23 February 2012

ပြည်သူ ချစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ကချင်လူထု လေဆိပ်မှ စောင့်ကြို



ဒေါ်အောင်ဆန်းစုကြည်အား ကချင်ပြည်နယ် မြစ်ကြီးနားနှင့်ဖားကန့်မြို့နယ်များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NlD အဖွဲ့ဝင်များ၊ နည်းပညာ တက္ကသိုလ် GTC နှင့် ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသားများနှင့် ပြည်သူလူထု စုစုပေါင်း ၃၀၀ ခန့်က ကြာသပတေးနေ့ နံနက်ပိုင်းကနေ မြစ်ကြီးနားလေဆိပ်၌ လာရောက်ကြိုဆိုကြသည်ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

ဂျီတီစီကျောင်းသားများက တိုင်းရင်းသားမျိုးနွယ်စု၏ ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ လာရောက် ကြိုဆိုနေကြသည်ဟု ဆိုသည်။

“မရောက်သေးဘူး အပြင်မှာဘဲ ရောက်နေတယ်၊ ရောက်တော့မယ်ထင်တယ်။ လူက NLD လူတွေရော၊
ကျောင်းသားတွေရော ပါတယ်။ ၃၀၀ လောက် ရှိမယ်ထင်တယ်။ တိုင်းရင်းသား ဝတ်စုံတွေနဲ့ ကချင်မျိုးနွယ်စု
အားလုံး ဝတ်စုံနဲ့ စောင့်နေတယ်”ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြသည့် ပြည်သူအချို့မှာ လေယာဉ်နောက်ကျမည်ဟု ဆိုသည့်
ပြန်သွားခဲ့သော်လည်း ယခု ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် လေယာဉ်မှာ နှင်းများ ထူနေသဖြင့် မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်တွင် ဆိုက်ရောက်နိုင်သည်ဟု သိရသည်။

“ပထမ မနက်က စောစောရောက်မယ်လို့ ထင်ကြတယ်။ အခုတော့ ၁၂ နာရီမှာ ရောက်မယ်ဆိုတော့ ပြန်ကြတာ။ ခုတော့ ပြန်ရောက်လာကြပါတယ်။ နှင်းထူလို့ နောက်ကျတယ်လို့ ပြောတာဘဲ”ဟု အဆိုပါ မြစ်ကြီးနားမြို့ခံက
ပြောပြသည်။

မြစ်ကြီးနားမြို့ လေဆိပ်သည် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သွားရာ ကားလမ်းပေါ်တွင် ရှိပြီး ထိုကားလမ်းတလျှောက်ရှိ အစိုးရ လုံခြုံရေး တပ်များကိုလည်း နံနက်ပိုင်းက ရုပ်သိမ်းထားသည်ဟု အခြား
မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

“ဓါတ်ပုံမှာ ပါလာမှာ ကြောက်လို့လားမသိဘူး။ လုံခြုံရေးတွေ ရုတ်ထားတယ်။ ညနေပိုင်းတော့ ပြန်ချမယ် ထင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

သတင်း..မဇ္ဈိမ