22 July 2010

ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ ( ဦးဝင်းထိန် )


ဦးဝင်းထိန်သည် စစ်တက္ကသိုလ် အပတ်စဉ် ၅ သင်တန်းဆင်း ဗိုလ်ကြီးဟောင်း တဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက် ခဲ့ဖူးသူ ဖြစ်သည်။ ၁၉၈၈-၈၉ နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ် များတွင် ပါဝင်ခဲ့သည်။ ဦးဝင်းထိန်ကို ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက စတင်ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ထောင်ထဲတွင် အနှစ် ၂၀ ကျော်နေခဲ့ရသည်။ ကသာထောင်မှ နေ၍ ဇူလိုင် ၁၅ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့သည့် ဦးဝင်းထိန်ကို ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်းက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး
။ ။ ဦးဝင်းထိန် အခု မီဒီယာတွေမေးတာ တော်တော် ဖြေနေရမယ် ထင်တယ်။

ဖြေ။ ။ ဖြေရတာကတော့ အပ်ချည် တစကို ဆွဲထုတ်သလို ဖြစ်နေတာပေါ့။ ကျနော့် မိန်းမကတော့ လုံးဝ သဘော မတူဘူး။

မေး။ ။ ထောင်ထဲမှာ နေခဲ့ရတုန်းက ကြုံခဲ့ရတဲ့ အနေအထား၊ အစားအသောက်တွေ၊ ဆေးဝါးတွေ ရရှိမှုနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။ ။ ၁၉၈၉ ကနေပြီး ၉၅ အထိက အဲဒါ ၅ နှစ်ခွဲ၊ ၉၆ ကနေပြီးတော့ မကြာသေးခင်က အထိ ၁၄ နှစ်နဲ့ ၂ လ ထောင်ထဲမှာ နေခဲ့ရတယ်။ မြင်းခြံထောင်မှာ၊ မန္တလေးထောင်မှာ၊ မိတ္ထီလာထောင်မှာ နေခဲ့ရတယ်။ နောက်ဆုံးလွှတ်လိုက် တာကတော့ ကသာထောင်ကပေါ့။ ထောင်ထဲမှာကတော့ အမျိုးမျိုး ကြုံခဲ့ရတာပဲ။ စောစောပိုင်းကဆိုရင် ထမင်းမဝတာမျိုးတွေတော့ ရှိခဲ့ဖူးတယ်။ ကိုယ်ကတော့ အဲဒီမဝတဲ့ ဒဏ်ကိုခံခဲ့ရပြီး ထိခဲ့တာပေါ့။ နောက်ပိုင်းတော့ အဲဒီပြဿနာ မရှိတော့ပါဘူး။ ကိုယ်ကလည်း အစားသောက် များများမစားတော့ ပြဿနာ သိပ် မရှိဘူး။ နှိပ်စက်တာတို့ ဘာတို့တော့ အခုနောက်ပိုင်း သူတို့ သိပ်မလုပ်ကြတော့ဘူး။ နည်းနည်း ပညာပြတာလေးလောက်ပဲ ရှိတာပေါ့။ ထူးထူးခြားခြားတော့ သူတို့ သိပ်မလုပ်ကြတော့ဘူး။ အပေါ်ကလည်း တားတယ်နဲ့ တူပါတယ်။

မေး။ ။ ဘယ်အချိန်လောက်အထိ အဲဒီလို နှိပ်စက်ညှဉ်းပမ်းမှုတွေ ရှိခဲ့ပါသလဲ။

ဖြေ။ ။ ၁၉၉၉ လောက်အထိတော့ ရှိဖူးတယ်။

မေး။ ။ ဦးဝင်းထိန်အနေနဲ့ ဒီတခေါက်လွတ်လာတာက လွတ်ရက်စေ့လို့လား။

ဖြေ။ ။ အဲဒီ သဘော ပါပဲ။

မေး။ ။ ၂၀၀၈ မှာတုန်းက ဦးဝင်းထိန် တခေါက်ပြန်လွတ်ခဲ့သေးတယ်နော်။ ဘာဖြစ်လို့ပြန်ဖမ်းတာပါလဲ။

ဖြေ။ ။ ကျနော့် အထင်ပြောပြမယ်နော်။ ကျနော်က ဒီနေရာမှာပြောချင်တာကတော့ ထောင်က ထွက်လာတဲ့ လူတယောက်ဟာ တပတ်နှစ်ပတ်၊ တလနှစ်လ စိတ်က ပုံမှန်ပြန်မဖြစ်ဘူး။ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေရှိတယ်၊ စကားပြောတာ မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်းမှားမယ်၊ ဒီ သဘောလေးကတော့ တော်တော် သဘောပေါက်ထားမှ ဖြစ်မယ်။

ကျနော့်ကို ၂၀၀၈ စက်တင်ဘာ ၂၃ မှာလွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တော့ ကသာက ဧရာဝတီ တည်းခိုခန်းမှာ တည်းတယ်။ တည်းတော့ သူတို့ကနောက်တနေ့မှာ သင်္ဘောနဲ့ ကျနော့်ကို မန္တလေး၊ အဲဒီနောက်မှာ ရန်ကုန်ပို့ပေးမယ်လေ။ အဲဒီတော့ ကျနော်လည်း အိမ်နဲ့ တယ်လီဖုန်းတွေ ဆက်သွယ်၊ စိတ်ကတော့ ဝမ်းသာ ကျေနပ်နေတာပေါ့။ မမျှော်လင့်ဘဲနဲ့ သတင်းဌာနတခုက ဝင်လာတဲ့ အခါမှာတော့ ကျနော်က စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလိုက်တယ်။ တရားဥပဒေ အရ လူတွေကို ၆၅ နှစ်၊ အနှစ် ၁၀၀ ချတာ၊ အဲဒါ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတဲ့ ကိစ္စ၊ နောက်ပြီးတော့ နိုင်ငံရေးမှာ တဘက်စောင်းနင်း လုပ်ပြီးတော့ မျှမျှတတ မရှိဘဲနဲ့ လုပ်ချင်သလို လုပ်တဲ့ကိစ္စ။ နောက် ကျန်းမာရေးစောင့်ရှောက်မှု ညံ့တဲ့ ကိစ္စ၊ အဲဒါတွေ ပြောလိုက်တယ်။ ပြောလိုက်တော့၊ နောက်နေ့ကျတော့ ရဲမှူးကြီးတယောက်က လာပြီးတော့ ခဏလောက် လိုက်ခဲ့ပါဆိုပြီး ထောင်ထဲပြန်ပို့လိုက်တယ်။

မေး။ ။ အဲဒါပြီးသွားတော့ ထောင်ထဲက တရာရုံးမှာ ပြန်စစ်သေးလား။

ဖြေ။ ။ ဘာမှ မစစ်တော့ဘူး။ အဲဒီတုန်းက ၁၄ နှစ် မပြည့်သေးဘူးလေ၊ ထောင်ထဲမှာ ၁၄ နှစ်ပြည့်တော့ လည်း မလွှတ်သေးဘူး။ နောက် ၂ လ ဆက်ထားတာ။

မေး။ ။ အဲဒါဆို ဦးဝင်းထိန်က အမိန့်ချထားတဲ့ ပြစ်ဒဏ်ထက် ပိုပြီး နေခဲ့ရတာလား။

ဖြေ။ ။ အဲဒီလို ယူဆလို့ ရပါတယ်။

မေး။ ။ ဦးဝင်းထိန် ထောင်ထဲမှာနေရတုန်းက NLD ခေါင်းဆောင် တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ဆီက အားပေးတဲ့စာတွေ ဘာတွေကော ရဖူးပါသလား။

ဖြေ။ ။ အဲဒါကတော့ အာဏာပိုင်တွေက ခွင့်မပြုဘူး။ အိမ်ကတော့ တလတခါ လာတယ်၊ စားစရာတွေ ပို့ပေးတယ်၊ နောက် ဖတ်စရာ ဂျယ်နယ်တို့၊ စာအုပ်တို့ သွင်းပေးတယ်။

မေး။ ။ ဦးဝင်းထိန်လို စစ်တပ်အရာရှိ တယောက်အနေနဲ့ ဘယ်လိုဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ NLD ဖွဲ့တဲ့အချိန်မှာ ကျနော်က တပ်မှာ မရှိတော့ဘူး။ တပ်က ထွက်သွားပြီးပြီ။ အဲဒီအချိန်မှာ ကျနော်တို့ ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ မေတ္တာရပ်ခံချက်အရ နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီးတော့ ကူပါဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆီမှာ မြဲသွားတာပေါ့။ ၁၉၈၈၊ ၈၉ မှာ အထက်ဗမာပြည်၊ အောက်ဗမာပြည် စည်းရုံးရေး ခရီးစဉ်မှာ ပါခဲ့တယ်။ ပါပြီးတော့မှ ၈၉ မေ မှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ပုဂ္ဂိုလ်တွေ အစည်းအဝေး လုပ်မယ်ဆိုပြီးတော့ တတိုင်းတပြည်လုံး ဖိတ်လိုက်တဲ့အခါမှာ သူတို့က အဲ့ဒီအဖွဲ့တွေ အကုန်လုံး အကျဉ်းချုပ်ချတဲ့သူချတယ်၊ အကျယ်ချုပ်ချတဲ့သူ ချတယ်။ အဲဒီအချိန်မှာ ကျနော့်ကို ဖမ်းလိုက်တာပေါ့။ ၁၉၈၉ ဇန်နဝါရီလ ၂၀၊ အဲဒီကနေပြီးတော့ ကျနော် ၉၅ အထိ နေခဲ့ရတယ်။

မေး။ ။ အခု စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲရယ်၊ ဒေါက်တာသန်းငြိမ်းတို့ရဲ့  NDF ပါတီရယ်ကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ရွေးကောက်ပွဲ ကိစ္စကတော့ ကျနော်တို့က မှတ်ပုံ မတင်ဘူးဆိုတော့ ပြောစရာမလိုတော့ဘူး၊ ပြီးသွားပြီလေ။ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့ကလည်း လုပ်ပိုင်ခွင့်ရှိပါတယ်၊ လုပ်ကြပါ။ ကျနော်တော့ မပတ်သက် ချင်တော့ဘူး။ မပတ်သက်ဘူးပေါ့။

မေး။ ။ ဦးဝင်းထိန် တယောက်တည်း အနေနဲ့ကော ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသလဲ။

ဖြေ။ ။ ကျနော် လောလောဆယ်တော့ ကျန်းမာရေးအတွက် ဆေးစစ်တာတွေ လုပ်ရမယ်။ နှလုံးရောဂါရှိတယ်၊ အစာအိမ်ရောဂါရှိတယ်၊ နောက်ပြီးသွေးတိုးလည်းရှိတယ်၊ အရိုးကျည်းပေါင်း တက်တော့ ဆေးက တရက်ကို ၈ မျိုးလောက်သောက်ရတယ်။ အဲဒါပြီးတော့မှ ထောင်ထဲမှာ ကျန်ခဲ့တဲ့ ဘဝတူတွေ အတွက် လူမှုရေးအထောက်ပံ့တွေလုပ်မယ် အားပေးတာတို့၊ တချို့ ဆိုလည်း တတ်နိုင်သလောက်ပိုက်ဆံတွေ ကူတာတို့ အဲဒါတွေလုပ်ပေးမယ်။

မေး။ ။ ဦးဝင်းထိန် အနေဲ့ ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေကို စကားလုံး တလုံးတည်းနဲ့ အဓိပ္ပာယ်ပေါ်အောင် ပြောပါဆိုရင် ဘယ်လိုပြောမလဲ။

ဖြေ။ ။ အဲဒါကတော့ ဦးနိုင်းနိုင်းကို ကိုးကားရတော့ မှာပဲ။ ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ ခင်ဗျာ။

ရင်းမြစ်...ဧရာဝတီ

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သွားရောက်မည်


မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်အွီချွန်းကို အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)


မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပတ်အွီချွန်း (Pak Ui Chun) ဟာ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့ထိ မြန်မာနိုင်ငံကို အလည်အပတ်ခရီး သွားရောက်မယ်လို့ အာဆီယံ သံတမန် သတင်းရပ်ကွက်က ပြောပါတယ်။ ဒီသတင်းကို မြောက်ကိုရီးယား နိုင်ငံပိုင် ဗဟိုသတင်းဌာနကလည်း ထုတ်ဖော် ရေးသားထားပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ အာရှ ၄ နိုင်ငံခရီးစဉ်အဖြစ် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို နဲ့ မြန်မာနိုင်ငံတို့ကို သွားမယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတဦး မြန်မာနိုင်ငံကို အခုလို တရားဝင်သွားမဲ့ ကိစ္စဟာ ၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ တောင်ကိုရီးယားသမ္မတ ချွန်ဒူးဝမ်ကို မြောက်ကိုရီးယား ကွန်မန်ဒိုတွေ လုပ်ကြံ တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ရင်းမြစ်...RFA

ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ် ရွှေ့ဆိုင်း

ရှေ့လဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajiva) ဟာ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ၀န်ကြီးချုပ်တာဝန် ယူစဉ်ကစလို့ အိမ်နီးချင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ် ဖျက်သိမ်းခဲ့တာ ဒါနဲ့ပါဆိုရင် နှစ်ကြိမ် ရှိသွားပါပြီ။

