်တယ် လို့ ပြောလိုက်ရတာက စစ်အစိုးရရွေးကောက်ပွဲဥပဒေအရ ပါတီရဲ့ တရားဝင်ရပ်တည်ခွင့်ကိုပါ စွန့်လွှတ်ပြီးတော့ သပိတ်မှောက်တယ်လို့ ပြောလိုက်ရတာကိုး။

ရွေးကောက်ပွဲဆိုတာ ဖြစ်သန်းရတဲ့ ဖြစ်စဉ်တခုမျှသာ ဖြစ်တယ်။ နောက်ပြီးတော့ အိုဘားမားပြောခဲ့သလိုပေါ့ကွာ။ ရွေးကောက်ပွဲဆိုတာက သန့်ရှင်းတယ်၊ တရားမျှတတယ် ဆိုယုံနဲ့လည်း ပြီးတာ မဟုတ်ဘူး။ ရွေးကောက်ပွဲပြီးသွားရင်ကော ဘာဖြစ်မှာလဲ ဆိုတာကလည်း အရေးကြီးတယ်တဲ့။ ရွေးကောက်ပွဲပြီးသွားရင်ကော Good Governance ဆိုတဲ့ စစ်မှန်တဲ့ အစိုးရတရပ် ဖြစ်ပေါ်လာမှာလား ဆိုတာက အဓိကကျတယ်။ ဒီလိုမျိုး Good Governance ကို ဦးမတည်နိုင်ရင် အလကားပဲ ဖြစ်တယ်။

ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအဖွဲ့အစည်းတွေက ဖြတ်သန်းရတယ်။ ရွေးကောက်ပွဲကို ဖြတ်ကျော်လိုက်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲပြီးသွားတဲ့အခါ ဗြိတိန်မှာပဲ ဖြစ်ဖြစ်၊ အမေရိကန်မှာပဲ ဖြစ်ဖြစ် အာဏာရဖို့တင် မဟုတ်ဘူး။ ပြည်တွင်း ပြည်ပ နိုင်ငံရေးကိစ္စတွေမှာ ပြည်သူတွေနဲ့အတူ အစိုးရအဖွဲ့အသစ် ပေါ်ထွန်းလာပြီးတော့ Good Governance အတွက် ပိုမိုကောင်းမွန်တိုးတက်မယ် ဆိုတဲ့ မျှော်လင့်ချက်ကို ဦးတည်နေကြတာ ဖြစ်တယ်။

အခုဒီမှာ ဖြစ်နေတာကို ပြန်ကြည့်လိုက်ကြတော့၊ ရွေးကောက်ပွဲအချိန်နီးလာတဲ့အမျှ၊ ရွေးကောက်ပွဲအကြိုကာလမှာတင်ကို မတရားမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ အများကြီးကို ပေါ်ပေါက်လာပြီ ဖြစ်တယ်။ စစ်အစိုးရရဲ့ ဘီလူးအစွယ်ထုတ်ပြတဲ့အခါကျတော့ ပြည်သူတွေက အင်န်အယ်ဒီ ရပ်တည်ချက်က မှန်ပါလားလို့ စိတ်တွေ ဖြစ်လာတယ်။

နောက်ပြီးတော့ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီကို ဦးတည်တဲ့ Good Governance ကို ဖော်ဆောင်နိုင်မယ်ဆိုတာကို မျှော်လင့်ပြီး ရွေးကောက်ပွဲဝင်ကြတဲ့ နိုင်ငံရေးပါတီတွေ၊ တတိယအုပ်စုလို အင်အားစုတွေ ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲအလွန်ကို မပြောနဲ့ဦး အခုလို ရွေးကောက်ပွဲအကြိုကာလမှာတောင် ဒီမိုကရေစီ ဆိုတဲ့ စကားတွေကိုတောင် သုံးနှုံးခွင့်မရှိအောင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်ထားတာကို ခံနေကြတယ်။ ဘာအခွင့်အရေးတောင်မှ မရှိဘူး ဖြစ်လာတယ်။ သူတို့တွေကိုယ်တိုင်တောင် မသေချာတဲ့ အခြေအနေဖြစ်လာတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် Good Governance ကိစ္စကို အသာထားဦး၊ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အချက်တခုကတော့ - ၂၀၀၈ အခြေခံဥပဒေဆိုတာကြီးက ရှိနေတယ်။ ဒါကိုလည်း ကျနော်တို့ကို ပစ်ပယ်ထားလို့ မရဘူး။ ဒါဟာ မှားယွင်းတဲ့ အခြေခံဥပဒေဖြစ်တယ်ဆိုပြီးတော့ အင်န်အယ်ဒီပါတီက ထောက်ပြထားပြီး ဖြစ်တယ်။

အဲဒီအချက်တွေကြောင့် ပြည်သူလူထုမှာ အနည်းနဲ့ အများ သဘောာပေါက်လာကြပြီ ဖြစ်တယ်။ ပြည်သူတွေထဲမှာ သည်ရွေးကောက်ပွဲဟာ ဟန်မကျဘူး။ မဟုတ်ဘူးဆိုတာ တလပြီး တလ၊ တနေ့ပြီး တနေ့ သဘောပေါက်လာကြတယ်။ အမှန်ကို မြင်လာကြပြီ ဖြစ်တယ်။ အခုလိုမျိုး ပြည်တွင်းမှာ လူထုသဘောထားက ရှိလာကြပြီ၊ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက အခုလိုမျိုး ဒုတိယပင်လုံညီလာခံလိုမျိုး ပေါ်ထွန်းလာဖို့ တောင်းဆိုမှုတွေ ပေါ်ထွန်းလာရတယ်။ ဒါကိုလည်း ပြည်သူတွေက လိုအပ်ချက်အဖြစ်၊ နိုင်ငံရေးပေါင်းစည်းမှု အဖြစ် မြင်လာကြလိမ့်မယ်လို့ ပြောချင်တယ်။

