16 March 2012

NLD အားထောက်ခံသည့် အနုပညာရှင်များ လေးရက်အတွင်း မြို့လေးမြို့သို့ စည်းရုံးရေး ခရီးထွက်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ရပ်များအပေါ် အားပေးထောက်ခံသည့် ဂီတအနုပညာရှင်များသည် မတ်လ ၂၇ ရက်မှ စတင်ကာ မြန်မာပြည် အလယ်ပိုင်းရှိ မြို့လေးမြို့သို့ စည်းရုံးရေး ခရီးထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်၊ဂီတ အနုပညာနယ်ပယ်မှ အနုပညာရှင် ၂၀ ကျော်ပါဝင်သည့် အဖွဲ့သည် မတ်လ ၂၇ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌လည်းကောင်း၊ ၂၈ရက် နေ့တွင် စစ်ကိုင်းမြို့၌ လည်းကောင်း၊ ၂၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့၌ လည်းကောင်း၊၃၀ရက်နေ့တွင် ပခုက္ကူမြို့၌ လည်းကောင်း၊ တေး ဂီတနှင့် ပြဇာတ်ဖျော်ဖြေမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကိစ္စရပ်နှင့် ပတ်သက်၍ စီစဉ်နေသူ Metal Zone မှ ဦးဇော်ဝင်းက ဆိုသည်။

“ဘာအကျိုးအမြတ်လိုချင်လို့မှ လုပ်တာ မဟုတ်ပါဘူး။ လုပ်သင့်တယ်ထင်လို့ လုပ်လိုက်တာပါ။ အန်တီနဲ့တွေ့တုန်းက သူမသွားနိုင်တဲ့ ဒေသတွေကို အနုပညာရှင်တွေ သွားပေးဖို့ စီစဉ်ပေးပါလို့ ဆိုတဲ့အတွက် ဒီကိစ္စက အကောင်အထည် ပေါ်လာတာပါ”ဟု ဦးဇော်ဝင်းက ပြောကြားသည်။

အဆိုပါ ဂီတဖျော်ဖြေမှု ခရီးစဉ်တွင် လင်းလင်း၊ ချစ်သုဝေ၊ ဂျေမောင်မောင်၊ လူမင်း၊ ထွန်းအိန္ဒြာဗိုလ်နှင့် အခြား သော အနုပညာရှင်များ ပါဝင်မည် ဖြစ်သည်။

ယင်းစီစဉ်တင်ဆက်မှု၏ ကုန်ကျစားရိတ်အားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျခံခြင်းဖြစ်ကြောင်း NLD မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်သည် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပတ်သက်သည့် သီချင်း ၁၆ ပုဒ် ပါဝင်သည့် စီးရီးတစ်ခွေကို မကြာမီ ရက်ပိုင်းအတွင်း မြန်မာပြည်တစ်ပြည်လုံးသို့ ဖြန့်ချိရန်ရှိကြောင်း သိရသည်။

သတင်း... yangonchronicle