ခရီးစဉ် ဖျက်ရတာဟာ အချိန်အခက်အခဲကြောင့် ဖြစ်ပြီး မကြာသေးခင်က မြန်မာအာဏာပိုင်တွေနဲ့ တင်းမာမှုတွေကြောင့် နယ်စပ်ဂိတ်တွေ ပိတ်ထားရတဲ့ ကိစ္စနဲ့ ဆက်နွယ်မှု မရှိဘူးလို့ ထိုင်းအစိုးရ ပြောခွင့်ရသူ ပန်နိတန် ၀ါတန်ရာဂွန်ကို ကိုးကားပြီး ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဒီလလယ်ပိုင်းမှာပဲ ၂ နိုင်ငံကြားက သောင်ရင်းမြစ်ထဲမှာ ထိုင်းနိုင်ငံဘက်က ရေထိန်း ကွန်ကရစ်နံရံတွေကို တည်ဆောက်နေတာကို မြန်မာအာဏာပိုင်တွေက ကန့်ကွက်ရာက မပြေမလည် အခြေအနေတွေနဲ့ ကြုံခဲ့ရတာပါ။ ဒီနောက်မှာတော့ မြန်မာဘက်က နယ်စပ်ဂိတ်ဖြစ်တဲ့ မြ၀တီနဲ့ မဲဆောက် ချစ်ကြည်ရေး တံတားကို ပိတ်ပစ်ခဲ့တာပါ။

ဒီလို တံတားပိတ်လိုက်တဲ့အတွက် ကုန်သွယ်မှုတွေမှာ ထိခိုက်မှုတွေ ရှိခဲ့တာကြောင့် နေ့စဉ် ထိုင်းဘတ်ငွေ သန်း ၅၀ လောက် ဆုံးရှုံးနေရတဲ့အကြောင်း တပ်ခ်ခရိုင် ကုန်သည်ကြီးများ အသင်းကလည်း ဒီတပတ်ထဲမှာပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ ဒီတကြိမ် ခရီးစဉ်မတိုင်မီ ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲမှာလည်း မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ခဲ့ဘူးပေမဲ့ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမေရိကန် နိုင်ငံသားတဦး ရေကူးဝင်ရောက်ခဲ့ရာက အမှုအခင်းတွေ ဖြစ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာမို့ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

ရင်းမြစ်..VOA

စစ်အာဏာရှင် အကြီးအကဲ အိန္ဒိယခရီးစဉ် လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဝေဖန်

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမျိုးမျိုး ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အိန္ဒိယအစိုးရ အနေနဲ့ တရားဝင် လာရောက်လည်ပတ်ခွင့် မပြုဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေက ကန့်ကွက်လိုက်ကြပါတယ်။ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မကြာခင် ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမယ့် ဇူလိုင်လ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတာပါ။ ဒါဟာ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ အိန္ဒိယနိုင်ငံကို ဒုတိယအကြိမ်မြောက် သွားရောက်လည်ပတ်တာ ဖြစ်ပြီး အဲဒီမှာ အိန္ဒိယသမ္မတ၊ ၀န်ကြီးချုပ်တို့နဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ကျူးလွန်နေတဲ့ အာဏာရှင် စစ်ခေါင်းဆောင် တယောက်ကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံပါလို့ ကြွေးကြော်နေတဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ တရားဝင် လက်ခံကြိုဆိုဖို့ မသင့်ဘူးလို့ ကမ္ဘာတလွှားမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၁၆၄ ဖွဲ့ကို ကိုယ်စားပြုတဲ့ FIDH နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ပေါင်းချုပ်ကြီးက အိန္ဒိယအစိုးရထံ အိတ်ဖွင့်ပေးစာ ရေးသား ပေးပို့လိုက်ပါတယ်။

FIDH အနေနဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) ကို မနေ့က အိတ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်တဲ့ အကြောင်း အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ အီမန်နွဲလ် အေသာနေဆူး (Emmanouil Athanasiou) က ပြောပါတယ်။

“အိန္ဒိယလို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် လအနည်းငယ် အလိုမှာ စစ်အစိုးရက ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဂရုမစိုက်ဘဲ မြန်မာစစ်အာဏာရှင် တယောက်ကို ကော်ဇောနီခင်းပြီး ကြိုဆိုမယ်ဆိုတာ လုံးဝ မသင့်တော်တဲ့ ကိစ္စပါ။ ဒီလို လက်ခံကြိုဆိုလိုက်တာက နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မထေမဲ့မြင်ပြုရာလည်း ကျပါတယ်။”

ဒါကြောင့် သူတို့အနေနဲ့ ပြင်းထန်တဲ့ ကန့်ကွက်စာကို ပို့ဖို့ ဆုံးဖြတ်လိုက်တာလို့ သူက ဆက်ပြောပါတယ်။

“အိန္ဒိယတင် မကပါဘူး၊ တခြား ရုရှားနဲ့ တရုတ်နိုင်ငံတို့ အနေနဲ့လည်း စစ်အစိုးရနဲ့ ဆက်ဆံမယ်ဆိုရင် ကြည့်ဆက်ဆံကြပါ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သူတို့ကို စောင့်ကြည့်နေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အာဏာရှင်ကို ထောက်ခံရင် သူတို့လည်း တချိန်ချိန်မှာ အဲဒီ ချိုးဖောက်မှုတွေကို တာဝန်ယူရလိမ့်မယ် ဆိုတဲ့အကြောင်း ပြင်းထန်တဲ့ သတိပေးစာ ကျနော်တို့ ပို့ထားပါတယ်။”

ဒီထဲက တချို့နိုင်ငံတွေဟာ မြန်မာစစ်အစိုးရနဲ့ ပုံမှန် ထိတွေ့ ဆက်ဆံနေကြတဲ့ မိတ်ဆွေနိုင်ငံတွေ ဖြစ်တယ်၊ နောက် လုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် မချနိုင်ဘူး ဖြစ်နေတယ် ဆိုတာတွေကို သူတို့အနေနဲ့ နားလည် သဘောပေါက်ထားတယ်လို့လည်း အီမန်နွဲလ်က ပြောပါတယ်။

ဒီနေရာမှာ တခြား တရုတ်နဲ့ ရုရှားနိုင်ငံတို့ အနေနဲ့လည်း မြန်မာ့အရေးမှာ ကြားဝင် ဆောင်ရွက်ပေးကြဖို့ သူတို့အနေနဲ့ စာရေးသား တိုက်တွန်းထားတယ်လို့ အီမန်နွဲလ်က ဆက်ပြောပါတယ်။

“ရုရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက သမ္မတတွေထံ စာရေးပြီးတော့လည်း NLD ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း ခံနေရာကနေ ပြန်လွှတ်ပေးရေး ကြားဝင် ဆောင်ရွက်ပေးကြဖို့ကိုလည်း ကျနော်တို့ တောင်းဆိုထားပါတယ်။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အိန္ဒိယနိုင်ငံကို ရောက်တာနဲ့ ဘုရားပွင့်ရာ ဗုဒ္ဓဂါယာနဲ့ ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံတို့ကို အရင်သွားရောက်မှာဖြစ်ပြီး အဲဒီကမှ အိန္ဒိယ သမ္မတ ပရာတီဘာ ပါတေးလ် (Pratibha Patil)၊ ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် စတဲ့ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဟိုင်ဒရာဘတ်ဒ် (Hydrabad) မြို့ကိုသွားပြီး အိန္ဒိယ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းဆိုင်ရာ နည်းပညာတွေကို သွားရောက်လေ့လာဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အရင် ၂၀၀၄ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး အိန္ဒိယကို သွားရောက်ခဲ့စဉ်တုန်းတော့ တခြား စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ စာချုပ်တွေကို ချုပ်ဆိုခဲ့ပါတယ်။

ဒီတခေါက်မှာလည်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး အပါအ၀င် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆိုင်တဲ့ သဘောတူချက်တွေ၊ အိန္ဒိယ၊ မြန်မာ နယ်စပ်မှာ ရှိနေတဲ့ အိန္ဒိယဘက်က သူပုန်တွေကို တိုက်ထုတ်ရေးအတွက် နှစ်ဘက် ပူးပေါင်း လုပ်ဆောင်ကြရေး စတာတွေကို ဆွေးနွေး တိုင်ပင်ကြဖို့ ရှိတယ်လို့ ယူဆရပါတယ်။

အိန္ဒိယ အာဏာပိုင်တွေ ဘက်ကတော့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ခေါင်းဆောင်တွေ အပြန်အလှန် လည်ကြတဲ့ သာမန် ခရီးစဉ်သာ ဖြစ်တယ်လို့ ပြောဆိုနေပေမဲ့ ဒီခရီးစဉ်ဟာ ချစ်ကြည်ရေး ခရီးစဉ်ထက် အများကြီးပိုမယ် ဆိုတာကတော့ သေချာပါတယ်။

ရင်းမြစ်....VOA

သင်္ဘောပေါက်ကွဲမှုကြောင့် ပျောက်ဆုံးမြန်မာသင်္ဘောသားကို ရှာဖွေမှု ရပ်ဆိုင်း

ယခုလ ၁၂ရက်က တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပွား သော Eastern Honesty သင်္ဘော ပေါက် ကွဲမှုကြောင့် ပျောက်ဆုံးခဲ့ရသည့် မြန်မာ သင်္ဘောသားတစ်ဦးအားရှာဖွေမှုကို ဇူလိုင် ၁၅ရက်မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် သင်္ဘော သားမှာ ကိုဝေဖြိုးစံအမည်ရှိ အသက်(၂၃) နှစ်ခန့်အရွယ် ကုန်းပတ်သင်္ဘောသားတစ်ဦး ဖြစ်ကြောင်း၊ ယင်းပျောက်ဆုံးသင်္ဘောသား အား အခင်းဖြစ်ပွားခဲ့သည့် ဇူလိုင် ၁၂ရက် မှစ၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပ ဏီမှတာဝန်ရှိသူများက အဆက်မပြတ်ရှာ ဖွေမှုများပြုလုပ်ခဲ့ရာ ရှာဖွေမတွေ့ခဲ့ရသဖြင့် ပျောက်ဆုံးအနေဖြင့်သာ ရှာဖွေမှုများကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ ရှာဖွေမှုတွေကို ရပ်ဆိုင်းလိုက်ပါပြီ။ ပျောက်ဆုံးတာ ပြန် မတွေ့ဘူးဆိုတော့ အာမခံထားထားတဲ့ P & I က သတ်မှတ်ထားတဲ့ အချိန်တစ်ခု ရောက်ရင် ထိုက်တန်တဲ့လျော်ကြေးပေး အပ်သွားမှာပါ။ အခုပျောက်ဆုံးသင်္ဘော သားရဲ့မိသားစုတွေက မုံရွာမှာ ရှိနေပါတယ်။ အကျိုးအကြောင်းတွေကို အကြောင်းကြား ထားပြီးပါပြီ။ သေဆုံးဆိုတာက အလောင်း ပြန်တွေ့ရင် သတ်မှတ်တာမို့ အခုကလုံးဝ ကို ပြန်မတွေတဲ့အတွက် သုံးလ သို့မဟုတ် တစ်နှစ် စသည်ဖြင့် အချိန်ကာလတစ်ခု သတ်မှတ်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ် ပါတယ်''ဟုအဆိုပါသင်္ဘောပေါ်သို့ မြန်မာ သင်္ဘောသား ၂၂ ဦးအား ပို့ဆောင်ပေးခဲ့ သော Myanmar Ocean Win Services Co.,Ltd မှတာဝန်ရှိသူတစ်ဦးကပြောသည်။

လုံးဝရှာမတွေ့တော့၍ သေဆုံး သူအဖြစ် သတ်မှတ်လိုက်ပါက မိသားစု ထံသို့ မြန်မာနိုင်ငံ SECD အရ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၅၀၀၀ခန့် ပေးအပ် သွားရမည်ဖြစ်ကာ ဒဏ်ရာရသူများကိုလည်း စင်ကာပူနိုင်ငံတွင် ရောဂါအပြီးပြတ်ပျောက် ကင်းသည်အထိ ကုသပေးမည်ဖြစ်သည်။

အဆိုပါEastern Honesty သင်္ဘောမှာ မြန်မာသင်္ဘောသားများသာ ပါဝင်သော သင်္ဘောဖြစ်ကာ ယင်းသင်္ဘော မှာ ဗီယက်နမ်တွင် ကုန်ချပြီးနောက် မလေး ရှားနိုင်ငံ Kuantan ဆိပ်ကမ်းသို့ ကုန်တင် ရန်အသွား ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သင်္ဘောသား ကိုဝေဖြိုးစံပျောက်ဆုံးခဲ့ပြီး သင်္ဘောသားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒဏ် ရာရသူနှစ်ဦးမှာ စင်ကာပူရှိ SGH ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

သတင်း ...YGM

ရန်ကုန်ရှိ ဈေးကြီးအချို့ ကြွက်နှိမ်နင်းရေး ယခင်ထက် ပိုမိုကြပ်မတ်ဆောင်ရွက်လာ

နိုင်ငံတစ်ဝန်းရှိဒေသအချို့၌ ကြွက်များသောင်းကျန်း နေကြခြင်းကြောင့် ရန်ကုန်မြို့ရှိဈေးကြီးအချို့တွင် ကြွက်နှိမ်နင်း ရေးကို ယခင်နှစ်များထက်ပိုမိုကြပ်မတ်၍ လုပ်ဆောင်လာကြောင်း သိရသည်။