အဲသည်မှာ မေးခွန်းတခုကတော့ - ပြည်တွင်းက ပြည်သူတွေရဲ့ သိသာထင်ရှားတဲ့ အသံတွေ၊ သဘောထားတွေ ထုတ်ဖော်ပြသခွင့် မရှိအောင် ဖိနှိပ်ခံထားရတဲ့အချိန်မှာ ပြည်ပက မြန်မာပြည်သူတွေရဲ့ အခမ်းကဏ္ဍကိုကော ဆရာဦးဝင်းတင်တို့က ဘယ်လို သဘောထားသလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ဟုတ်တယ်။ ကျနော်က ဒါကို တဆက်တည်း ပြောချင်တယ်။ အခုလိုမျိုး ပြည်တွင်းမှာ အင်န်အယ်ဒီတို့လို၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေက တိုင်းပြည်မှာ ဒီမိုကရေစီရေး ဖော်ဆောင်နိုင်ဖို့ လမ်းတွေ၊ သဘောထားတွေ၊ သံန္နိဋ္ဌာန်တွေ ချမှတ်ပြီး ဖော်ဆောင်နေချိန်မှာ၊ ပြည်တွင်းက အဖိနှိပ်ခံထားရတဲ့ ပြည်သူတွေက ဘာမှ ထုတ်ဖော်ပြောဆိုခွင့် မရကြဘူး။ အဲသည်လို အချိန်မှာ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေက သူတို့သဘောထားကို ထုတ်ဖော်ပြသကြတယ်လို့ ကြားသိရတယ်။ အယင်အပတ်က အမေရိကန်ပြည်က ပြည်နယ် ၄၊ ၅ ခု မှာ ရောက်ရှိနေထိုင်ကြတဲ့ မြို့နယ် ၁၄ မြို့နယ်က မြန်မာကွန်မြူနီတီတွေက တစုတစည်းတည်း သဘောထားတွေ ထုတ်ပြန်ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံဘူး၊ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ ဘယ်ရလဒ်ကိုမှ လက်ခံခြင်း မရှိဘူးလို့ တစုတစည်း၊ တညီတညွတ်တည်း ပြောလိုက်တယ် လို့ ဆိုတယ်။

အခုချိန်မှာ ပြည်တွင်းက ပြည်သူတွေက သဘောပေါက်စ ပြုနေပြီ။ အင်န်အယ်ဒီပါတီက အောက်ခြေတွေအထိ ဆင်းပြီး ရှင်းလင်းမှုတွေ ပြုတဲ့နေရာမှာ အခု နောက်ဆုံးအဆင့်အနေနဲ့ ကျေးလက်တွေအထိပါ ဆင်းပြီး ပြောပြနေတယ်။ လူထုရဲ့ သဘောပေါက်မှုဟာ မြင့်မားလာနေတယ်။ သို့သော် လူထုဟာ ထုတ်ဖော်ပြောခွင့် မရကြတော့ သူတို့တွေရဲ့ ရွေးကောက်ပွဲ အပေါ်မှာ ကန့်ကွက်မှုတွေ၊ မကျေနပ်မှုတွေကို အများက သိရှိခွင့် မရကြဘူး။ အဲသည်လို အခြေအနေမှာ ပြည်ပက မြန်မာကွန်မြူနီတီကနေပြီးတော့ ပြည်တွင်းက ပြည်သူတွေရဲ့ သဘောထားတွေ ကိုယ်စားထုတ်ဖော်ပေးတယ်လို့ ကြားသိရတဲ့အတွက် အင်မတန်မှ အဖိုးတန်တယ်လို့ ပြောချင်ပါတယ်။

သည်လိုမျိုး ကြိုတင်သဘောထားတွေ ထုတ်ပြန်ထားတာကို ပြည်တွင်းက မြန်မာတွေက သိရှိသွားကြတဲ့အခါမှာ နောက်ဆုံး မဲပေးတဲ့နေ့ကို ရောက်လာကြရင် မဲမပေးဘဲ နေကြမယ်။ မဖြစ်မနေ မဲရုံထဲ တွန်းပို့ခံကြရရင်တောင်မှ ပြည်သူတွေဟာ သူုတို့ရဲ့ သဘောထားမှန်ကို အဲသည်မှာ ထုတ်ဖော်ပြသကြလိမ့်မယ်လို့ ယုံကြည်တယ်။ အခက်အခဲတွေကတော့ အများကြီးနဲ့ရင်ဆိုင်ကြရမှာပါပဲ။ သို့သော် ရွေးကောက်ပွဲဟာ ပြည်သူ့အစိုးရဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ မျှော်လင့်ချက်မရှိဘူး။ နောက်ဆုံးတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေအတိုင်း စစ်အာဏာရှင်တွေ တည်မြဲဖို့ပဲ ဖြစ်တယ်ဆိုတာကို ပြည်သူတွေကြားမှ သိရှိမှု၊ နိုးကြားမှုတွေ ပိုမိုပြီး ပြန့်နှံ့စေတယ်ဆိုတာကိုတော့ ပြောရမှာ ဖြစ်ပါတယ်။

အခုအချိန်မှာ ကျနော် ရှေ့က အင်တာဗျူးမှာ ပြောခဲ့သလို နိုင်ငံရေးစုစည်းမှု အင်အားတွေ ဖြစ်ပေါ်လာတယ်လို့ ပြောချင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးကို ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားတွေကိုယ်တိုင်ပါ ပါဝင်ပြီး ဆောင်ရွက်နိုင်တဲ့ အဆင့်တွေ ဖြစ်လာတယ်။ စစ်အာဏာရှင်တွေရဲ့ရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ အခြားတဖက်မှာ ကျနော်တို့ ဒီမိုကရေစီရေးအင်အားစုတွေ စုစည်းမိလာတယ်။ ညီညွတ်လာကြတယ်။ ဒါမျိုး ပြောချင်ပါတယ်။

ပေးပို့ ပေးသော ကိုမောင်ရစ် အားကျေးဇူးတင်ရှိပါသည်.။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သုတေသနပြုလိုသူများအတွက်


မေယုသင်္ဘော ရေချစဉ်က

(၁)

မည်သည့်ပညာရပ် နယ်ပယ်ဖြစ်စေ၊ သုတေသနမရှိပါက မတိုးတက်ဟု ဆိုရိုးစကား ရှိပါ သည်။ ပညာရပ်နယ်ပယ် အသီး သီးတွင် သုတေသီများက ဆိုင်ရာ ပညာရပ်အတွက် သုတေသနများ ပြုကြပါသည်။ သုတေသန တွေ့ရှိချက် ခိုင်မာပါက၊ ပညာရှင် များက လက်ခံပါက ယခင်က သိခဲ့မှတ်ခဲ့သည်များနှင့် ပြောင်း ပြန်ဖြစ်ကုန်သော ရလဒ်များ လည်း ရှိပါသည်။ ဥပမာ- ရာဇကုမာရ်သည် ကျန်စစ်သားမင်းကြီး၏ သား မဟုတ်၊ ကျန်စစ်သားမင်းကြီး ကြည့်ရှုစောင့်ရှောက်ခဲ့သော အမတ်သာဖြစ်သည်ဟု ဘာသာစကားရှုထောင့်၊ သမိုင်း ရှု ထောင့်အရ အခိုင်အမာ သုတေသနတွေ့ရှိချက်များ၊ ၁၉၇ဝ မှ ၂ဝဝ၃ ကြားပေါ်ထွက်ခဲ့ပါသည်။ အများစုက လက်မခံနိုင်ကြပါ။ သမိုင်း ခေါက်ရိုးကျိုးကာ သား ဟုသာ စိတ်ခံစားချက်အရ လက်ခံနေကြဆဲ ဖြစ်ပါသည်။

