15 March 2012

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ်ကို အနိုင်ပေး

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ကြားနာပွဲတွင် ဘင်္ဂလားဒေ့ရှ်ကို အနိုင်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

“ မိမိတို့ လိုချင်တာ အားလုံး ရခဲ့ပြီ ” ဟု ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာခုံရုံး ရှိရာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr Dipu Moni က ဘင်္ဂလားဒေ့ရှ် bdnews24 သို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။

ကာလကြာရှည်စွာ မြန်မာနှင့် ပင်လယ်ရေပိုင်နက် အငြင်းပွားလျက်ရှိသော ကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဘက်က ၎င်းတို့ တောင်းဆိုထားသည့် ဧရိယာထက် ပိုမို၍ အနိုင်ရရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘင်္ဂလားပင်လယ်အော်တွင် အဆိုပြုထားသော ဧရိယာမှာ ၁၀၇,၀၀၀ စတုရန်း ကီလိုမီတာသာ ရှိသော်လည်း ယခု တရားရုံးက ဘင်္ဂလားဒေ့ရှ် ပိုင်နက်ဧရိယာအဖြစ် ဆုံးဖြတ်ခဲ့သော ဧရိယာမှာ ၁၁၁,၀၀၀ စတုရန်း ကီလိုမီတာ ရှိသည်။

ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်း၏ ကမ်းဦး ရေတိမ်ပိုင်း မိုင် ၂၀၀ နှင့် မိုင်၂၀၀ အလွန် ပတ်ဝန်းကျင် ရေပြင်ပိုင်နက်တွင် စီးပွားရေးများ လုပ်ကိုင်နိုင်တော့မည် ဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ အများအပြားရှိသော အဆိုပါဧရိယာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ၂၀၀၉ ခုနှစ်မှစ၍ ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးတွင် အမှုဖွင့်၍ တရားဥပဒေ ကြောင်းအရ ဖြေရှင်းရန် ကြိုးပမ်းခဲ့သော အမှုကိစ္စ ဖြစ်သည်။

သတင်း..... The Voice Weekly