ရန်ကုန်မြို့ရှိဈေးကြီးများ၌ ကြွက်များအား သုတ်သင်ရှင်းလင်း ရန် ကမ်းနားဈေးတွင် အထူးဆောင်ရွက်လျက်ရှိပြီး (၂၄)နာရီ ဈေးကြီးဖြစ်သည့်သီရိမင်္ဂလာဈေးတွင်လည်း အလားတူလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
''ဈေးကွဲတဲ့အချိန်မှာ ဈေးသန့်ရှင်းရေးကို ပုံမှန်လုပ်တယ်။ ဈေးသည်တွေအနေနဲ့လဲ စွန့်ပစ်ပစ္စည်းတွေကို သတ် မှတ်ထား တဲ့နေရာမှာ စွန့် ပစ်ရ တယ်။ ကြွက်တွင်းတွေမရှိအောင်လဲ နှိုးဆော်ထားတယ်။ တစ်ပတ် တစ်ခါ တိရစ္ဆာန်မွေးမြူရေးနဲ့ကုသရေးဌာနကည၈နာရီလောက်မှာလာပြီးကြွက်နှိမ်နင်းရေးကိုလာရောက်လုပ်ဆောင်
ပေးတယ်။ ဈေး အတွင်းမှာလဲ ပိုးမွှားမပေါက်ပွားနိုင်အောင် ZAGRO ပိုးသတ် ဆေးကိုဖျန်းတယ်။ ဒီနှစ်မှာ သန့်ရှင်းရေးတွေကို အရင်နှစ်တွေ ထက် ပိုပြီးလုပ်ဆောင်တယ်''ဟု ကမ်းနားဈေးမှ ဒုဈေးတာဝန်ခံဦး ဇော်မြင့်က ပြောသည်။


သီရိမင်္ဂလာဈေး၊ ဈေးသာယာရေးရုံးအဖွဲ့မှူး ဦးစိန်စိုးက လည်း ''အရင်ကတော့သန့်ရှင်းရေးကိုပဲလုပ်တယ်။ ဒီနှစ်တော့ ကျန်းမာရေးဝန်ကြီးဌာန မြို့နယ်ကျန်းမာရေးဌာနနဲ့ပေါင်းပြီး ဇူလိုင် လထဲမှာပဲ ဈေးအတွင်း ကြွက်၊ ခြင်၊ ယင်များကို ပုံမှန်နှိမ်နင်းသွား မယ်။ ဒီနှစ်က ကြွက်တွေသောင်းကျန်းတော့ ဈေးသူ၊ ဈေးသားတွေ၊ ဈေးဝယ်သူတွေအတွက်ကျန်းမာရေးကိုကာကွယ်နိုင်အောင်လုပ်ဆောင်သွားမယ်''ဟုရန်ကုန်တိုင်းမ်ဂျာနယ်တွင်
ဖော်ပြထားပါသည်.။

21 July 2010

ရှော့ပင်းစင်တာပါ ဗီယက်နမ်စီးပွားရေးစင်တာ မြန်မာနိုင်ငံတွင် တည်ထောင်မည်

ဗီယက်နမ်-မြန်မာ ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ရန်အတွက် ရှော့ပင်းစင်တာပါဝင်သော ဗီယက်နမ်စီးပွားရေးစင်တာ (Vietnamese Business Home) တစ်ခုကို လာမည့်နှစ်လအတွင်း စတင်တည်ထောင်မည်ဖြစ်ကြောင်း ဗီယက်နမ်လေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာ မစ္စတာဖူက ပြောကြားသည်။ ယင်းစီးပွားရေးစင်တာအား ဗီယက်နမ်နိုင်ငံ၏ အင်အားကြီး စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်သည့် DONG LUC GROUP က ရင်းနှီးမြှပ်နှံမည်ဖြစ်ကာ ယင်းအတွက် အောင်ဆန်း အားကစားဝင်းအနီးရှိ လေးထပ်အဆောက်အအုံတစ်ခုကို ဌားရမ်းရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အဆောက်အဦ ပိုင်ဆိုင်ခွင့်မရှိတဲ့အတွက် အဆောက်အဦငှားရမ်းမှာ ဖြစ်ပါတယ်။ နောက်နှစ်လလောက်မှာ စတင် ပြင်ဆင်မှာဖြစ်ပါတယ်။ မှန်းထားတာကတော့ ပုံမှန်အခြေအနေအရဆိုရင် နောက်လေးလလောက်မှာ ဒီစီးပွားရေးစင်တာကို စတင်လည်ပတ်နိုင်ပါလိမ့်မယ်” ဟုယင်းကပြောကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

နအဖဗိုလ်ချူပ်ကြီးများ ဗိုလ်ချူပ်များ ဗိုလ်မှူးချူပ်များ အရပ်ဝတ် ၀တ်ပြနေပေမယ့် စစ်အာဏာရူးအကျင့်တွေ ဘယ်တော့မှ မပျောက်ပါ။

နအဖ ရန်ကုန်မြို့ တော်ဝန် အောင်သိန်းလင်းဟာ နအဖတို့ ရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ၀င်ဖို့ အတွက် မကြာသေးခင်ကမှ စစ်ယူနီဖောင်းတွေ ချွတ်ပြပြီး ဗိုလ်မှူးချုပ်ဘ၀ကနေ ဦးအောင်သိန်းလင်းဆိုပြီး အရှင်လတ်လတ် ဘ၀ပြောင်းလဲလိုက်သူဆိုတာ ပြည်သူတွေ သိကြမှာပါ။

ဦးအောင်သိန်းလင်း အပါအ၀င် စစ်ရာထူးကြီးတွေကို နှစ်ပေါင်းများစွာ ဖက်တွယ်ထားခဲ့ကြတဲ့ နအဖဗိုလ်ချူပ်ကြီးတွေ ဗိုလ်ချူပ်တွေ ဗိုလ်မှူးချူပ်တွေဟာ အာဏာကို ဘယ်လောက်မက်မောလည်းဆိုတာ ၂၀၁၀ ရွေးကောက်ပွဲမှာ အာဏာဆက်ယူဖို့ အတွက် အာဏာရရှိရေးသာ သူတို့ အတွက် သေရေးရှင်ရေးမို့ လို့  စစ်တပ်ရာထူးတွေတောင် အလွယ်တကူ ပစ်ပယ်ကာ စစ်တပ်အပေါ် အလွယ်တကူ သစ္စာဖောက်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီ အောင်သိန်းလင်းတို့ လို နအဖ ဗိုလ်ချူပ်တွေ ဗိုလ်မှူးချူပ်တွေဟာ စစ်တပ်မှာ အာဏာယူထားစဉ်တုန်းကလိုဘဲ တစ်သွေးတစ်သံ တစ်မိန့် နဲ့  အာဏာကို လွဲမှားဖေက်ပြန်စွာ သုံးခဲ့ကြသလို သူတို့ ရဲ့  စစ်အာဏာရူးဘ၀ပုံစံတွေဟာ မပျောက်ပျက်သေးပါဖူး။

အရပ်ဝတ် ချိတ်ပုဆိုးတွေ တိုက်ပုံအင်္ကျီကြီးတွေ ၀တ်ထားပြီး ခန္ဓာကိုယ်တောင့်တောင့်တင်းတင်း လက်သီးတွေ ဆုပ်ပြီး သတိအနေအထားနဲ့  မတ်မတ်ကြီး ရပ်နေကြတာတွေ၊ စကားပြောဆိုတဲ့နေရာမှာ အမိန့် သံပါတာတွေ အစရှိတဲ့ ပုံသဏ္ဍန်တွေ မပျောက်ပျက်ကြတာ တွေ့ မြင်ကြားသိရပါတယ်။

နအဖတို့  ဟန်ဆောင်ကျင်းပခဲ့တဲ့ အာဇာနည်နေ့  အခမ်းအနားမှာလည်း အောင်သိန်းလင်းဟာ အရပ်ဝတ် တိုက်ပုံအင်္ကျီဝတ် ပုဆိုးဝတ် ခေါင်းပေါင်းဆောင်းထားပေမယ့် သူ့ ရဲ့  ဗိုလ်မှူးချူပ်ဘ၀နဲ့  အာဏာပေးလေ့ရှိတဲ့ အကျင့်ကို မဖြောက်ဖူးဆိုတာ အောင်သိန်းလင်းရဲ့  နီးစပ်တဲ့သူတွေက ပြောဆိုပါတယ်။

စစ်ယူနီဖောင်းချွတ်ပြီး အရပ်ဝတ်လဲပြကာ ပြည်သူကို လိမ်ညာကြမယ့် နအဖဗိုလ်ချူပ်ကြီးများ ဗိုလ်ချူပ်များ ဗိုလ်မှူးချူပ်များ အစရှိတဲ့ စစ်အာဏာရူးနေဆဲဖြစ်တဲ့သူတွေရဲ့  မပြောင်းလဲသော စိတ်ယုတ်မာတွေကို ပြသနေပါတယ်။ သူတို့ ရဲ့  သွားလာမှု ပြောဆိုဆက်ဆံမှုပုံသဏ္ဍန်တွေက ယခုလက်ရှိထိ မပြောင်းလဲဘဲ သက်သေပြနေဆဲဆိုတာ အခုလို တွေ့ မြင်ရပါလိမ့်မယ်။

အောင်သိန်းလင်း လွမ်းသူ့ ပန်းခွေလာချပြီး နောက်ပြန်လှည့်ထွက်တဲ့နေရာကို သေသေချာချာ ကြည့်နိုင်ပါတယ်။





အာဇာနည်ခေါင်းဆောင်ကြီးများအတွက် လွမ်းသူ့ ပန်းခွေချအပြီး နောက်ပြန်လှည့်ထွက်တဲ့ အောင်သိန်းလင်းဟာ အရပ်သားတစ်ယောက်လို နောက်လှည့်ပြန်တာ မဟုတ်ဘဲ စစ်သားတစ်ယောက် နောက်လှည့်ထွက်တဲ့ စစ်သားလှုပ်ရှားမှုအတိုင်း နောက်လှည့်အနေအထားနဲ့  လှည့်ထွက်တာကို စစ်သင်တန်း တက်ဖူးကြသူတိုင်း သိကြပါလိမ့်မယ်။

သတိအနေအထားနဲ့  ညာဘက်ခြေဖ၀ါးကို နောက်ညာဘက် တစ်စောင်းထိုး ထုတ်လိုက်ပါတယ်။ နောက် ခြေဖနောင့်နှစ်ခုလုံးအပေါ်မှာ ဖိပြီး စုံလှည့်လိုက်ပါတယ်။ ဒီနောက် ခြေဖ၀ါးနှစ်ဘက် စုံရပ်ပြီးနောက် ဘယ်ခြေထောက်နဲ့  စတင်ထွက်ခွာပါတယ်။ ဒီပုံစံဟာ အရပ်သားတွေ နောက်လှည့်တဲ့ပုံစံ မဟုတ်ဘဲ စစ်သားတစ်ယောက် နောက်လှည့်တဲ့ ပုံစံဖြစ်ပါတယ်။



ဒီအပြုအမှုဟာ သတိမထားမိဘဲ သာမန်ကာလျှံကာကြည့်ရင်တော့ သိလိုက်မှာ မဟုတ်ပေမယ့် အောင်သိန်းလင်းဟာ အရပ်ဝတ်ကြီးကို ၂၀၁၀ ရွေးကောက်ပွဲအတွက်သာ စစ်ယူနီဖောင်းချွတ်ပြီး ကမန်းကတန်း ၀တ်ပြထားနေရပေမယ့် သူ့ ကိုယ်သူ အာဏာရူး ဗိုလ်မှူးချုပ်လို့  ခံယူထားဆဲ ဖြစ်တယ်ဆိုတာ သူ့ ရဲ့  အတွင်းစိတ်ကို ထုတ်ဖေါ်ပြသလိုက်တဲ့ ခန္ဓာကိုယ်အသွင်အပြင်အမူအယာအမှန်ဘဲ ဖြစ်ပါတယ်။

အာဏာပြချင်တဲ့စိတ်၊ နိုင်ထက်စီးနင်း ခိုင်းစေချင်တဲ့စိတ်၊ မတရားလုပ်ချင်တဲ့စိတ်၊ ကြီးနိုင်ငယ်ညဉ်း လုပ်ချင်တဲ့စိတ်၊ ကိုယ်ကျိုးရှာချင်တဲ့စိတ်၊ ပြည်သူကို ညဉ်းပမ်းနှိပ်စက်ချင်တဲ့စိတ် အစရှိတဲ့ အာဏာရူးတွေမှာ ရှိနေကြတဲ့ ယုတ်မာစိတ်တွေဟာ အရပ်ဝတ် လဲပြ ၀တ်ပြတာနဲ့  မပြောင်းလဲသွားပါဖူး။ အဲ့ဒီလိုသူတွေ တိုင်းပြည်နဲ့  ပြည်သူကို နှစ်ပေါင်းမြောက်မြားစွာ ဒုက္ခပေးလာနေတာ နောင်လည်း ဒီလို စိတ်မျိုးတွေ ရှိနေဆဲမို့  နောင်ကိုလည်း ဒီထက်ပိုဆိုးစွာ ဒုက္ခပေးကြဦးမှာပါ။