(၂)

၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း ၏ စာတည်းမှာ မောင်ညိုမြ။ အယ်ဒီတာအဖွဲ့ကား မောင်ညို မြ၊ မန်နေဂျာ မောင်ညိုထွန်းနှင့် အတွင်းရေးမှူး မောင်ဆုမြိုင်တို့ ဖြစ်ကြပါသည်။

(၃)

တက္ကသိုလ်များ သမိုင်း သု တေသနဌာနသည် ၁၉၅၅ ခုနှစ် က စတင်တည်ထောင်ခဲ့သည့် သမိုင်းကော်မရှင်အဖွဲ့ မှ မြစ်ဖျားခံ ပေါက်ဖွားခဲ့သည့် သမိုင်းသုတေသန အဖွဲ့ဖြစ်ပါသည်။ ဦးမြဟန် သည် ထိုဌာနမှ သုတေသနမှူး တစ်ဦး ဖြစ်ပါသည်။ တက္ကသိုလ်များ သမိုင်း သုတေသနဌာနရှိ သမိုင်း သုတေသီများသည် မြန်မာ့သမိုင်းကို ခေတ်အလိုက် ပိုင်းခြား တာဝန် ယူ သုတေသနပြုခြင်း၊ မြန်မာ နိုင်ငံ၏ အရေးကြီးသော လူ ပုဂ္ဂိုလ်၊ သမိုင်း ဖြစ်ရပ် များအား သုတေသနပြုခြင်းလုပ်ငန်းများ ကိုဆောင် ရွက်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် အထက် ပါ ဌာနက နှစ် ၅ဝ ပြည့် မြန်မာ လွတ်လပ်ရေး ရွှေရတု အထိမ်းအမှတ် အဖြစ် ‘ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ’ အမည်ဖြင့် ဗိုလ်ချုပ် အောင်ဆန်း ရေးသားခဲ့သော စာ များအကြောင်း၊ သုတေသန ပြု၍ ထုတ်ဝေခဲ့ပါသည်။ သုတေသီကား ဆရာဦးမြဟန်ဖြစ်ပါသည်။ ထိုစာအုပ်တွင် ဗိုလ်ချုပ်ရေး သားခဲ့သော စာများကိုသာမက ဗိုလ်ချုပ်နှင့် ပတ်သက်၍ လူသိနည်း သော ဖြစ်ရပ်တချို့ကိုပါ ပြန်လည် ဖော်ပြခဲ့ပါသည်။ ဥပမာ-၁ သြဂုတ် ၁၉၄၃ ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာတွင် ဖော်ပြခဲ့သော ‘ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံ’ ဆောင်းပါး ဖြစ်ပါသည်။ စာအုပ်တွင် ဖော်ပြခဲ့သော ဗိုလ်ချုပ်၏ လက်ရာ များမှာ -

၁။ Burma and Buddhism
၂။ Freedom of Dress in Schools
၃။ မင်းကြီးဦးမင်းရောင်
၎။ လောကဝိဟာ
၅။ ကျောင်းသားဝတ္တရား
၆။ နိုင်ငံရေးအမျိုးမျိုး
၇။ ကမ္ဘာစစ်နှင့် ဗမာ
၈။ ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ
၉။ ကိုယ်ရေးအတ္ထုပ္ပတ္တိ
၁ဝ။ ဗိုလ်ချုပ်နှင့် စာပေ
၁၁။ Life Sketch of the Author, Burma’s Challenge
တို့ ဖြစ်ကြပါသည်။

ဗိုလ်ချုပ်အမှာစာ ရေးပေးခဲ့ သည့် စာအုပ်များမှာ -

၁။ သေနင်္ဂဗျူဟာစစ်သမိုင်း
၂။ တိုင်း-၆ စာစောင်
၃။ မြန်မာ့သူရဲကောင်း ဗိုလ်မှူးကြီးဗထူး
၎။ ဇဝနဂျာနယ်
၅။ ဒီးဒုတ်ဂျာနယ်
တို့ ဖြစ်ကြပါသည်။

ထိုစာအုပ်ကို တက္ကသိုလ်များ သမိုင်းသုတေသနဌာန မှ အချိန်ပိုင်း သုတေသီ ဦးသက်ထွန်း (အငြိမ်း စားသံအမတ်ကြီး) က အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ကို သီးခြားထုတ်ဝေခဲ့ပါသည်။ ဖေဖော်ဝါရီ ၂ဝ၁ဝ တွင် ဆရာဦးမြဟန်၏ မြန်မာဘာသာ ဖြင့် ရေးသားချက်နှင့် ဆရာကြီး ဦးသက်ထွန်း အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုထားသည်များ ပူးတွဲ လျက် အင်္ဂလိပ် -မြန်မာ နှစ် ဘာသာ (Bilingual)ဖြင့် ဒုတိယ အကြိမ် ထပ်မံ ပုံနှိပ်ခဲ့ပါသည်။ ပထမအကြိမ် ပုံနှိပ်ခြင်းကို တက္ကသိုလ် များ သမိုင်းသုတေသန ဌာန အတွက် အင်းဝစာအုပ်တိုက် က ပုံနှိပ်ပေးခဲ့ပါသည်။ အားမာန်သစ် စာပေက ဒုတိယ အကြိမ် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။

(၄)

Aung San of Burma စာအုပ်ကို ဒေါက်တာမောင် မောင်က စုစည်းပြီး ယေးလ် တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာနက အင်္ဂလိပ် ဘာသာဖြင့် ၁၉၆၂ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထို စာအုပ်တွင် အခန်း (၅) ခန်း ပါဝင်ပါသည်။ အခန်း (၁) အောင်ဆန်း၏ ပုံရိပ်လွှာ၊ အခန်း (၂) စစ်နှင့် ခုခံ ကာကွယ်ရေး၊ အခန်း(၃) မြန်မာ့လွတ်လပ်ရေး ကြိုးပမ်း အောင်မြင်မှုများ၊ အခန်း (၄) အောင်ဆန်း၏ ဥာဏ်ပညာ အမြော်အမြင်၊ အခန်း (၅) အောင်ဆန်းအကြောင်း ချီးကျူး ရေးသားချက်များဖြစ်ပါသည်။ အခန်း (၁)၊ (၂)၊ (၃) နှင့် (၅) ပါ ရေးသားချက်များသည် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ထိုစဉ်က မြန်မာနိုင်ငံရှိ ထင်ရှား ကျော်ဇောနေသူများ၊ ထိပ်သီး များက ဝိုင်းဝန်းရေးသားကြခြင်း ဖြစ်ပါသည်။ အခန်း (၄) ပါစာ များမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းနှင့် ရေးသားချက်များမှ ကောက်နုတ်ဖော်ပြချက်များ ဖြစ် ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားကြသူများမှာ ပြည်တွင်း ပြည်ပနှစ်ဌာနမှ မြန်မာများနှင့် နိုင်ငံခြားသားများဖြစ်ကြပါသည်။ ခြွင်းချက်အနေဖြင့် အခန်း (၁) ခေါင်းစဉ်လာ Self-Portrait သည် ဗိုလ်ချုပ်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သုတေသနပြုလိုသူများအတွက် အထောက်အကူပြုနိုင်ရန် ရည် ရွယ်ရေးသားပါသည်။

