15 March 2012

မီဒီယာလွတ်လပ်ခွင့် ကန့်သတ်ခြင်းသည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံ၏ အဓိကမဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်၍ ထောက်ပြဝေဖန်မှုများ ပြုလုပ်ရမည့် သတင်းမီဒီယာများကို မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်ခြင်း သည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။

မတ်လ ၁၄ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နှင့် ၎င်း၏ နေအိမ်တွင် တွေ့ဆုံအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြည်တွင်း သတင်းစာစောင်များ ဖြစ်သော မော်ဒန်ဂျာနယ်ကို ဆောက်လုပ်ရေး အင်ဂျင်နီယာက တရားစွဲဆိုမှု နှင့် The Voice Weekly ကို သတ္တုတွင်း ဝန်ကြီးဌာနက တရားစွဲဆိုမည်ဟု မတ်လ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြမှုများနှင့် ပတ်သက်၍ ပြည်တွင်း သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

“ အမှန်ကို အမှန်အတိုင်း ပြောတာကို ပါးစပ်ပိတ်တယ် ဆိုတာဟာ မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်တာပဲ။ ဒီနိုင်ငံရဲ့ တိုးတက်မှုကို ကန့်သတ်တာပဲလို့ ယုံကြည်တယ် ” ဟု အဆိုပါ တရားစွဲဆိုမှုများ အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ပြောဆိုသည်။

၎င်းအနေနှင့် မီဒီယာများဘက်က မှန်ကန်ပါက အမြဲ ရပ်တည်ပေးမည် ဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့် ရှိမှ ဥပဒေစိုးမိုးရေးကို ဖေးမပေးနိုင်မည် ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာ လွတ်လပ်ရေးခွင့်အတွက် ရေးဆွဲနေသည် ဆိုသော ပုံနှိပ်စက်နှင့် ထုတ်ဝေစာများ ဥပဒေ (Printing Presses and Publication law) ကို ရှေ့နေချုပ်ရုံးက အတည်ပြုပြီး ဖြစ်သော်လည်း ထပ်မံ သုံးသပ် ပြင်ဆင်နေဆဲ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ The Voice Weekly သို့ ပြောကြားသည်။

သတင်း.......
The Voice Weekly