ဒါကြောင့်မို့ လို့  အပြောချိုပြပြီး မုသားစကားတွေနဲ့  ဖုံးကွယ်ကာ ရွှန်းရွှန်းဝေအောင် ပြောပြနေလည်း၊ ချိတ်ပုဆိုးတွေ တိုက်ပုံအင်္ကျီ တောင်ရှည်ပုဆိုးတွေနဲ့  တောက်တောက်ပြောင်ပြောင် ၀တ်ပြနေလည်း မြေခွေးဟာ ဘယ်လိုဘဲ မျက်နှာဖုံးစွပ်ထားစွပ်ထား ကျားဟာ ဘယ်လိုဘဲ အခြားအရေခြုံထားခြုံထား သွေးစွန်းနေတဲ့ အစွယ်တဖွားဖွားက သက်သေပြနေပါတယ်။

နအဖတို့ ရဲ့  ၂၀၁၀ ရွေးကောက်ပွဲဟာ ပြည်သူ့ အသက်သွေးတွေ ပေကျံနေတဲ့ လူသတ်ကောင်တွေရဲ့  တရားဝင် လွတ်မြောက်ရာလမ်း ဖန်တီးနေတာဆိုတာ အားလုံး သိထားကြသလို၊ ဒီ နအဖလူသတ်ကောင်တွေရဲ့  ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ပံ့ပိုးပေးနေသူတွေကိုလည်း လူသတ်ကောင်တွေကို သိသာထင်ရှားလှတဲ့ လူသတ်မှုကနေ ဂွင်းလုံးကျွတ် လွတ်အောင် အားပေးနေတဲ့သူတွေလို့  သတ်မှတ်ရမှာ ဖြစ်တဲ့အတွက် အလိုတူ အလိုပါ ကြံရာပါတွေလို သမိုင်းမှတ်တမ်းတင် ပြစ်ဒဏ်ခတ်ရမှာ ဖြစ်ပါကြောင်း ပြောကြားလိုက်ပါတယ်။

အရပ်ဝတ်နဲ့  လိမ်ညာပြမယ့် နအဖဗိုလ်ချူပ်ကြီးများ ဗိုလ်ချူပ်များ ဗိုလ်မှူးချူပ်များရဲံ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ဆန့် ကျင်တိုက်ဖျက်ကြမှသာလျှင် ပြည်သူတွေ အာဏာရှင်စနစ်ကနေ လွတ်မြောက်မှာပါ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

ဝင်းသူဇာအရောင်းဆိုင်များကိုလည်း ပုဂ္ဂလိကသို့လွှဲပြောင်း

စက်မှု(၁)ဝန်ကြီးဌာနမှ ၄င်း၏လက်အောက်ရှိ ဝင်းသူဇာ အရောင်းဆိုင်များအားလုံးကို ပုဂ္ဂလိကသို့ ဆက်လက် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ ယင်းဝန်ကြီးဌာန၊ ရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စက်မှု (၁) ဝန်ကြီးဌာနအနေဖြင့် ဝင်းသူဇာအရောင်းဆိုင်များကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှစတင်ကာ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိအချိန်အထိ ဝင်းသူဇာအရောင်းဆိုင် ၁၃ ဆိုင်ကိုပုဂ္ဂလိကသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးရှိ ဝင်းသူဇာ အရောင်းဆိုင်အားလုံးကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ဝင်းသူဇာအရောင်းဆိုင် ၈၀ အနက် ၁၃ ဆိုင်ကို တစ်နှစ်ကျော်ကာလအတွင်း လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ “ပုဂ္ဂလိကကို ဝင်းသူဇာအရောင်းဆိုင်တွေအားလုံး လွှဲပြောင်းပေးသွားမှာပါ။ ပုဂ္ဂလိက လိုရင်လိုသလို ကျွန်တော်တို့ ညှိနှိုင်းပြီး ချထားပေးသွားမှာပါ။ အဓိကက အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းတဲ့သဘောပါပဲ။ ပြီးတော့ အစိုးရကပဲအားလုံးကို ချုပ်ကိုင်ထားတာမျိုးမဖြစ်အောင် ပုဂ္ဂလိကကိုလွှဲပေးတာပါ” ဟု၎င်းကဆက်လက် ပြောကြားကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏စာတွေ့ လက်တွေ့စစ်ဆေးခြင်း








စာတွေ့ လက်တွေ့စစ်ဆေးခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နှင့်အမျှ ပိတ်ရက်မရှိ နာရေးကူညီ ဖေးမမှုများကို လုပ်ဆောင်ပေးနေရာ နိဗ္ဗာန်ယာဉ် မောင်းနှင်သော ယာဉ်မောင်းတို့သည် ရှေ့တန်း တိုက်စစ်မှူးများ ဖြစ်ကြသည်။ ထို့ကြောင့် ရှေ့တန်းမှ အများပြည်သူ (၇) ရက် သားသမီးအပေါင်းတို့အား ဖေးမကူညီမှု တွင် မော်တော်ယာဉ် မောင်းနှင်သော ယာဉ်မောင်းများအနေဖြင့် လိုက်နာရန် စည်းကမ်းချက်တို့သည် အလွန် အရေးကြီးလှသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ယာဉ်မောင်းလျှောက် ထားသူတို့အား ယနေ့ ၂၁.၇.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ အလုပ်အမှုဆောင်များ၊ မော်တော်ယာဉ်အဖွဲ့ ခေါင်းဆောင်များ၊ ဈာပနပို့ဆောင်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် အသင်းမန်နေဂျာတို့မှ လူတွေ့ခေါ်ယူ မေးမြန်းခြင်း၊ မော်တော်ယာဉ်လိုင်စင် သက်တမ်းစစ်ဆေးခြင်းတို့အပြင် အသင်းရှိ ၀န်ထမ်းပို့ဆောင်ရေး မော်တော်ယာဉ်၊ နာရေး နိဗ္ဗာန်ယာဉ်တို့အား လက်တွေ့မောင်းနှင်မှု၊ ကားရပ်နားရာတွင် ကျွမ်းကျင်မှုရှိ မရှိတို့ကို လက်တွေ့ စာတွေ့ စစ်ဆေးခဲ့ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။


အာဆီယံ နဲ့ မြန်မာ့အရေး ပြောကြားချက်များ(ရုပ်သံမြင်ကွင်း)




အာဆီယံ ရပ်တည်ချက် မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်း သံသယရှိ






မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း(၀ဲ) အား ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး(၀ဲ-ဒု)၊ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး(ယာ-ဒု) နှင့် လာအို နိုင်ငံခြားရေးဝန်ကြီး(ယာ) တို့ ၀ိုင်းဝန်းမေးမြန်းနေစဉ်။ ဇူလိုင် ၂၀၊ ၂၀၁၀။


လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က တောင်းဆိုလိုက်ပေမဲ့ မြန်မာ့ အတိုက်အခံ အင်အားစုတွေကတော့ စစ်အစိုးရ ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုတဲ့အပေါ် သံသယ ရှိနေကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲ မကျင်းပခင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ စည်းဝေးပွဲအတွင်း မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ဦးဉာဏ်ဝင်းကို အာဆီယံ ခေါင်းဆောင်တွေက ညစာစားပွဲမှာ ၀ိုင်းဝန်း ပြောကြားခဲ့ကြတာလို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က သတင်းထောက်တွေကို ဒီနေ့ ပြောခဲ့တာပါ။

ဒါကလည်း အာဆီယံက အခုမှ ပြောဆိုလာတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေလောက် မဟုတ်တောင် အာဆီယံ အသင်းကြီး အနေနဲ့ အဖွဲ့ဝင် တနိုင်ငံချင်းစီ အနေနဲ့ရော အသင်းကြီး တခုလုံး အနေနဲ့ပါ မြန်မာစစ်အစိုးရကို နည်းမျိုးစုံနဲ့ ဝေဖန် ပြောဆိုနေခဲ့ကြတာတော့ ကြာပါပြီ။

စစ်အစိုးရအနေနဲ့ စစ်မှန်ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပချင်တယ် ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရင် ပြင်ဆင်ဖို့ လိုမယ်လို့ ရွေးကောက်ပွဲဝင်ရေး မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက် ချထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ရပါမယ်။ ရွေးကောက်ပွဲ ဥပဒေတွေ ပြင်ရပါမယ်။ အဲဒါမှသာ ဒီမိုကရေစီကို နီးစပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါတွေ မရှိဘဲနဲ့တော့ မဖြစ်ပါဘူး။ အာဆီယံက ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့အညီ All Inclusive ဖြစ်ဖို့၊ Free and Fair ဖြစ်ဖို့၊ International Monitor ကို လက်ခံဖို့၊ ဒါတွေ ပြောသင့်တာပေါ့ဗျာ။”

ရွေးကောက်ပွဲဖြစ်ရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ မလုပ်သင့်ဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အာဆီယံကဗျာ ကျနော်တို့နိုင်ငံမှာ တကယ်ရှိနေတဲ့ လူတွေ၊ တကယ်လုပ်နေရတဲ့ လူတွေရဲ့ အခြေအနေမှန်ကို သိပ်သိပုံ မပေါ်ဘူး။ သူတို့က ရွေးကောက်ပွဲတခု မျှတရင် ပြီးရော။ ရွေးကောက်ပွဲ တခုတည်းနဲ့ ဘာမှမှ မဖြစ်ဘဲဗျ။ ကျနော်တော့ ဒီလိုပဲ မြင်ပါတယ်ဗျာ။ သူတို့ သိပ်ပြီးတော့ လက်တွေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို သိပုံမရဘူးလို့ပဲ ထင်ပါတယ်။”

ရွေးကောက်ပွဲပြီးနောက်ပိုင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာမှာ မဟုတ်ပေမဲ့ အဲဒီ ရွေးကောက်ပွဲလွန် ကာလဟာ ဒီမိုကရေစီစနစ်ကို စတင် ပုံသွင်းနိုင်မယ့် အခြေခံတခု ဖြစ်လာလိမ့်မယ်လို့ သူတို့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကတော့ သုံးသပ်ပါတယ်။

“ကျနော်မြင်တာက ရွေးကောက်ပွဲကို လက်ခံခြင်းဆိုတဲ့ အခြေအနေထက် ရွေးကောက်ပွဲ ဟိုဘက် အပြီးမှာ ဒီမိုကရေစီ ဇာတ်သွင်းခြင်းလောက်တော့ ရလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒီရွေးကောက်ပွဲကတော့ လွတ်လပ်၊ တရားမျှတမှုကတော့ တော်တော်အားနည်းတယ်။ ဒီအခြေအနေပေါ်မှာ လွတ်လပ်၊ တရားမျှတမှု ဖြစ်မလားဆိုတဲ့ မေးခွန်းကို ဖြေဖို့ကတော့ တော်တော်ခက်ခဲတယ်။ ဒီအခြေအနေကတော့ မဖြစ်နိုင်တော့ဘူးလို့ ကျနော် ထင်တယ်၊ လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့။

“ဒါပေမဲ့ စစ်အုပ်ချုပ်ရေးထက် ဒီမိုကရေစီစနစ်ကို ဇာတ်သွင်းနိုင်တဲ့၊ ပါလီမန်ကို ပုံဖော်တဲ့ စနစ်တခု၊ ပုံစံတခုလောက်တော့ ရွေးကောက်ပွဲဝင်မှ ရလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ အဲဒီအတွက် ရွေးကောက်ပွဲ လမ်းကြောင်းကို မြန်မြန်ဆန်ဆန် ပြီးစီးအောင် ဆောင်ရွက်ဖို့ဆိုပြီး ကျနော်တို့ သွားပေးနေတာပါ။ အဲဒီအပေါ်မှာ အာဆီယံ အနေနဲ့လည်း ကျနော် စဉ်းစားသလိုပဲ စဉ်းစားလိမ့်မယ်လို့ ထင်တယ်။ ဒီ ဒီမိုကရေစီဟာ ဒီမိုကရေစီ စံချိန် စံညွှန်းအနေနဲ့ တအား အားနည်းနိုင်ပါတယ်။ စစ်တပ်က ပုံစံအမျိုးမျိုးနဲ့ ချယ်လှယ်မှု ပုံစံတွေကို ပုံဖော်နိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်ချုပ်ရေးလိုတော့ တက်ပြီး မာရှယ်လောတွေနဲ့တော့ အုပ်ချုပ်နေလို့ မရတော့ပါဘူး။ အမိန့် ဥပဒေတွေနဲ့ အုပ်ချုပ်နေလို့ မရတော့ဘူး။ ဒါပေမဲ့ ကျနော်တို့ ရှေ့ဆက်သွားရမယ့် ခရီးလမ်းက ခက်ခဲဦးမှာပါ။”

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အာဆီယံက မြန်မာစစ်အစိုးရကို အခုလို ပြောလိုက်တာဟာ တကယ်တော့ ဝေဖန်တဲ့ သဘောမျိုး ပြောတာမဟုတ်ဘဲ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု ပုံစံမျိုးသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာတဲ့ ၁၉၉၇ ခုနှစ်ကစလို့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်ရေး ပေါ်လစီကို အာဆီယံက တောက်လျှောက် ချမှတ် ကျင့်သုံးခဲ့တာ ဖြစ်ပေမဲ့ အခုချိန်ထိ တစုံတရာ တိုးတက် ပြောင်းလဲမှု ဖြစ်ထွန်းလာတာ မတွေ့ရသေးပါဘူး။