ရေးသားသူ.....ခင်နှင်းဦး


အလံကလေးတွေ တလူလူ

ကျေးဇူးရှင် စွန်းလွန်းဆရာတော်ဘုရားကြီး
၁၉၈၅-ထုတ် သာရဏီယကထာမှ

လူတွေသည် ကိုယ့်ဘာသာ နှင့် ကိုယ်အလံကလေးတွေ တလူလူနှင့် သွားလာလှုပ်ရှား နေကြသည်။ ကြည့်တတ်သူတိုင်း မြင်လိမ့်မည်။ အလံဆိုသည်မှာ ဒေါသအလံ၊ လောဘအလံ၊ မာနအလံ၊ သီလအလံ၊ သမာဓိ အလံ၊ ပညာအလံ။ အဲဒီ အလံကလေးတွေသည် လူတိုင်း တွင် ကိုယ့်အလံနှင့်ကိုယ်၊ ကိုယ့် ဘာသာကိုယ် ပြောဆို လှုပ်ရှား သွားလာနေ ထိုင်ကြသည်ပါပဲ။

အဲဒါကို သိချင်လျှင် အပြောအဆို အနေအထိုင် အသွားအလာ အမူအရာ ဟူသမျှမှာ ကြည့်၊ လောဘ ဒေါသ မောဟ အလံက ရှေ့နားက ကပ်လျက် ထွက်လာသည်။ သီလ သမာဓိ ပညာအလံက သူများသိစေလို သောစိတ်မပါဘဲ နောက်က သူ့ဟာ သူထွက်နေသည်။ လောဘအလံ ဟာ လွန်လာလျှင် လက်နှင့်ကိုင်ပြ သကဲ့သို့ ထင်ရှားလာတော့သည်။ သည့်ထက် လွန်ကဲလာလျှင် မြှောက်ပြသလိုဖြစ်တော့သည်။


လောဘ အစရှိသော ကိလေ သာတရားများသည် မဂ်ဖြင့် မပယ် သေးသမျှ ကာလပတ်လုံး ပုထုဇဉ် ဟူသမျှမှာ ရှိနေသောတရားဖြစ်ပါ သည်။ သို့သော်လည်း လောဘ ကင်းရှင်းစင်ကြယ်အောင် တရား အားထုတ်နေသော ယောဂီများ သည် ဝိသမလောဘ မဖြစ်ရအောင် သတိပြု သတိထားရန်ဖြစ်ပါသည်။ ဒါ့ကြောင့် နောက်က ဖြူစင်စွာထွက် နေသောအလံသည် ရှေ့သို့မရောက် ပါစေနှင့်။ ရှေ့ရောက်လာလျှင် ဖြူသောအဆင်းဟာ ညစ်နွမ်းသွား လိမ့်မည်။ မြှောက်၍ပြလျှင် အဖြူ ပျောက်ကင်း မည်းနက်သော အဆင်းသာလျှင် ဖြစ်ရတော့သည်။

......................................................................................................
ဤအလံသည် သွေးများစွန်းနေသောလက်ဖြင့်မြှောက်၍ပြလျှင်

အဖြူပျောက်ကင်း


မည်းနက်သော အဆင်းသာလျှင်ဖြစ်ရတော့မည်ပေါ့..
..

မြန်မာပြည်က လယ်သမားတွေကတော့သဖန်းသီး ကြည့်ပြီး မိုးလေဝသ ခန့်မှန်း

လာနီညာနှင့် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များကို မသိရှိ သော်လည်း သဖန်းသီး သီးသည့် အခြေအနေကိုကြည့်ပြီး မိုးနှောင်း ကောင်းမည်ကို သိရှိကြကြောင်း ချောင်းဆုံမြို့မှ လယ်သမားတစ်ဦး က ပြောသည်။


”သဖန်းပင်မှာ သဖန်းသီးတွေက စပါးမစိုက်မီ ကဆုန်၊ နယုန် လောက်မှာ သီးတယ်။ သဖန်းသီး က အပင်ရဲ့ အမြင့်ဆုံးနေရာတွေ မှာသီးရင် မိုးဦးကောင်းမယ်။ အပင်ရဲ့အလယ်မှာသီးရင် မိုးလယ်ကောင်းမယ်။ အပင်ရဲ့ အောက်ခြေပိုင်းမှာသီးရင် မိုးနှောင်းကောင်းမယ်လို့ ရှေးလူကြီးတွေ လက်ထက်ကတည်းက ဆိုခဲ့တယ်။ ဘယ်သူက စပြောသလဲ ဆိုတာတော့ မသိဘူး။ ကျွန်တော့်ရဲ့ တစ်သက်တာပတ်လုံးတော့ သဖန်းသီးကတော့ မှန်နေတာပဲ။ ဒီနှစ်က သဖန်းပင်ရဲ့ အောက်ခြေပိုင်းမှာသီးလို့ မိုးနှောင်းကောင်းမယ်ဆိုတာ သိထားတယ်” ဟု ချောင်းဆုံမြို့နယ် ပုရစ်ကလေး ကျေးရွာရှိ လယ်သမားကြီးတစ်ဦး က ပြောသည်။


ချောင်းဆုံမြို့မှ လယ်သမား အများစုမှာ သဖန်းသီး သီးပုံကို ကြည့်၍ စပါးအမျိုးအစား ရွေးချယ် စိုက်ပျိုးကြသည်။ ယခုနှစ်တွင် သဖန်းသီး နိမိတ်ပုံအရ မိုးနှောင်းကောင်းမည်ဟု ယုံကြည်သောကြောင့် ဇန်နဝါရီလောက်မှ ရိတ်သိမ်းရသော ကောက်လတ်နှင့် ကောက်ကြီးကို အဓိကထား စိုက် ကြပြီး နိုဝင်ဘာတွင် ရိတ်ရသော ကောက်သစ်ကိုမူ အနည်းငယ်သာ စိုက်ပျိုးကြသည်ဟု ၄င်းက ထပ်လောင်းပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက တရားဝင်ထုတ်ပြန်ထားပေမယ့် ဗြောက်အိုးသံကြောင့် ထိတ်လန့်အိပ်ရေးပျက်ရတာပါဘဲ...

