14 March 2012

ဖဒိုမန်းငြိမ်းမောင်ကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းချ



ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်အကျဉ်းထောင်အတွင်းရှိမြောက်ပိုင်းခရိုင်တရားရုံးကထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံစေရန် ယနေ့အမိန့်ချမှတ်လိုက်သည်။

အသက် ၇၀ ရှိပဒိုမန်းငြိမ်းမောင်ကိုမတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အရထောင်ဒဏ် ၃ နှစ် နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ၁၂၂(၁) အရထောင်ဒဏ် တစ်သက်တစ်ကျွန်းကို တစ်ပေါင်းတည်းကျခံစေရန်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း၎င်း၏ ရှေ့နေဦးကြီးမြင့် က ပြောသည်။

“ အသက်ကြီးတာရယ်၊ ငြိမ်းချမ်းရေးလိုလားတဲ့ အထောက်အထားတွေရှိတဲ့ အတွက်ကြောင့်မို့ လျှော့ပေါ့ တယ်ပေါ့ဗျာ။ သေဒဏ်အစားတစ်သက်တစ်ကျွန်းချတယ်ပေါ့ဗျာ။ အဲလိုပါတယ်” ဟု တရားသူကြီး ၏ အမိန့်ကို ၄င်းက ပြန်ပြောပြသည်။

ဆက်လက်၍ ၎င်းက တရားခွင်သို့ မည်သူမျှတက်ရောက်နားထောင်ခွင့်မပြုခဲ့ဘဲ နှစ်ဘက်ရှေ့နေများရှေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။

ပဒိုမန်းငြိမ်းမောင်အား ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ကလေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ် နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတုရိုက်နှိပ် ထားသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကနဦးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီ တပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံတရားရုံးမှ အမိန့်ချမှတ်ခဲ့ပြီးနောက် ပြစ်ဒဏ် လွတ်မြောက်ကာနီးတွင် မတရားအသင်း ပုဒ်မ ၁၇(၁)၊နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) တို့ဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။

ရှေ့နေဦးကြီးမြင့်က ယခုအမှုမှာတရားစွဲဆိုပုံမှားယွင်းခြင်း၊ တရားစွဲဆိုခွင့်အမိန့် မပြည့်စုံခြင်း၊ ပြုလုပ်မှု တစ်ခုတည်းကိုအမှုနှစ်မှုစွဲဆိုထားခြင်းစသည့် ဥပဒေကြောင်းဆိုင်ရာလွဲမှားမှု များကြောင့် ပြန် လွှတ်ပေးသင့်သည့်အမှုဖြစ်သည်ဟုဆိုသည်။

“ ကျွန်တော်တို့ဘက်ကမကျေနပ်ရင် အယူခံယူလို့ရတာပေါ့။ အဲဒါနဲ့ပတ်သတ်လို့တော့ အမှုသည်ကအခုထိဘာမှမညွှန်ကြားတော့ နောက်ထပ်တိုင်ပင်ကြည့်ရဦးမှာပေါ့” ဟုဦးကြီးမြင့်က ပြောသည်။
အယူခံဝင်မည်ဆိုပါက ရက် ၆၀ အတွင်းတိုင်းတရားလွှတ်တော်သို့ အယူခံဝင်ရမည်ဖြစ်သည်။

ပဒိုမန်းငြိမ်းမောင်၏ ဇနီးဖြစ်သူ နော်ဝါးက တရားခွင်သို့သွားရောက်လိုသော်လည်းသွားရောက်ခွင့်မရခြင်းနှင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းတို့အပေါ်စိတ်ထိခိုက်မိကြောင်းပြောသည်။

၎င်းက“ ကျွန်မအနေနဲ့တော့ဘာမှမတက်နိုင်ဘူး။ သက်သာတဲ့နည်းနဲ့တော့ ဖြစ်စေချင်တာပေါ့”ဟုပြောသည်။
KNU မှခေါင်းဆောင် တစ်ဦးဖြစ်သည့် ပဒိုဒေးဗစ်ထော ကဥပဒေကြောင်းအရနည်း လမ်းရှာဖွေကာပဒိုမန်းငြိမ်းမောင်လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟုပြောသည်။

ယခုနှစ်ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရနှင့် KNU တို့ ပဏာမ တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့စဉ် ပဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့ သည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက လည်းအမှုပြီးပြတ်အောင် စစ်ဆေးပြီးပါက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်ပေးမည်ဟု ကတိပေးပြောကြားထားခဲ့သည်။

ပဒိုမန်းငြိမ်းမောင်သည် ၁၉၆၇ခုနှစ်တွင် တွင် ကရင် အစိုးရ၏ဖမ်းဆီးမှုကို ခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့အပို့ခံခဲ့ရဖူးသည်။ပဒိုမန်းငြိမ်းမောင်တွင် ဇနီးနှင့် သားသမီးငါးဦးရှိသည်။

သတင်း.....Messenger News Journal