ဗီယက်နမ်မှာ ကျင်းပနေတဲ့ အာဆီယံ စည်းဝေးပွဲပြီးရင်လည်း ခါတိုင်း အစည်းအဝေးတွေလိုပဲ စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတဲ့ ကြေညာချက်မျိုး ထွက်ပေါ်လာမှာတော့ မဟုတ်ဘူးလို့ မြန်မာ့ အတိုက်အခံ အင်အားစုတွေက ပြောဆိုနေကြပါတယ်။

ရင်းမြစ်..VOA

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှ မဲဆောက်သို့ နေ့ချင်းပြန် သွားရောက် အလုပ်လုပ်နေသည့် နေ့စား အလုပ်သမားများနှင့် ဈေးသည်များ အခက်ကြုံရ

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ နှစ်နိုင်ငံဆက်သွယ်ရေး နယ်စပ်ဂိတ်များကို ယခုဇူလိုင် ၁၈ရက်နေ့မှစပြီး ရက်သတ္တပတ်ကြာ ပိတ် ထားသဖြင့် မြ၀တီမှ မဲဆောက်သို့ နေ့ချင်းပြန် သွားရောက် အလုပ်လုပ်နေသည့် နေ့စား အလုပ်သမားများနှင့် ဈေးသည်များ အခက်ကြုံရသည်ဟု မြို့ခံများက ပြောသည်။

မဲဆောက်ဈေးတွင် ဟင်းသီးဟင်းရွက်များကို မြဝတီမှနေ၍ လာရောက်ရောင်းချနေသော အမျိုးသမီးတစ်ဦးက “ဂိတ် ပိတ်ထား တော့ ကျမတို့မှာ အခက်ကြုံတယ်လေ။ ကျမတို့က မဲဆောက်မှာ ဈေးသွားရောင်းရတယ်။ အခု ဂိတ်တွေ ပိတ်ထားတော့ သွားလို့ မရတော့ဘူး။ တပတ် စောင့်ရမယ်တဲ့”ဟု ပြောသည်။

မြဝတီတွင် နေထိုင်ကြသူ အများစုသည် မြန်မာပြည်ထွက် ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို တရားမဝင်ဂိတ်များမှ ဖြတ်ကျော်ကာ မဲဆောက်သို့ မနက်သွားညပြန် အလုပ်လုပ် စီးပွားရှာနေသူများဖြစ်သည်။ ထို့အပြင် ယခုလို ဂိတ်များ ပိတ်ထား ခြင်းဖြင့် မြန်မာပြည်သား ကျဘမ်းအလုပ်သမားများနှင့် ကုန်ထမ်းသမားများမှာ အလုပ်လက်မဲ့ ဖြစ်ရသည်ဟု သိရသည်။

မဲဆောက်-မြ၀တီ နေ့စဉ် သွားလာနေသည့် ကုန်သည်အမျိုးသမီးတစ်ဦးက “အခု တံတားကော၊ ဂိတ်တွေကော ပိတ်လိုက်တယ် လေ။ အရင်ကဆို တံတားပိတ်ရင် အောက်လမ်းက ဖွင့်နေသေးတော့ သွားလာလို့ ရသေးတယ်။ အခုတော့ အကုန်ပိတ်တာ ဘာ လုပ်စားရမှန်းတောင် မသိတော့ဘူး။”ဟု ဆိုသည်။

သို့သော် တချို့သောဂိတ်များက နားလည်မှုဖြင့် သက်ဆိုင်ရာ လူကြီးများမသိအောင် ခိုးဖွင့်ပြီး သွားလာခွင့်ပြုပေးသည်ဟု ဒီကေ ဘီအေ ဂိတ်မှူးတဦးက ပြောသည်။ “မနက်စောစော ၆နာရီလောက်ကို ခဏတဖြုတ် ဖွင့်ပေးတယ်။ ဖြတ်သွားချင်တဲ့ လူတွေက အများကြီးလေ။ သူတို့ရဲ့ စားဝတ်နေရေးပြဿနာတွေကို ဒီလိုသွားလာပြီး ဖြေရှင်းလုပ်ကိုင်နေတာ အခုမှ မဟုတ်ဘဲ”ဟု ပြော သည်။

မြ၀တီမြို့တွင် နယ်စပ်စစ်ဆေးရေးဂိတ်ပေါင်း ၃၀ကျော်ရှိပြီး ယခင်က မြို့တွင်း၌ အမှုအခင်းများဖြစ်ပွားလျှင် တရားဝင်ဂိတ်နှင့် တရားမဝင်ဂိတ်အချို့တို့ကို ပိတ်လေ့ရှိသော်လည်း ယခုမူ ဂိတ်အားလုံးကို ပိတ်ထားသောကြောင့် မြန်မာပြည်သူများ သွားလာ ရေး အခက်ကြုံနေရသည်။

မြ၀တီမြို့ရှိ နယ်စပ်ဖြတ်ကျော်မှု တရားဝင်ဂိတ်နှင့် တရားမ၀င်ဂိတ်များကို ယခုလို ပိတ်ထားခြင်းသည် နေပြည်တော်မှ ရဲမှူးကြီး နှင့် မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့က မြ၀တီမြို့သို့ ရောက်ရှိလာပြီး လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို လိုက်လံစစ်ဆေး ဖမ်း ဆီးခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြို့ခံကားပိုင်ရှင်တဦးက ပြောသည်။

“အခုရက်ပိုင်းမှာ နေပြည်တော်က လူကြီးတွေ လာတယ်။ လိုင်စင်မဲ့ကားတွေ၊ ဆိုင်ကယ်တွေကို လိုက်ဖမ်းတယ်။ အဲဒီအတွက် တရားမ၀င်ဂိတ်တွေကနေပြီးတော့ ထိုင်းဘက်က ဆိုင်ကယ်တွေ ခိုးမသွင်းနိုင်အောင် ပိတ်ထားတဲ့သဘောပဲ”ဟု ၎င်းကားပိုင်ရှင် က ပြောသည်။

နေပြည်တော်အဖွဲ့သည် ဇူလိုင်လဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်အတွင်းသို့ စတင်ရောက်ရှိလာပြီး ဖားအံမြို့နှင့် ကော့ကရိတ်မြို့ရှိ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးခဲ့ပြီးနောက် မြ၀တီသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ကော့ကရိတ်မှ-မြ၀တီ သွားလာနေသော ဆိုင်ကယ် Taxi သမားတဦးက ပြောသည်။

သူက “ကျနော် ကြားရသလောက်က ဖားအံမှာ လိုင်စင်မဲ့ကား အစီး ၄၀လောက် ဖမ်းမိတယ်။ ကော့ကရိတ်မှာက ကားတော့ မသိ ဘူး။ ဆိုင်ကယ်တွေ အများကြီး မိတယ်။ သူတို့ဖမ်းတယ်ဆိုတာက သိမ်းလိုက်တာတော့ မဟုတ်ဘူး။ ဖမ်းမိတဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို လိုင်စင်လုပ်ဖို့ စာရင်းတင်ခိုင်းတယ်။”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁ရက်နေ့မှစ၍ လိုင်စင်မဲ့ ဆိုင်ကယ်နှင့် ကားများကို စတင်ဖမ်းဆီးမည်ဟု ပြီးခဲ့သည့် ဇွန်လက မြန်မာ့အ လင်း သတင်းစာထဲတွင် တရားဝင် ကြေညာထားသည်။

ရင်းမြစ်..kicnews.

20 July 2010

ဥသြသံ ဆိတ်သုဉ်းနေဆဲ နေ့


ငယ်စဉ်က ကျောင်းတွေမှာ အာဇာနည်နေ့ မတိုင်ခင် ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်း ဟောပြော ကြပါတယ်။ သတင်းစာ တွေကလည်း အာဇာနည်နေ့ အကြို ဆောင်းပါးတွေ၊ ဓာတ်ပုံတွေကို ဝေဝေဆာဆာ ဖော်ပြကြပါတယ်။

အာဇာနည်နေ့ ရောက်တိုင်း ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ဟာ အနက်ရောင် ဝတ်စုံကို ဝတ်ပြီး ဗိုလ်ချုပ် အောင်ဆန်း အုတ်ဂူမှာ လွမ်းသူ့ ပန်းခြင်း ချလေ့ရှိပါတယ်။ အာဇာနည် ဗိမ္မာန်မှာ အာဇာနည် မိသားစုဝင်တွေ ဂါဝရ ပြုပြီးနောက်ပိုင်း အများပြည်သူတွေ ဝင်ရောက် အလေးပြု နိုင်ပါတယ်။

အာဇာနည်နေ့မှာ ဘယ်သူမှ မနှိုးဆော်ရဘဲ အိမ်တိုင်းမှာ မိမိအသိစိတ်ဓာတ်နဲ့ အလံတိုင်ဝက် လွှင့်ထူတယ်။ ရပ်ကွက်တွေမှာ သံဃာတော်များကို ဆွမ်းကပ်လှူကြပါတယ်။ ဘတ်စ်ကားတွေမှာ အလံငယ်လေးတွေ တိုင်ဝက် လွှင့်ထူထားပြီး ကား ဘေးနှစ်ဖက်မှာ အာဇာနည်နေ့ ပိုစတာတွေ တွေ့ရပါတယ်။

အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့အသံ ရေဒီယိုကနေ ဥသြဆွဲသံ လွှင့်ပေးပါတယ်။ တချိန်တည်းမှာပဲ တမြို့လုံးမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေ၊ သင်္ဘောတွေကလည်း ဥသြဆွဲကြပါတယ်။ မောင်းနေတဲ့ ကားတွေလည်း ဥသြသံ ကြားတာနဲ့ ကားကိုရပ်ပြီး အလေးပြုကြပါတယ်။

ရွှေတိဂုံဘုရားပေါ်တက် ဘုရားဝတ်ပြု၊ အဲဒီကမှတဆင့် အာဇာနည်ကုန်းကို သွားရောက်ပြီး အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုလေ့ရှိကြပါတယ်။ ညဘက်မှာ မြန်မာ့အသံက ည ၈း၁၅ နာရီ သတင်း ကြေညာပြီးတဲ့နောက်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကို လွှင့်ပေးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြီးတာနဲ့ အဆိုတော် ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့အကြောင်း သီချင်းကို ထုတ်လွှင့်ပေးပါတယ်။

အာဇာနည်နေ့ဟာ ၁၉၈၉ ခုနှစ်က စပြီး အရင်နှစ် အာဇာနည်နေ့တွေနဲ့ မတူတော့ဘဲ လုံးဝ ပြောင်းလဲသွားပါတယ်။

အဲဒီနှစ်က အာဇာနည်နေ့မှာ ကျနော်တို့ အုပ်စုဟာ ရွှေဂုံတိုင်လမ်းဆုံ အုတ်လမ်းဘက်ဆီကို သွားကြပါတယ်။ အားလုံးဟာ မပြေးရုံတမယ် ခပ်သွက်သွက် လျှောက်နေကြပါတယ်။ အုပ်စုထဲက တယောက်ရဲ့ လက်ထဲမှာလည်း ပန်းခွေ ခပ်ကြီးကြီး တခု ကိုင်ဆောင်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးချိန် ဥသြဆွဲချိန်အမီ အုတ်လမ်း မီးပွိုင့်မှာ ပိတ်ဆို့ထားတဲ့ သံဆူးကြိုးပေါ်မှာ ပန်းခွေချ အလေးပြုဖို့ ဖြစ်ပါတယ်။ စစ်သားတွေက အာဇာနည်ကုန်း သွားရာလမ်းတွေကို ပိတ်ထားကြပါတယ်။ ကျနော်တို့လည်း အုတ်လမ်း မီးပွိုင့် ရောက်တာနဲ့ တပြိုင်နက် ဥသြဆွဲသံ ပေါ်ထွက်လာပါတယ်။ ကျနော်တို့ထဲက ပန်းခွေ ကိုင်ထားတဲ့ ရဲဘော်ခင်မောင်လှ ၏ သား အတာ (ခေါ်) တာရာ (စတီရီယိုအဆိုတော်) က ပန်းခွေကို သံဆူးကြိုးပေါ် တင်လိုက်ပြီး ကျနော်တို့ အားလုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုကြပါတယ်။ လမ်းကို ပိတ်ဆို့ စောင့်နေတဲ့ စစ်သားတွေလည်း ကြောင်ပြီးတော့ ကြည့်နေကြပါတယ်။ ဘာမှ တုံ့ပြန်မှုတော့ မလုပ်ပါဘူး။