လှိုင်မြို့နယ် ၁၁ ရပ်ကွက်၊ ပြည်လမ်းနှင့် ဓမ္မာရုံလမ်းထောင့်အနီး တွင် သီတင်းကျွတ်မတိုင်ခင်တည်းကညတညကဖြစ်ရပ်တခုမှာ ည ၁ဝ နာရီ ၁ဝ မိနစ်ဝန်းကျင်ခန့်အချိန် ၌ ဗြောက်အိုးများ ဖောက် မှုကြောင့် ထိတ်လန့်မှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူ များက ပြောသည်။”

ဖောင်းဖောင်းဆိုပြီး ၂ ချက် ထွက်ပြီး နောက်ငါး ချက်ဆက်တိုက် အသံထွက်လာတော့ ဘာဖြစ်သလဲ ဆိုပြီး ထွက်ကြည့်တာပါ။ လမ်းထိပ် ရောက်မှ ဗြောက်သံဆိုလို့ အိမ်ပြန် ခဲ့တာ”ဟု ဓမ္မာရုံလမ်းပေါ်နေထိုင်သူ တစ်ဦးက ပြော သည်။ယင်းဗြောက်သံကြောင့် လမ်းမ ပေါ်နေထိုင်သူများအပြင် လမ်းသွယ် အတွင်းနေထိုင်သူများပါ လူအများ အပြား ထွက်ကြည့်ကြသည်ဟု သိရသည်။’

‘အိမ်တောင်အိပ်နေပြီ။ သေ နတ်သံထင်ပြီး ထကြည့်တာ။ ဗြောက်ဖောက်သံဖြစ်နေတယ်”ဟု အိမ်ရှင်မ တစ်ဦးက ပြောသည်။ သီတင်း ကျွတ် အခါကြီး ရက် ကြီးကာလတွင် ဗြောက်အိုးဖောက် ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူခံရမည်ဖြစ် ကြောင်း၊ ဗြောက်အိုးဖောက်ခြင်း၊ ရောင်းချခြင်းများကို သတင်းပေးနိုင် ပါက ထိုက်တန်စွာ ဆုချီးမြှင့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက တရားဝင် ထုတ်ပြန် ထားပေလိုသာပါဘဲရှင်..။

ပေါင်ပေါ်တွင် လက်တော့ပ်ကို အချိန်ကြာကြာ တင်ပြီးသုံးပါက အရေပြားကိုထိခိုက်

နေ့စဉ် လက်တော့ပ်များကို ပေါင်ပေါ်တွင်တင်၍ အသုံးပြုခြင်း အားဖြင့် လက်တော့ပ်မှ အပူရှိန်ကြောင့် အသားများကို လောင်စေပြီး နီခြင်း၊ အမည်းကွက်များဖြစ်ပေါ် ခြင်းတို့ ဖြစ်ပေါ်စေကြောင်း သိရသည်။ ထိုသို့ဖြစ်ခြင်းသည် မပျောက်ကင်းတော့ဘဲ ကာလရှည်စွာ စွဲကျန်ခဲ့ကြောင်း၊ ထို့ကြောင့် ရှားရှားပါးပါး ဖြစ်ခေါင့်ဖြစ်ခဲဟု ဆိုသော်လည်း အရေပြားကင်ဆာပါ ဖြစ်နိုင်ခြေရှိသဖြင့် သတိထားသင့်ကြောင်း ဆရာဝန်များက သတိပေးလိုက်သည်။ ကွန်ပျူတာမှ လွှတ်ထုတ်သောအပူကြောင့် အရေပြားမှာ ပေါင်မုန့်မီးကင်ထားသကဲ့သို့ ဖြစ်ပြီးအဖုအပိမ့်များ ထွက်လာစေကြောင်း သိရသည်။ ပုံမှန်မီးဖိုများအနီးတွင် အပူဒဏ်ဖြင့် အလုပ်လုပ်နေရသူများကဲ့သို့ ပင် လက်တော့ပ်များသည်လည်း အလားတူ ဆိုးကျိုးများရှိကြောင်း သိရသည်။


ကွန်ပျူတာဂိမ်းကို လက်တော့ပ်ဖြင့် လနှင့်ချီကာနေ့ စဉ်လိုလို ပေါင်ပေါ်တင်ကစား နေခဲ့သော အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး၏ ပေါင်တွင်အပူကြောင့် ပြန်မပျောက်တော့သော ဒဏ်ရာ ဖြစ်ကျန်ခဲ့သည်။ အခြား ထိုသို့ အသုံးပြုတတ်သူများတွင် လည်း အရေပြားကို အရောင်ပြောင်းစေကြောင်း တွေ့ခဲ့ရသည်။ ကွန်ပျူတာမှ လွှတ်ထုတ်သောအပူကို အဏုကြည့်မှန်ဖြင့် လေ့လာခဲ့ရာ နေရောင်ပြင်းပြင်းကို ကြာ ရှည်ခံသကဲ့သို့ပင် အရေပြားကို ဆိုးကျိုးဖြစ်စေကြောင်း တွေ့ရှိခဲ့ရသည်။ Apple, Hewlett Packard, Dell စသည့် တံဆိပ်များဖြင့် ပေါင်ပေါ်တွင် လက်တော့ပ်ကို ကြာရှည်တင်သုံးလျှင် အန္တရာယ်ရှိကြောင်း User Manual တွင် ဖော်ပြထားသည်။ သို့သော် ကြာရှည်စွာအသုံးပြုမှ ထိုသို့ ဆိုးကျိုးများရနိုင်သဖြင့် အလွန် အမင်း စိတ်ပူရန်မလိုဟု အင်္ဂလန် အရေပြားရောဂါကု ဆရာဝန်များအသင်းက ဆိုသည်။

ကလေးမြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်း

Kalay Township Decision Announcement

24 October 2010

ဆိုင်ကလုန်းမုန်တိုင်းဂီရိရခိုင်ကမ်းရိုးတန်းဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဖြတ်ကျော်ဝင်ရောက်၊ဒေသအချို့တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့


စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့နယ်၊ ကျော်မင်းကျေးရွာအနီး မြောင်-ကျော်ရစ်-ပရိမ္မ လမ်းပိုင်းတွင်
မုန်တိုင်းမိုးကြောင့် သစ်ပင်ကြီးလဲကျကာ လမ်းပိတ်ဆို့နေသည်ကို အောက်တိုဘာလ (၂၃) ရက်နေ့က တွေ့ရစဉ်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဂီရိသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့ကို အောက်တိုဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက် နေ့တို့တွင် ဖြတ်ကျော်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဘင်္ဂလားပင်လယ်အော်၌ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းတည်ရှိနေ ခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်။




