20 February 2012

NLD မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် အားကစားဝန်ကြီး၏ကန့်ကွက်မှု့များကြောင့် အနှောင့်အယှက်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များအတွင်း တွင် နေရာရရှိရေးအတွက် အားကစားကွင်းများအသုံးပြုရာတွင် အားကစားပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းအနေနှင့်ကန့်ကွက်မှု့များရှိပြီး ဖျာပုံတွင် ဖြစ်ခဲ့သော ကိစ္စတွင် ၀န်ကြီးတစ်ဦးအနေနှင့် ဟန့်တားနေခြင်းသည် လုံးဝမသင့်တော်ကြောင်း ရွေးကောက်ပွဲအောင်နိုင်ရေးမန်နေဂျာအဖြစ်ခန့်အပ်ခြင်းခံထားရသော ဦးဥာဏ်ဝင်းက ရှင်းလင်းပွဲတွင်ပြောကြားသွားသည်။

ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် လှည်းကူမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပြီးဖြစ်သော်လည်း ၀န်ကြီးအနေနှင့် ကန့်ကွက်ခဲ့သည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုတိုက်ရိုက်ခွင့်ပြုချက်တောင်းခံခဲ့ရခြင်းကို ကြုံတွေ့ခဲ့ရသလို ဖေဖော်ဝါရီ ၁၅ရက်နေ့စွဲဖြင့်ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အနေနှင့် မြန်မာတစ်ပြည်လုံးအားကစားကွင်းများကို မဲဆွယ်စည်းရုံးရေးများတွင် အသုံးမပြုရ ဆိုသည့်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း ဦးဥာဏ်ဝင်းကပြောသည်။

“ယင်းသို့ကန့်သတ်မှု့များသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ထိခိုက်သည်ဟုယူဆကြောင်း ဦးဥာဏ်ဝင်းကပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ ကန့်သတ်ချက်များနှင့်ပတ်သက်နေရသည်များကိုအဓိကထားပြောကြားခဲ့သည့်သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကို အဖွဲ့ချုပ်ရုံးချုပ်တွင် ယနေ့မွန်းလွဲ၁၂နာရီက ပြုလုပ်ခဲ့သည်။



ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးခရီးများ ဆက်တိုက်သွားရောက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေးခရီးများအဖြစ် ကချင်ပြည်နယ်၊မန္တလေး၊နေပြည်တော်နှင့် မွန်ပြည်နယ်များသို့ ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လတို့တွင် ဆက်တိုက်သွားရောက်ရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ဖေဖော်ဝါရီလ ၂၃ ၊၂၄ ရက်များတွင်သွားရောက်မည်ဖြစ်ပြီး မူလက နေရာအခက်အခဲကြောင့် ပျက်သွားခဲ့သော မန္တလေးခရီးကို မတ်လ ၃ နှင့် ၄ရက်တွင် သွားရောက်မည်ဖြစ်ပြီး တစ်ဆက်တည်းမှာပင် နေပြည်တော်သို့ မတ်လ ၅နှင့် ၆ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်မှသတင်းထုတ်ပြန်သည် ။ မွန်ပြည်နယ်သို့ မတ်လ ၁၁ရက်တွင် သွားရောက်မည်ဖြစ်သည်။

သတင်း....7Day News Journal