ကျနော်တို့လည်း အလေးပြုပြီးပြီမို့ ရွှေဂုံတိုင်ကနေ မြို့ထဲကို သွားတဲ့ အချိန်မှာပဲ ရွှေဂုံတိုင် လမ်းဆုံကနေ ဗဟန်း ရေခဲဆိုင် ဘက်ကို ကျောင်းသား လူငယ်တွေ တန်းစီပြီး ချီတက်နေကြတာကို တွေ့ရပါတယ်။ ကျနော်တို့အားလုံး အဲဒီအုပ်စုနဲ့အတူ လိုက်ပြီး ချီတက်ခဲ့ကြပါတယ်။ ဗဟန်း ရေခဲဆိုင်ရှေ့ ကြက်လျှာစွန်း လမ်းခွလည်း ရောက်ရော စစ်တပ်နဲ့ ရင်ဆိုင်တိုးပါတော့တယ်။ စစ်တပ်က လမ်းကို ပိတ်ထားပြီး ရှေ့ဆက်မသွားဖို့၊ လူစုခွဲဖို့ ပြောပါတယ်။ ရှေ့ဆုံးက ကိုကိုကြီး (၈၈မျိုးဆက်ကျောင်းသား၊ ယခုအကျဉ်းကျ) က ကိုင်ထားတဲ့ လော်စပီကာငယ်ကို နောက်ကို ပြန်လှည့်ပြီး အားလုံးထိုင်ကြဖို့ ပြောပါတယ်။ စစ်တပ်က လမ်း မဖွင့်ပေးမခြင်း ကျနော်တို့ ထိုင်သပိတ် လုပ်ကြမယ်ပေါ့။ စစ်တပ်နဲ့လည်း ညှိပြီး လမ်းဖွင့်ပေးဖို့၊ အာဇာနည်ခေါင်းဆောင်တွေကို ငြိမ်းငြိမ်း ချမ်းချမ်း အလေးပြုဖို့ သွားမှာ ဖြစ်တယ်လို့ ပြောဆို ဆွေးနွေးဖို့ သဘောထားကြပါတယ်။ ကျနော်တို့ အားလုံး လမ်းပေါ်မှာ ထိုင်နေကြပါပြီ။

အဲဒီအချိန်မှာပဲ စစ်တပ်က အချိန် ၁၅ မိနစ်ပေးမယ်၊ လူစုခွဲကြဆိုပြီး အော်ဟစ်ပြောဆိုပါတယ်။ ၅ မိနစ်လောက် အကြာမှာ စစ်တပ်က ရှေ့ကိုတက်လာပြီးတော့ ရိုက်ပါတော့တယ်။ ကျနော်တို့လည်း ပြေးရပါတော့တယ်။ ကျနော်တို့အုပ်စုက ကိုဘိုလေး၊ မခင်ခင်ဦးနဲ့ တခြားသူတွေက ပန်းချီပန်းပုကျောင်း အုတ်တံတိုင်းကို ကျော်ပြီး ပြေးကြပါတယ်။ လူစု ကွဲသွားကြပါတယ်။ ကျနော်လည်း လူအုပ်ကြီးနဲ့ ပြေးရင်း ပလက်ဖောင်းပေါ် လဲကျ သွားပါတယ်။ ကျနော့် ကျောပေါ်ကနေ လူတွေ ဖြတ်ပြီး ပြေးကြပါတယ်။ စစ်သားတွေ ရောက်လာပြီး ကျနော့် ခေါင်းနဲ့ ကျောပေါ်ကို ရာဘာတုတ်နဲ့ ရိုက်ကြပါတယ်။ အချက်ပေါင်း များစွာ ရိုက်နှက်ပြီးမှ သူတို့ ထွက်သွားပါတယ်။ ကျနော်လည်း ခဏလောက် မှောက်လျက်ကြီး ငြိမ်နေလိုက်တယ်။ အသံတွေ မကြားရတော့တဲ့ အခါမှာ ခေါင်းထောင်ပြီး လှည့်ကြည့်လိုက်တော့ လဲနေတဲ့သူတွေကို စစ်ကားပေါ် စပြီး တင်နေတာကို တွေ့ရပါတယ်။ ကျောင်းသားတွေကို ဖမ်းပြီး တင်ထားတဲ့ စစ်ကား တစီး ဖြတ်သွားတာကိုလည်း တွေ့လိုက်ရပါတယ်။ စစ်ကားပေါ်မှာ ကျနော်တို့အုပ်စုက ကိုမြင့်နိုင် ပါသွားတာကို မြင်လိုက်ရပါတယ်။ ကိုမြင့်နိုင်က အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇာတ်နဲ့ အမျိုးတော်ပါတယ်။

လဲကျနေသူတွေကို စစ်ကားပေါ် ဆွဲတင်နေတာ ကျနော်နဲ့ တော်တော်နီးလာပါပြီ။ အဲဒါနဲ့ ကျနော်လည်း ထပြေးပါတော့တယ်။ ပြေးနေတုန်း ရှေ့ကသွားနေတဲ့ စစ်သား နှစ်ယောက်က လှည့်ပြီး ရိုက်တာကို ခံရပါသေးတယ်။ ကျနော်လည်း ပန်းချီပန်းပုကျောင်း တဘက်ခြမ်းမှာရှိတဲ့ ကုန်းမြင့်ပေါ်က ဘုန်းကြီးကျောင်းဝင်းပေါ်ကို တက်ပြီး ပြေးပါတယ်။ ကျနော့်ကို ဦးပဉ္ဇင်းတပါးက တွဲခေါ်သွားပါတယ်။ နောက်တော့ ကျောင်းကို စစ်သားတွေ ဝိုင်းထားတယ်လို့ ဦးပဉ္ဇင်းက ပြောပါတယ်။ ချက်ခြင်း မထွက်ဖို့၊ ခဏစောင့်ဖို့ ပြောပါတယ်။ ကျနော် ဘုန်းကြီးကျောင်းမှာ တနာရီလောက် နေပါတယ်။

စုရပ်ကို ကျနော် ပြန်ရောက်တော့ လူစုံနေပါပြီ။ ကျနော် တို့အုပ်စုက မစန္ဒာမင်း ခေါ် ရွှီးနဲ့ ကိုမြင့်နိုင်တို့ ၂ ယောက် အဖမ်းခံရပါတယ်။ ကိုမြင့်နိုင်က နောက် ၂ ရက်လောက် နေတော့ ပြန်လွတ်လာပေမယ့် မစန္ဒာမင်း(သုံးရောင်ခြယ်)ကတော့အဲဒီအချိန်မှာထောင်ကျသွားပါတယ်။(ယခုတွင်လည်းနောက်တကြိမ်အကျဉ်း
ထောင်ထဲတွင်ထောင်ဒဏ်(၆၅)နှစ်ကျခံနေရဆဲပါ)။ အဖမ်းခံရပြီး ထောင်ကျသွားတဲ့ တခြား အဖွဲ့အစည်းက ကျောင်းသား လူငယ်တွေလည်း အများကြီးပါပဲ။ စစ်သားတယောက်က လှံစွပ်နဲ့ ထိုးလို့ ကျနော်တို့ အုပ်စုထဲက ဘောကြီး ခေါ် ကျော်စိုးနိုင် လက်မှာ ဒဏ်ရာရပါတယ်။

ဒါတွေကတော့ ၁၉၈၉ အာဇာနည်နေ့မှာ ကြုံတွေ့ခဲ့ရတာတွေ ပါပဲ။ အဲဒီနှစ်ကစပြီး ယခုချိန်ထိ ဇူလိုင် ၁၉ ရက်နေ့ ရောက်တိုင်း အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ကျဆုံးချိန် ဥသြဆွဲသံကို မကြားကြရတော့ပါဘူး။ အိမ်တွေမှာလည်း အလံတိုင်ဝက် လွှင့်ထူတာကို တချို့ မြို့နယ်တွေမှာ အာဏာပိုင်တို့က ပြဿနာရှာ အရေးယူတယ် လို့တောင် ကြားနေရပါတယ်။ ကျောင်းတွေမှာလည်း အာဇာနည်နေ့ ဟောပြောပွဲတွေ မလုပ်တော့ပါဘူး။

တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်။

ကိုသက်ဦး(လမ်းမတော်)

စစ်အာဏာရှင်၏ထိန်းချုပ်မှုကို တရားဝင်ဖြစ်စေသည့်ရွေးကောက်ပွဲအားဆန့်ကျင့်စည်းရုံးလှုပ်ရှားကြ

 ညနေစောင်းမှာ နွံနစ်သည့်ကြာ ဇာတ်ကားရိုက်ကူးရန် ဒါရိုက်တာ တင်သန်းဦးကို တိုက်တွန်းရတော့မှာမို့...

ညနေစောင်းမှာ နွံနစ်သည့်ကြာ ဇာတ်ကားရိုက်ကူးရန် ဒါရိုက်တာ တင်သန်းဦးကို တိုက်တွန်းရတော့မှာမို့...





၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် ခြေလှမ်းတရပ်မဟုတ်။ ခွေးကတက်မဟုတ်။ တဆင့်နီးစပ်သည့် နိုင်ငံရေးလမ်း မဟုတ်။ ဗြောင်လိမ်ထားသော လုပ်ကြံမှူသက်သက်။

မြန်မာနိုင်ငံမှာ စစ်အစိုးရက ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာ တကြိမ်လုပ်ခဲ့ပြီးပြီ။ ယင်းရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပြီ။ ပြည်သူတွေက လွတ်လပ်စွာမဲပေး၍ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ သမိုင်းအမှန်ဖြစ်သည်။

ယခု၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်။ ထို့ကြောင့် ဤရွေးကောက်ပွဲသည် ခွေးကတက် မဟုတ်။ လမ်းစ မဟုတ်ကြောင်း ပြောဆိုရခြင်းဖြစ်သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဒါရိုက်တာတင်သန်းဦးရိုက်ကူးသည့် (အရုဏ်ဦးမှာ ဖူးသည့်ကြာ) ဇာတ်ကားထဲက ခန့်စည်သူပြောသောစကားမှာ စစချင်း လူတိုင်း၏ ရင်ကို ဆောက်နှင့်ထွင်းလိုက်သည်။ ယင်းမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေကို တခဲနက် ထောက်ခံမဲပေးခဲ့ကြသည်ဟု ပြောခြင်းဖြစ်သည်။ ၁၉၇၄ ခုနှစ်သည် မဆလပါတီ၏ အဆိုးရွားဆုံး တပါတီအာဏာရှင်စံနစ်ကို ကျင့်သုံးနေချိန်ဖြစ်သည်။ဒါရိုက်တာတင်သန်းဦး နေထိုင်သောပြည်နယ် မြို့ နယ်တွင် မည်သူက ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသည်ကိုမျှ သူကိုယ်တိုင်ပင် မသိရှိခဲ့သူဖြစ်သည်.။ လူတိုင်းလူတိုင်းသည် မည်သူမှန်း မသိသော လွှတ်တော်ကိုယ်စားလှယ်ကို ဖြူသည် မဲသည် မသိ ။ ယင်းအချိန်က ကျွန်တော်တို့ မှာ ဘာမျှမသိဘဲ မမြင်ဖူးပါဘဲ မဲပေးခဲ့ရသည်။ ၄င်းမှာ စစ်အစိုးရကို ကြောက်၍ မဲပေးခဲ့ရခြင်းဖြစ်သည်။ ဤသည်ကို ဒါရိုက်တာတင်သန်းဦးက တနိုင်ငံလုံးက မဲကိုကြိုက်၍ တခဲနက်ထောက်ခံ ပေးခဲ့ကြသည် ဆိုရာ သမိုင်းကို အတိအကျ လိမ်ခြင်းဖြစ်သည်။

ဗိုလ်နေ၀င်းရှုပ်သမျှ စာအုပ်ကျတော့ မဖတ်ရဆိုပြီး- အကွဲအပြဲစာအုပ်ကတော့ ဖတ်ကြည့်ခိုင်းသော ဇာတ်ဝင်ခန်းမှာမူ ဟာသဖြစ်နေသည်။ တော်ပါသေးသည်။ ပြည်ပမှထုတ်ဝေနေသော စာအုပ်စာတမ်းများကို နအဖစစ်အုပ်စုက သူတို့လက်ထဲတွင် ယင်းစာအုပ်များကို ၇ရှိထားပါသည်ဟု ဖေါ်ပြခြင်းကို ၀မ်းမြောက်စွာ ကြိုဆိုလိုက်ရသည်။
မိုးလုံးပြည့်မုသာဝါဒ စာအုပ်များကိုလည်း သူတို့မှာ သေသေချာချာ ပုံနှိပ်ထုတ်ဝေခဲ့သည်ကိုလည်း ကျေးဇူးတင်ရပါသေးသည်။

ချည်မျှင်နှင့့်် အထည်စက်ရုံမှ အလုပ်သမားများမှာ ရေဒီယိုနားထောင်ပြီး သတင်းများရေးသားကူးယူကာ ထောက်လှမ်းရေးဌါနသို့ ပေးပို့နေရသည်မှာ ယခုထိတိုင်အောင် လုပ်နေရပါသည်ဟု မကြာသေးခင်က ပုဂ္ဂိုလ်တဦးပြောပြပါသည်။ ယင်းစာအုပ်များကို ရေးသားကြခြင်းအား မီဒီယာသမားတွေက ၀ါဒဖြန့်ချီနေသည်ဟု ဆိုထားပြန်သည်။

စင်စစ်တင်သန်းဦးသည် ငါ့စကားနွားရလုပ်လိုက်ခြင်းဖြစ်သည်။ ရုပ်ရှင်ဒါရိုက်တာကောင်းတဦးအနေနှင့် ရိုက်ပြနေခြင်းမဟုတ်ဘဲ -စစ်အစိုးရအတွက် မီဒီယာလက်နက်ကို တိကျစွာအသုံးချခြင်းဖြစ်သည်။