မင်းဘူးမြို့၊ ပြည်တော်သာလမ်းတွင် သစ်ပင်လဲကျပြီး အုတ်တံတိုင်းပြိုကျစဉ်

အောက်တိုဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီခန့်၌ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သောမုန်တိုင်းငယ် သည် ပိုမိုအားကောင်းလာကာ ဆိုင်က လုန်းမုန်တိုင်း ဂီရိအဖြစ်သို့ရောက်ရှိ ပြီး ကျောက်ဖြူမြို့၏အနောက် တောင်ဘက် မိုင် ၁၈၀ ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေခဲ့သည်။ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှ နောက် ၃၆ နာရီအတွင်းရခိုင် ပြည်နယ် ကျောက်ဖြူမြို့နှင့်စစ်တွေ မြို့အကြားကို ဖြတ်ကျော်မည်ဟု ခန့် မှန်းထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် ခဲ့သည်။



မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီး စစ်ကိုင်း-မုံရွာကားလမ်းပေါ် ရေကျော်နေစဉ်


အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီခန့် တွင် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလာခဲ့သည်။

အမေရိကန်နိုင်ငံ မုန်တိုင်းသတိပေးရေး စင်တာကမူ ဂီရိသည် Category ၁ အဖြစ် ရှိနေလျက် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ဦးတည်နေကာ တစ်နာရီ ၈၁ မိုင်နှုန်း အထိ အားကောင်းခဲ့သည်ဟု ထုတ်ပြန် ခဲ့ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် အနီရောင် အဆင့်ဖြစ်လာပြီး နံနက် ၉ နာရီဝန်း ကျင်အချိန်တွင် အရေးပေါ်အနီရောင် အဆင့်ဟု ကြေညာခဲ့သည်။

"အခုမိုးရွာနေတယ်။ လေလည်း တိုက်နေတယ်။ လူတွေကတော့ ကိုယ့် အိမ်ကိုယ်ပဲ နေကြတော့တယ်။ မနက်ခင်းက ဖွင့်တဲ့ဆိုင်တွေလည်း ပိတ်ကုန်ကြပြီ။ ရေတော့ တက်မလာသေးပါဘူး" ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးက အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ဂီရိသည် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့အကြား မှ ဖြတ်ကျော်မည်ဟု ခန့်မှန်းထားရာ ၌ စစ်တွေမြို့တွင် ဈေးကြီးများပိတ်ခြင်း စသည်တို့ ပြင်ဆင်ခဲ့ကြပြီး ကျောက်ဖြူမြို့တွင် မွန်းလွဲပိုင်းမှ စတင်ကာ မုန်တိုင်းဖြတ်ကျော်ခဲ့ကြောင်း သိရှိရသည်။

"ကျောက်ဖြူမှာ မိုးတွေရွာနေ တယ်၊ လေလည်း တော်တော်တိုက် နေတယ်လို့ သိရတယ်။ သစ်ပင်တွေ တောင်လဲတဲ့အထိ တိုက်တယ်လို့ ကျောက်ဖြူကို ဆက်သွယ်မေးတော့ သိရတယ်။ ကမ်းရိုးတန်းမှာနေတဲ့သူ တွေကတော့ မနက်ခင်းကတည်းက နေရာပြောင်းရွှေ့ထားကြတယ်။ မုန်တိုင်း သတိပေးချက်တွေကြောင့်လို့ သိရပါတယ်"ဟု ဒေသခံတစ်ဦးက မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်နေသော ဆိုင်ကလုန်းဂီရိ သည် ပိုမိုအားကောင်းလာပြီး သစ်ပင်များပြိုလဲခြင်း၊ နေအိမ်များ ပျက်စီးခြင်းတို့ကို ကြုံတွေ့နိုင်ခြေရှိသော Category ၄ အဆင့်သို့ ရောက်ရှိလာခဲ့သည်ဟု နိုင်ငံတကာ မိုးလေ၀သခန့် မှန်းမှု အချို့အရ သိရသည်။

"လေကတော့ ၃ နာရီလောက် မှာ ပြင်းပြင်းတိုက်လာတယ်။ ၅ နာရီခွဲလောက်အထိ တိုက်တယ်။ နောက်ပိုင်းတော့ လေနည်းနည်းလျော့သွားတယ်။ ဒါပေမယ့် တစ်ချက်တစ်ချက်တော့ တိုက်နေတုန်းပါပဲ။ လုံးဝမငြိမ်သေးပါဘူး။ အိမ်တွေတချို့ပြိုတယ်။ အမိုးတွေလန်တယ်။ သစ်ပင်တွေပြိုတယ်"ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး ဂီရိသည် ကမ်းသို့ဝင်ရောက်ချိန်တွင် အရေးပေါ် အညိုရောင်အဆင့်၌ရှိခဲ့ပြီး မုန်တိုင်း၏ဗဟိုချက်မ၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် ၁၂၀ အထိရှိ ခဲ့သည်။ မုန်တိုင်း၏အချင်းမှာ မိုင် ၃၀၀ ခန့်ရှိကြောင်း ခန့်မှန်းမှုများအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မင်းပြားတို့တွင် မုန်တိုင်းသက်ရောက်မှုများကို ကြုံတွေ့ခဲ့ရကာ နေရာအချို့တွင် နေအိမ်ပြိုပျက်ခြင်း၊ အမိုးလန် ခြင်းစသည့် ပျက်စီးမှုအချို့ရှိခဲ့သည် ဟု သိရှိရသည်။

ယင်းနေ့ညပိုင်းတွင်မူ မုန်တိုင်းသည် ကျောက်ဖြူမြို့ကို ဖြတ်ကျော် သွားခဲ့ကြောင်း ထပ်မံသိရှိရသည်။ မုန်တိုင်းကုန်းတွင်းသို့ ၀င်ရောက်ပြီး နောက်တစ်ရက်ဖြစ်သော အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၃ နာရီခွဲ ခန့်တွင် ဆိုင်ကလုန်းဂီရိသည် ကုန်းတွင်းမုန်တိုင်းအဖြစ် မကွေးတိုင်း ဒေသကြီးရှိ စလင်းမြို့ကို ဗဟိုပြုလာခဲ့သည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းမှစ၍ မိုးနှင့်အတူ လေပြင်း များ တိုက်ခတ်သောကြောင့် လျှပ်စစ်မီးများပြတ်တောက်ခြင်း၊ သစ်ပင်အချို့ လဲပြိုခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရှိရသည်။

ထို့နောက် ဆက်လက်ရွေ့လျားကာ နံနက် ၆ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့အနီးတွင် ဗဟိုပြုလာခဲ့သည်။

"မနက် ၅ နာရီကျော်၊ ၆ နာ ရီလောက်မှာ လေပြင်းစတိုက်တယ်။ မိုးသည်းတယ်။ ညောင်ဦးမြို့မှာ သစ်ပင်တချို့လဲတယ်။ မနက်ပိုင်း ကစပြီးလေဆိပ်မှာ လေပိုတိုက်တယ်။ ရန်ကုန်ကနေ ပုဂံ ညောင်ဦးလေဆိပ် ဆင်းမယ့် ရန်ကုန်အဲယားဝေး၊ အဲမန္တလေး၊ အဲပုဂံ မနက်ပိုင်းလေယာဉ် ခရီးစဉ်တချို့ ဖျက်သိမ်းလိုက်တယ် လို့သိရတယ်။ ရန်ကုန်အဲယားဝေးက ညောင်ဦးမှာမဆင်းနိုင်ဘဲ မန္တလေး လေဆိပ်မှာ သွားဆင်းရတယ်။ အခုတော့ လေတိုက်လိုက်၊ မိုးရွာလိုက်ဖြစ် နေတယ်။ မနက်ကလောက်တော့ မပြင်းတော့ပါဘူး"ဟု ညောင်ဦးမြို့မှ ဒေသခံတစ်ဦးက အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပြောကြားသည်။





မြောင်မြို့နယ်၊ ကျော်မင်းကျေးရွာအနီး မြောင်-ကျော်ရစ်-ပရိမ္မ လမ်းပိုင်းတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျကာ
လမ်းပိတ်ဆို့နေသည်ကို အောက်တိုဘာလ (၂၃) ရက်နေ့က တွေ့ရစဉ်




ယင်းနေ့ နံနက် ၉ နာရီခွဲခန့် တွင် ကုန်းတွင်းမုန်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ မြောင်မြို့ကို ဗဟိုပြုလာခဲ့ပါသည်။

"မြောင်မှာ လေက မနက်ခင်း ၉ နာရီ လောက်ကတည်းက တိုက်တာ၊ မိုးရောလေရောပါတယ်။ မိုးကတော့ ညကတည်းက ရွာနေတာ။ ညနေ ၃ နာရီလောက်မှာတော့ လေငြိမ်သွားပြီ" ဟု မြောင်မြို့မှ ဒေသခံတစ်ဦးက ပြော ကြားသည်။

"မြောင်မြို့နယ်အ၀င်မှာ မိုးရေကြောင့် ကားလမ်းကိုရေကျော်တာ တော်တော်များတယ်။ ကျော်မင်းရွာ နားမှာပါ။ ခရီးသည်တင်ကားလို ကားကြီးတွေက ဖြတ်လို့ရပေမယ့် ကားသေးတွေက ဖြတ်လို့မရဘူး။ ဆိုင် ကယ်တွေကိုတော့ ထမ်းပြီးဖြတ်ကြတယ်။ ညနေ ၅ နာရီ၊ ၆ နာရီအထိ ရေမကျသေးပါဘူး။ မြင်းမူမြို့နယ်ထဲ က အလ္လကပ္ပရွာနားမှာလည်း ကားလမ်းရေကျော်တော့ ကားတွေစောင့်ပြီး သွားကြရတယ်။ ရေပြင်အလျား ရှည်ပါတယ်" ဟု မြောင်မြို့သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် မိုးသည်းခြင်းနှင့်အတူ လေပြင်းများပါ တိုက်ခတ်သဖြင့်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြင်းမူလမ်းတစ်လျှောက်ရှိ သစ်ပင်အချို့ ပြိုလဲခဲ့ကြောင်း သိရှိရသည်။


မုံရွာမြို့မှ မြို့ခံတစ်ဦးက "မနက်အစောပိုင်းကတည်းက မိုးတွေရွာတယ်။ မိုးနဲ့အတူ လေရောပါတယ်။ စောစောပိုင်းကတော့ တော်တော်ပြင်းတယ်။ နံနက် ၁၁ နာရီ ခွဲလောက်မှာတော့ မိုးနည်းနည်းစဲ သွားပြီး လေတော့ နည်းနည်းကျန်သေးတယ်"ဟု ပြောပြသည်။

ကုန်းတွင်း မုန်တိုင်းသည် မွန်းလွဲ ၁နာရီခန့်တွင် မုန်တိုင်းငယ် အဖြစ် အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း ဘုတလင်မြို့အနီးတွင် ဗဟိုပြုခဲ့ကြောင်း နှင့် အညိုရောင်အဆင့်ဟု သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

ညနေ ၃ နာရီခွဲခန့်တွင် မုန်တိုင်းငယ်သည် အစိမ်းရောင်အဆင့်၊ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားခဲ့ကြောင်း သိရှိရသည်။

"ကုန်းတွင်းရှိနေသမျှ ဘေးကင်းချိန်အထိ အညိုရောင်အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။ အကြွင်းအကျန်တွေ မရှိတော့မှ၊ အန္တရာယ်မရှိတော့မှ အစိမ်းရောင်အဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်"။

မုန်တိုင်းစတင်ဖြစ်ပေါ်သည့် အချိန်မှ ပျက်ပြယ်သည့်အဆင့်သို့ ရောက်ရှိချိန်သည် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ စုစုပေါင်း သုံးရက်ကြာမြင့်ခဲ့ပြီး ကုန်းတွင်းတွင် အားကောင်းသော ဆိုင်ကလုန်း၊ ကုန်းတွင်းမုန်တိုင်း၊ မုန်တိုင်း ငယ်စသည့် အဆင့်ဆင့်ဖြတ်ကျော်ချိန် မှာ နှစ်ရက်ကြာမြင့်ခဲ့သည်။

မုန်တိုင်းသည် ပြည်နယ်တစ်ခု နှင့် တိုင်းဒေသကြီး သုံးခုကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ ၀င်ရောက်ခဲ့သည့် ဒေသများတွင်သာမက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူး တိုင်းစသောဒေသများတွင်လည်း မုန်တိုင်း၏အရှိန်ကြောင့် မိုးရွာသွန်းမှုများကို ကြုံတွေ့ခဲ့ရသည်။

ဆိုင်ကလုန်းဂီရိသည် ၂၀၁၀ ပြည့်နှစ် မိုးလွန်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးဖြစ်ပေါ်သော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ကာ နာဂစ်မုန်တိုင်းနီးပါးအင်အား ကောင်းခဲ့သည့် အတွက်လည်း မုန်တိုင်းကမ်းနှင့် နီးကပ်လာသည့်အချိန် က ကြိုတင်သတိပေးခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြင်ဆင်ခြင်းတို့ ပြုလုပ်ထားရန် သုံးသပ်မှုများလည်း ရှိခဲ့ပါသည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက ဆိုင်ကလုန်းမုန်တိုင်း နာဂစ်သည် မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ကို အဓိကသက်ရောက်ခဲ့ကာ မြန်မာနိုင်ငံ ၏ သဘာဝဘေးအန္တရာယ် ကြုံတွေ့မှု သမိုင်းတွင် ပျက်စီးဆုံးရှုံးမှုအများဆုံး နှင့် လူအသေအပျောက် အများဆုံး ဖြစ်ခဲ့သည်။