ရဲများအတွက် ပြဿနာတခုမှာ ပြည်သူ့ရဲကို ကျီးကန်းဟု နာမည်ပေးလိုက်သေးသည်။ ကျီးကန်းဆိုသည်မှာ သူခိုးမျက်စိဖြင့် လူကို စောင်းကြည့်နေတတ်သည်ကို သူခိုးကျင့်သူခိုးကြံရှိသည်ဟု ခိုင်းနိုင်းပြောဆိုလိုက်သည်။ ထို့ကြောင့် ဒါရိုက်တာတင်သန်းဦးက ရဲများကို ကျီးကန်းဟု နာမည်ဘွဲ့တလုံးပေးလိုက်သည်မှာ ရဲတဖွဲ့လုံးကို စော်ကားလိုက်သလိုဖြစ်ပြန်သည်။

ပြီးတော့ ခိုင်သင်းကြည်ပြောသလို အများနည်းတူလိုက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးလို့ မဲအနိုင်ရရှိခြင်း မဟုတ်။ ယင်းတုန်းက မဲပေးသော ခိုင်သင်းကြည်သည် ဘာကြောင့် မဲပေးသည်ကို တနေ့ ပြည်သူတွေအား ၀န်ခံ ထုတ်ဖေါ်ပြောဆိုရန်လိုသည်။
သမိုင်းကို လိမ်မှန်း သိရဲ့ သားနှင့် ပြည်သူချစ်သော အနုပညာသည်များက ဤသို့ပြောဆိုကြလျင် ထမင်းရှင်မျက်နှာကို မထောက်သော လူတန်းစားမျိုးဖြစ်သည်။ ခွေးတိရစ္တာန်များတောင်မှ သခင်ကိုသိကြသည်။ ထို့ကြောင့် ခွေးထက်အသိဥာဏ်ရှိသော ခိုင်သင်းကြည်သည် ၁၉၉၀ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရခြင်းအကြောင်းအား ပြတ်သားစွာ ရှင်းလင်းပေးရန်လိုသည်။
ဒါရိုက်တာ တင်သန်းဦးမှာ မဲပေး၍ အာဏာမရရှိခဲ့မူအကြောင်းကို သို့မဟုတ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖေါ်ပေး၍ ခုအချိန်ထိ ပြဿနာဖြစ်နေသည်ကို ရေငုံနုတ်ပိတ်ထားလိုက်သည်။ သမိုင်းအမှန်ပြနေပါလျှက် ဘာတခုမျ ဇာတ်ဝင်ခန်းအတွင်း ထည့်မပြောခဲ့။

ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းသောအခါ သမတစပ်ရွှေသိုက်အိမ်တွင် သေနတ်ဖြင့်် ပစ်သတ်၍ ဖမ်းဆီးမှူကြောင့် သမတ၏သားမှာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ အာဏာသိမ်းပြီး ၅ လအကြာ ဇူလိုင်ရ ရက်နေ့တွင် ကျောင်းသားများကို ရက်ရက်စက်စက် တက္ကသိုလ်ကျောင်းဝင်းအတွင်း သတ်ဖြတ်သည်။ ညဉ့်သန်ခေါင်တွင် ကျောင်းသားသမဂ္ဂအဆောက်အဦကို ကျောင်းသားများ ပုန်းအောင်းနေသည့်အထင်ဖြင့် ဒိုင်းနမိုက်နှင့် ဖြိုခွဲပစ်ဖေါက်လိုက်သည်။
ဒါရိုက်တာတင်သန်းဦးသည် ဘာကြောင့်များ သမိုင်းဖြစ်ရပ်အမှန် ဆိုပြီး ယင်းအကြောင်းများကို ခန့်စည်သူအား သရုပ်ဆောင်ရန် မပြောကြားခဲ့ပါသနည်း။ သမိုင်းဆိုသည်မှာ လိမ်၍ညာ၍မရ။ ၄င်းပြဿနာတို့မှာ မကြာသေးသောအချိန်များကသာဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ် ၂ ရက်အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာ ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဆန်ပြဿနာအရေးအခင်းဖြစ်ခဲ့သည်။ ယင်းနေ့တွင် ဆန်ကိုရောင်းချပေးပါသည် ဆိုသော ကျွန်တော်တို့ ရခိုင်လူမျိုးများအား ရာကျော်ပစ်သတ်ခဲ့သည်။ သြဂုတ် ၁၃ ရက်နေ့သည် ကျွန်တော်ပြုလုပ်သော ဆန်ပြဿနာ ဖြေရှင်းပါ- ရခိုင့်အရေးတော်ပုံအောင်ရမည် ဆိုသော - ပိုစတာဆိုင်းဘုတ်ဖြင့် စတင်ချီတက်ဆန္ဒပြခဲ့သောနေ့ဖြစ်သည်။ ယင်းနေ့တွင် လူပေါင်းများစွာ သေဆုံးခဲ့ကြသည်။ ဤအကြောင်းကို သမိုင်းဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပြီး ဒါရိုက်တာလုပ်ပြီး ပြနေသော တင်သန်းဦးသည် ဘာကြောင့်များ ထိမ်ချန်ပြီး ထားခဲ့ပါသနည်း။

၈၈ အရေးအခင်းသည် ဦးနေ၀င်း၏ စစ်တပ်ဆိုတာ လူကိုတည့်တည့်မှန်အောင် ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူး ဆိုပြီး အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခိုင်းခဲ့သောကြောင့် သွေးစွန်းခဲ့ရသော နေ့ရက်များဖြစ်သည်။ ယင်းကာလက စစ်တပ်သည် ပြည်သူပေါင်းများစွာကို ထောင်နှင့် ချီ၍ ပစ်သတ်ခဲ့သည်။ ပြည်သူတို့မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးရသည်။ တိုင်းတပါးများသို့ ဒုက္ခသည်များအဖြစ် ရောက်ရှိနေသော မြန်မာနိုင်ငံသား ဒုက္ခသည်များကို (အရုဏ်ဦးမှာ ဖူးသည့်ကြာ )ဆိုပြီး ရိုက်ခြင်းထက် (ညနေစောင်းမှာ နွံနစ်သည့်ကြာ )ဆိုပြီး ရိုက်လျင် မိန်းခလေးများ၏ ဘ၀သည် မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို ပီပြင်စွာ သရုပ်ဆောင်ပြသကြမည်ဖြစ်သည်။

၈၈ မှသည် ယခုအချိန်ထိ ပြည်ပနိုင်ငံခြားတွင် မြန်မာနိုင်ငံသားတို့မှာ ဒုက္ခသည်ဖြစ်နေကြရသည်မှာ သန်းနှင့်ချီ၍ ရှိနေပါပြီ။ ယင်းဒုက္ခသည်တို့မှာ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မူကြောင့် ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံရေးသမားတွေကြောင့်တော့ မဟုတ်တန်ရာ။ အဘယ့်ကြောင့် သမိုင်းဖြစ်ရပ်မှန်ကို ဒါရိုက်တာတင်သန်းဦးမှာ မျက်မှောက်ကာလ၌ ပြည်သူတွေ ခံစားနေကြသည်ကို မရိုက်ပြရဲပါသနည်း။၁၈ နှစ်ပြည်လျင် မဲပေး၍ရပြီဟု ပြောနေသည်မှာ ယင်းဇာတ်ကား၏ အနှစ်သာရထင်သည်။ ပါဝင်သူတိုင်း ပြောနေကြသည်။ မည်သူ့ကို မဲပေးချင်သည်ကို သားသမီးများအား မိဘများက ပြောဆိုခန်းမပါ။

မြန်မာနိုင်ငံရေးသမိုင်းအကြောင်းကို ရှင်းလင်းပြနေသော ခန့်စည်သူနှင့် ခိုင်သင်းကြည်မှာ ကြံ့ဖွံ့ကိုလည်း မဲပေးရန် မပြော။ တစညကိုလည်း မဲပေးရန်မပြော။ မည်သည့်နေ့မှာ ရွေးကောက်ပွဲပြုလုပ်ရန်လည်း မပြောမဆို။ သည်တော့ ၀ါဒဖြန့်ချီရာ၌ပင် ကွက်လပ်တွေက ဟာနေသည်။ စစ်အစိုးရကြိုက်အောင် အသက် ၁၈ နှစ်ပြည့်ပြီ ဆိုလျှင်ပင် လုံလောက်နေပြီဟု ထင်သည်။ သို့သော် ဤနေရာ၌ ဒါရိုက်တာတင်သန်းဦး အမှားကြီး မှားသွားပြီဖြစ်သည်။ ဗီဒီယိုရုပ်ရှင်ကြည့် ပရိတ်သတ်တို့သည် မဲပေးရန် ၁၈ နှစ်ပြည့်ပြီ ဆိုသောစကားကို ကြည့်နေချိန်အတွင်းမှာပင် ရယ်ကြသည်။
အကြောင်းမှာ ၁၈ နှစ်ပြည့်ပြီဆိုသော သူတို့မှာ ဘယ်တော့မဲပေးရမှာလဲ ဆိုသောမေးခွန်းကို မပြောကြ၍ဖြစ်သည်။ မဲပေးမည်ဟုပြောသောသူတို့မှာလည်း ဘယ်သူ့ကို မဲပေးချင်သည်ဟု ထုတ်မပြော။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို မ၀င်။ မှတ်ပုံမတင်။ သပိတ်မှောက်ထားသည်။ ထို့ကြောင့် အခြားပါတီများကို မဲပေးချင်သည်ဟု ပြောဆိုဆွေးနွေးခြင်းမျိုးမတွေ့ရ။

ဒါရိုက်တာတင်သန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်နာမည်အား ယင်းကား၌ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဟု ခန့်စည်သူအား သရုပ်ဆောင်ခိုင်းရာ၌ ထည့်သွင်းပြောဆိုခိုင်းရမည်ဖြစ်သည်။ သို့သော် မခိုင်းခဲ့။ သမိုင်းကို ဗြောင်လိမ်ပြီး စစ်အစိုးရအကြိုက် လိုက်ရသော ဤဒါရိုက်တာတင်သန်းဦးမှာ သန်းရွှေထက်ပင် ကြောက်စရာကောင်းသော မီဒီယာလူသတ်သမားဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ အပြစ်မဲ့ပြည်သူကို သူအာဏာရရှိရေးအတွက် လူဦးရေအလိုက် သတ်သည်။ ယခုဒါရိုက်တာ တင်သန်းဦးမှာ ငယ်ရွယ်နုပျိုသော မြန်မာနိုင်ငံသားလူမျိုးတမျိုးလုံးအား သမိုင်းအမှားကို နောင်မျိုးဆက်ပေါင်းများစွာ အမှတ်မှား အသိမှားဖြစ်အောင်လုပ်သော ဦးဏှောက်ဖျက်ဆီးရေးသမားဖြစ်သည်။

ယခုအချိန်သည် ဗကပ၏ နေ၀င်ချိန်မဟုတ်။ နအဖစစ်အစိုးရ၏ နေ၀င်ချိန်ဖြစ်သည်။ ဗကပမှာ ဖြုတ်ထုတ်သတ်လမ်းစဉ်ရှိခဲ့သည်ကို ငြင်းဆိုသံမကြားဖူး။ တကယ်ဖြစ်ပျက်ခဲ့သော သူတို့ပါတီ၏ အကြောင်းကို မည်သည့်အတွက်ကြောင့် ယင်းကား၌ ပြသနေရသနည်းမသိ။ တခုတော့ရှိသည်။ လွတ်လပ်ရေးမှာ အတုအယောင်ပဲ ဆိုသောစကားသည် ယင်းကား၌ အကောင်းဆုံးပြောင်မြောက်သော စကားဖြစ်သည်။ မည်သို့ပင်ဆိုစေ အာဏာရှင် ဦးနေ၀င်းအကြောင်းကိုလည်း မကောင်းမပြော။ လက်ရှိလူသတ်သမား ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းကိုလည်း ဆိုးဆိုးကောင်းကောင်း မပြောသည်မှာတော့ သမိုင်းဖြစ်ရပ်မှန် မဟုတ်။

ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ -ဗိုလ်ချုပ်ခင်ညွန့် အကျယ်ချုပ်နှင့် အဖမ်းဆီးခံနေရပုံတွေကို ရိုက်ပြမှ သင့်တော်မည်ဖြစ်သည်။ သို့သော် ယခုပြသောကားမှာ လူငယ်မောင်မယ်များနှင့် ပြည်သူတို့အား မြန်မာနိုင်ငံရေးသမိုင်းဖြစ်ရပ်မှန်ကို ပြသသောဇာတ်ကားမဟုတ်ချေ။ တနည်းအားဖြင့် ဖျော်ဖြေရေးပြသောကား မဟုတ်ပြန်သောကြောင့် မီဒီယာဝါဒဖြန့်ချီရေးကားသာဖြစ်သည်။

ဆိုရလျင် ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက လုပ်ချင်နေသည်။ လူတွေကို မဲပေးစေချင်သည်။ ကြံ့ဖွံ့ကို မဲပေးရန်အထူးလိုလားနေသည်။ ကြံ့ဖွံ့နှင့် တစညတို့သည် စစ်အစိုးရ၏ ပါတီဖြစ်သည်။ မသိနားမလည်သောသူများက ကြံ့ဖွံ့ကို မဲပေးချင်ပြီး တစညကို မဲပေးလျင်လည်း စစ်အစိုးရကို မဲပေးခြင်းဖြစ်သည်။ သူတို့မှာ တွက်ချက်ထားကြပြီးဖြစ်သည်။