မုန်တိုင်းအင်အားနှင့် ဦးတည်ရာအလိုက် အရောင်သတ်မှတ်မှုများ

အရောင် ရည်ညွှန်းမှု
အ၀ါရောင် ဘင်္ဂလားပင်လယ်အော် တစ်နေရာတွင် မုန်တိုင်းဖြစ်ပေါ်နေသည်။
လိမ္မော်ရောင် အင်အားပိုမိုကြီးမားလာပြီး ရွေ့လျားရာလမ်းကြောင်းသည် မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်မည့် အန္တရာယ်နှင့် ကြုံတွေ့ရတော့မည်။
အနီရောင် ဦးတည်ရာလမ်းကြောင်းသည် မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ရန် ၁၂ နာရီခန့်သာ လိုတော့သည်။ အရေးပေါ်အနီရောင်ဟု ကြေညာလျှင် မုန်တိုင်းဒီရေတက်ခြင်း၊ သစ်ပင်လဲခြင်း စသည်တို့ကို ကြုံတွေ့ရတော့မည်။ ပြောင်းရွှေ့ခြင်းတို့ကို ပြင်ဆင်ထားရတော့မည်။
အညိုရောင် ကမ်းကိုဖြတ်ကျော်နေပြီ။ ကုန်းတွင်းတွင် မုန်တိုင်းရှိနေချိန်၊ ဘေးမကင်းမီ အချိန်တစ်လျှောက်လုံး အညိုရောင်ဟု ကြေညာထားမည်။ အရေးပေါ်မှာ သတိပြုရန်လိုအပ်နေခြင်း ကိုဆိုလိုသည်။
အစိမ်းရောင် မုန်တိုင်း၏ အန္တရာယ်ကင်းပြီ။


ဆိုင်ကလုန်းမုန်တိုင်းဂီရိ (ဂီရိဟူသောအမည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလှည့်ကျ အမည်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ 'တောင်' ဖြစ်သည်)

အောက်တိုဘာလ ၂၀ ရက်နေ့ - ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်တည်ရှိ။


အောက်တိုဘာလ ၂၁ ရက်နေ့ - နံနက်အစောပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ။ နံနက် ၉ နာရီခွဲခန့်တွင် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အကြားကို ဖြတ်ကျော်မည်ဟု ခန့်မှန်းချက်ထုတ်ပြန်။ ညနေ ၄ နာရီခန့်တွင် မုန်တိုင်းငယ် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း ဂီရိအဖြစ်ရောက်ရှိ၊ မုန်တိုင်း၏အဆင့်မှာ လိမ္မော်ရောင်ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းကို ဦးတည်ရွေ့လျား။


အောက်တိုဘာလ ၂၂ ရက် - နံနက် ၆ နာရီခန့်တွင် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြု၊ အနီရောင်အဆင့် အဖြစ်သတ်မှတ်။ နံနက် ၉ နာရီခန့်တွင် အရေးပေါ် အနီရောင်အဆင့်သို့ ရောက်ရှိ၊ မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့ကို စတင်ဖြတ်ကျော်၊ လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၁၂၀ အထိရှိပြီး အရေးပေါ် အညိုရောင်အဆင့်ရောက်ရှိ၊ ညပိုင်းတွင် ကျောက်ဖြူမြို့ကို ဖြတ်ကျော်သွားပြီးအား အနည်းငယ်လျော့လာ။


အောက်တိုဘာလ ၂၃ ရက် - နံနက် ၅ နာရီခွဲခန့်တွင် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိပြီး မကွေးတိုင်းဒေသကြီး စလင်းမြို့ကို ဗဟိုပြု၊ မုန်တိုင်း၏အဆင့်မှာ အညိုရောင်အဆင့်ဖြစ်၊ နံနက် ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ကို ဗဟိုပြု။ ကုန်းတွင်းမုန်တိုင်းသည် နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ကို ဗဟိုပြုလာ၊ မုန်တိုင်း၏အဆင့်မှာ အညိုရောင်အဆင့် အဖြစ်သာသတ်မှတ်ထား။ မွန်းလွဲ ၁ နာရီခန့်တွင် မုန်တိုင်းငယ်အဖြစ် အားလျော့လာပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ဘုတလင်မြို့အနီး၌ ဗဟိုပြု၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိ၊ စိုးရိမ်ရန်မလိုတော့သော အစိမ်းရောင်အဆင့်ဟု စတင်သတ်မှတ်၊ ညနေ ၆ နာရီခန့်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်။


မုန်တိုင်းဖြတ်သန်းရာဒေသများ - ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး။


မုန်တိုင်းသက်ရောက်မှု - နေအိမ်များပြိုလဲမှု၊ အမိုးလန်ပျက်စီးမှု၊ သစ်ပင်များပြိုလဲမှု၊ မိုးကြီး၍ကားလမ်းရေကျော်မှုများ။


မြန်မာနိုင်ငံသို့ မုန်တိုင်းသက်ရောက်ခဲ့မှုများ
(၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း)

မုန်တိုင်းအမည်
သက်ရောက်သည့်ကာလ
မာလာ ၂၀၀၆၊ ဧပြီ
အကာ့ရှ် ၂၀၀၇၊ မေ
နာဂစ် ၂၀၀၈၊ မေ (မုန်တိုင်းဒဏ်ကြောင့် ထိခိုက်သေကြေပျက်စီးမှု အများအပြားဖြစ်ပေါ်ခဲ့)
ဘစ်ဂျလီ
၂၀၀၉၊ ဧပြီ
ဂီရိ ၂၀၁၀၊ အောက်တိုဘာ


မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခဲ့သည့် လနှင့်အကြိမ်ရေ
(၁၈၇၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ)

လအမည်
အကြိမ်ရေ
ဇန်န၀ါရီ
ဖေဖော်ဝါရီ
ဧပြီ ၁၅
မေ ၂၇
ဇွန် ၁၄
အောက်တိုဘာ ၁၄
ဒီဇင်ဘာ


သတင်း...news-eleven

ဇိုမီးအမျိုးသားကွန်ဂရက်၏ ၂၀၁၀ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ခြင်းအကြောင်းကိုပြည်သူလူထုသို့ တင်ပြရှင်းလင်းခြင်း

Message From Pu Chin Sian Thang