ယခုလက်ရှိဝန်ကြီးချုပ်သိန်းစိန်သည် နယူးယောက်မြို့ မှာ ဖိနပ်စာမိသွားသူဖြစ်သည်။ ကုလသမဂ္ဂညီလာခံကို တက်ရောက်ရန်လာကြစဉ် သိန်းစိန်ကော ဥာဏ်ဝင်းပါ ဖိနပ်ဖြင့် ပစ်ပေါက်ခံသွားရ၍ အမေရိကန်ရဲများက တင်းကြပ်စွာခေါ်သွားရပြီး ကားဖြင့်နောက်ဖေးဘက်က လှည့်ပတ်ထွက်ပြေးခဲ့ရသူဖြစ်သည်။ ယင်းဖိနပ်သိန်းစိန်မှာ ကြံ့ဖွဲ့ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ တွေးကြည့်က သိနိုင်သည်။

စင်စစ်မှာ ရွေးကောက်ပွဲကို ပြုလုပ်ချင်နေသောသူတို့မှာ ဗကပသည် အဖျက်သမားများဟု ပြောလိုသည်လားမပြောတတ်။မျက်မှောက်ကာလမှာမူ ဗကပနှင့် နအဖစစ်အစိုးရတို့ ၏ ပြသနာမဟုတ်ချေ။ ဗကပ ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မပြိုင်။ အသိအမှတ်လည်းမပြု။ ဦနု အစိုးရခေတ်နှင့် တပါတည်းဖြစ်ခဲ့သော ပြည်တွင်းစစ်ပြဿနာများကို ပြနေသည်မှာ ဘာကြောင့်များမှန်းတော့မသိ။

သို့သော် သူတို့ပြောနေသောစကားတခွန်းမှာ နိုင်ငံရေးသမားတွေက နိုင်ငံရေးလုပ်စား၍ နိုင်ငံပျက်စီးသွားရခြင်းဟု ပြသနေခြင်းမှာ တမျိုးဖြစ်နေသည်။ တော်လှန်ရေးကောင်စီအစိုးရက ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတက်လာသည်ကို တခွန်းသာပြောပြီး အပြစ်မဲ့ပြည်သူများအား သတ်ခဲ့ရခြင်းကို ဘာမျှမပြောချေ။ ငြိမ်းချမ်းရေးအတွက် ၁၉၆၃ ခုနှစ်မှာ လာခဲ့ကြသည်ကိုလည်း ပြသထားသည်ကိုက တပ်မတော်အစိုးရက ငြိမ်းချမ်းရေးကိုပင် လိုချင်၍ တော်တော်ကြီး လုပ်ခဲ့ရသလိုပင်ဖြစ်သည်။ ၈၈ ခုနှစ်အရေးအခင်းကာလကို ပြသသည့်အခါမှာလည်း ခေါင်းဖြတ်သောသတင်းကို ပြလိုက်သေးသည်။ စစ်တပ်မှ လူသတ်သည့်အကြောင်းအရာများ တစက်မျှ မပါ။ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပုံများမပါ။ တချိန်တည်းမှာ ဦးနုက စင်ပြိုင်အစိုးရ အဖွဲ့အစည်းအကြောင်းကို မပြသ။

အထုးသဖြင့် "ရွေးကောက်ပွဲပြုလုပ်သောအခါ အရွေးမမှားဖို့ ၊ဦးဏှောက်နှင့် အသိတရားနှင့် ယှဉ်ပြီးစဉ်းစားပြီး မဲထည့်ပေးဖို့ .." ခန့်စည်သူကြေ့ပာသွားသည်။ သည်တော့ အရွေးမှန်အောင် ဘယ်သူ့ကိုများ မဲပေးရမှာလဲ ..ဆိုသောစကားကို ဒါရိုက်တာတင်သန်းဦးက ဘာကြောင့်များ မပြောဝံ့သနည်း ။

နောက်ဆုံးမှာ ၀ါဒဖြန့်ကားသက်သက်ဖြစ်ကြောင်း နအဖစစ်ဗိုလ်ချုပ် လူသတ်သမားတွေ၏ ပုံတွေကိုပဲ ပြနေသည်။ လူတွေစီးပွါးရေးကျဆင်းလို့ ချွတ်ချုံကျနေသည်ကို တခွန်းမျှမပြောဘဲ- တံတားတွေ ဆောက်။ တိုက်တွေ ဆောက်ခြင်းများ- အဖက်လုပ်ပြီး ပြောနေသည်မှာ ရီစရာဖြစ်နေပါသည်။

ပြည်တွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြဿနာဖြစ်နေသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖေါ်ပေး၍ နအဖစစ်အစိုးရမှာ ဖင်ပူနေရသည်။ ရာဇပလ္လင်မြဲအောင် မနည်း ကြိုးစားနေရပါသည်။ တနေ့ ကံဆိုးသောနေ့တွင်မူ အ၀ီစီချောက်ထဲ ထိုးကျလျှင်တောင်မူ ချက်ချင်းပေးလွှတ်ကြမည် မဟုတ်။ လည်ပင်းကြိုးကွင်းစွပ်ပြီး မသေမချင်း ရုံးတင်တရားစွဲဆိုကြအုံးမည်ဖြစ်ပါသည်။ ယင်းမှာသမိုင်းဖြစ်ရပ်မှန်ဖြစ်သည်။ ဤသည်မှာ မျိုးဆက်သစ်လူငယ်များ သိသင့်သိထိုက်သော သမိုင်းအစစ်အမှန်ဖြစ်သည်။
ဒုတိယပြဿနာမှာ ကျောင်းသားများဖြစ်သည်။ ၈၈ အရေးအခင်းတွင် ကျောင်းသားများစွာ ထောင်ထဲရောက်ကုန်သည်။တက္ကသိုလ်ကျောင်းသားများ တောထဲတောင်ထဲမှာ သေဆုံးကုန်ကြရသည်။ ပြည်ပမှာကျောင်းသားတို့ လက်နက်ကိုင် တော်လှန်ရေးလုပ်နေကြသည်။
တတိယပြဿနာမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းမှ ရဟန်းသံဃာများဖြစ်သည်။

နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးကြရန် အထူးကြိုးစားနေသည်ကိုတွေ့ရသည်။ သေချာပြီဆိုလျင် မဲပေးရမည့်နေ့ကို ကောက်ကာငင်ကာ ကြေညာမည့်သူများဖြစ်သည်။ စစ်အစိုးရကို ဖါး၍ရွေးကောက်ပွဲကိုဝင်မည့် ပါတီများမှာ အရိုးများသည်။ ချေးများသည်ဆိုပြီး စကားပြောနေပါသည်။ နိုင်ငံခြားတိုင်းပြည်များသို့ပင် ထွက်ပြီး ရွေးကောက်ပွဲဝင်ရေးကို အားရပါးရြေ့ပာဆိုကြပါသေးသည်။ ခုတော့မူ ယင်း ငဖါးပါတီများသည် ငြီးငြူသည်တောင်မှ အဖျားဆွတ်ပြီး ငြီးငြူနေပြသေးသည်။ သူတို့အား ပြည်သူတို့သည် တစက်ကလေးမျှ ယုံကြည်ရန်အကြောင်းမရှိချေ။ သနားစရာလည်း မလိုပေ။

ပြည်တွင်းကပုဂ္ဂိုလ်များအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို တိတိကျကျ ဖျက်ဆီးရပ်တန့်ရေးမှာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရေးအတွက် ဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဆိုသည်မှာ အစိုးရဖွဲ့စည်းရေးဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခုအချိန်တွင် တရားဝင်ရပ်တည်နေရသော နိုင်ငံရေးပါတီမဟုတ်ချေ။ သို့သော် လူထုကြားမှာအမြဲရှိနေပါသည်။ တချိန်တည်းမှာပင် နိုင်ငံတကာအစိုးရများမှလည်း ၂၀၁၀ ရွေးကောက်ပွဲမပြုလုပ်ခင် မည်သို့ပြုလုပ်ချင်သနည်းဆိုသော မေးခွန်းမျိုးကို မေးမြန်းနေပါသည်။ ပြည်တွင်း၏နိုင်ငံရေးအခြေအနေအရ ပစ္စက္ခကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တခုတည်းသော ပြောနိုင်သောစကားမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးသာဖြစ်ပါသည်။

ဤနေရာ၌ ပြည်တွင်းမှကော ပြည်ပမှပါ မျိုးဆက်သစ်လူငယ်များသည်၎င်း။ နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားများသည်၎င်း။ ရွေးကောက်ပွဲရလဒ် ဆိုသည်မှာ ဘာလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိထားရန်လိုပါသည်။ ယင်းမှာ အစိုးရဖွဲ့စည်းရေးဖြစ်ပါသည်။ နအဖစစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အရပ်သားအစိုးရအဖြစ် ဘယ်တော့မှ အသိအမှတ်ပြုပြီး လုပ်ပေးစရာမရှိ။ သည်တော့ ကိုယ့်ဘာသာကိုယ်ဘဲ လုပ်စရာရှိပါသည်။ ပြည်တွင်းမှာ လူထုအစိုးရဖွဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။ သို့သော် ရင်ဆိုင်ရပါလိမ့်မည်။ ထို့ကြောင့် လူထုအစိုးရဖွဲ့စည်းသောအခါ ပိုးစိုးပက်စက်မဖြစ်ရအောင် ပြင်ဆင်မူများပြုလုပ်ရန်လိုပါသည်။

ထို့ကြောင့် ပြည်တွင်းမှပုဂ္ဂိုလ်များ။မျိုးဆက်သစ်လူငယ်များသည် ပြည်ပရှိနိုင်ငံရေးသမားများအား လူထုအစိုးရဖွဲ့စည်းရေးအတွက် ဖြစ်မြောက်ရေးကော်မတီတခုကို ဖွဲ့စည်းကြရန် တိုက်တွန်းနှိုးဆော်ရန် လိုနေပြီ။

ယခုအချိန်တွင် ပြည်ပမှအဖွဲ့အစည်းတချို့ မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း နိုင်ငံတကာများသို့ ထွက်ခွါကြေညာပြောဆိုနေကြပါပြီ။ ကျွန်တော်တို့၏ နိုင်ငံရေးရေစီးကြောင်းသည် နှစ်လမ်းသွားဖြစ်နေကြောင်းကို ကျွန်တော့်မှာ မကြာမကြာ ပြောဆိုရေးသားဖြစ်ပါသည်။ အကြောင်းမှာ ကျွန်တော်တို့က သပိတ်မှောက်ပါသည်ဟု ပြောဆိုသည့်တိုင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများသည် ၂၀၁၀ ရွေးကောက်ပွဲကို လူတိုင်းပါဝင်ခွင့်ရရှိရေးဆိုကာ တိုက်တွန်းပြောဆိုနေပါသည်။ ယင်းမှာ လုံးဝမှားယွင်းသော ပြဿနာဖြစ်ပါသည်။ ကျွန်တော်တို့နှင့် တယောက်တလမ်းဖြစ်နေပါသည်။

ကျွန်တော်တို့မှာ ယခုအချိန်တွင် ယင်းထက်ပို၍ တဆင့်တက်ကာ ပြုလုပ်ရတော့မည်ဖြစ်ပါသည်။ လူထုအစိုးရဖွဲ့စည်းရေးအတွက် ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းနိုင်လျင် သက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရုံပဲရှိပါသည်။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရန်ဖြစ်သောကြောင့် လူထုအစိုးရဖွဲ့လျှင် နိုင်ငံတကာမှ အသိအမှတ်ပြုရန်လိုပါသည်။ ပြည်တွင်းတွင် လူထုအစိုးရဖွဲ့လျင် အသိအမှတ်ပြုသည်ဟုဆိုပါက နိုင်ငံတကာငြိမ်းချမ်းရေးတပ်ကို ခေါ်၍ရပါပြီ။ အစိုးရအဖွဲ့တွင် ပါဝင်သောပုဂ္ဂိုလ်တို့မှာ ပိုးစိုးပက်စက်မဖြစ်။ ချက်ချင်းပြည်သူတရပ်လုံး၏ အသက်စည်းစိမ်ချမ်းသာတို့ကို ကူညီစောင့်ရှောက်ရန် အရပ်သားလူထုအစိုးရက ဖိတ်ကြားလိုက်လျင် အခြေအနေတို့သည် ကိုယ့်ဘက်မှာ ရှိလာပါလိမ့်မည်။

အမေရိကန်။ကနေဒါ။ဂျပန် ၊ဥရောပ နိုင်ငံများမှာ နေထိုင်ကြသော ဒီမိုကရေစီအင်အားစုများမှာ မိမိတို့သက်ဆိုင်ရာနိုင်ငံများမှ ပြည်သူ့လွှွှတ်တော်ကိုယ်စားလှယ် ။အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် အခုအချိန်မှာ အထူးအရေးကြီးနေပြီဖြစ်ပါသည်။ ယင်းသို့တွေ့ဆုံနိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မတီကို အမြန်ဆုံးဖွဲ့စည်းပြီး လူထုအစိုးရဖွဲ့က အသိအမှတ်ပြုပါမည့်အကြောင်း ဆွေးနွေးမှသာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဖျက်ဆီးခံရပြီးဖြစ်သွားပါလိမ့်မည်။

ဤသည်မှာ ကျွန်တော်တို့၏ နိုင်ငံရေးတိုက်ကွက်နောက်ဆုံးဖြစ်ပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )