20 February 2012

ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် လားရှိုးသို့ မတ်လတွင် သွားရောက်မည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လတွင် လားရှိုးမြို့နယ်များသို့ ပါတီစည်းရုံးရေးခရီးစဉ် အဖြစ် သွာရောက်ရန်ရှိပြီး ထိုမှတစ်ဆင့် ကျန်မြို့နယ်များသို့ ဆက်လက်သွားမည်ဟု သိရသည်။

လားရှိုးမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့်သူမှာ NLDပါတီမှ ရှေ့နေတစ်ဦးဖြစ်သူ ဦးစိုင်းမြင့်မောင်ဖြစ်ပြီး ၎င်းအနေဖြင့် စည်းရုံးရေးဆင်းမည့်ရက်အား တစ်ပတ်ကြို၍ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် သက်ဆိုင်ရာသို့ စာတင်ထားကြောင်းနှင့် ၂၇ရက်နေ့တွင် စည်းရုံးရေး စဆင်းရန်ရှိသည်ဟုလည်း သိရသည်။

“ကျေးလက်မှာတော့ နိုင်ဖို့မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိုင်းရယ်က ဒေသခံတွေ ပြောတာကတော့ သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့က ကျေးလက်က ဒေသခံတွေကို ပြည်ခိုင်ဖြိုးကို မဲပေးဖို့နဲ့ မဲမပေးရင် ရွာကမောင်းထုတ်မယ်ဆိုပြီး ခြိမ်းမြောက်တာတွေ ရှိနေတယ်လို့ သိရတယ်ဗျ။ ဒါပေမယ့် အထောက်အထား သက်သေတော့ မရှိဘူး။ တိုင်လို့လည်း မဖြစ်ဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ တရားမျှတမယ် မမျှတဘူးဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရမယ်”ဟု ဦးစိုင်းမြင့်မောင်မှ သျှမ်းတော်ဆင့် သတင်းဌာနသို့ ပြောပြချက်မှ ကောက်နုတ်ထားခြင်းဖြစ်သည်။

၎င်းသည် ယခင်က SSDP(Shan State Democratic Party)တွင် ပါဝင်ဆောင်ရွက်ဖူးကြောင်းနှင့် ၈၈အရေးအခင်း နောက်ပိုင်းတွင် NLDအဖွဲ့ချုပ်၌ ဝင်ရောက်ခဲ့သည်ဟုလည်း သိရပြီး ၎င်း၏အလုပ်အကိုင်သည် ရှေ့နေလုပ်ငန်းအား လုပ်ကိုင်သူတစ်ယောက်ဖြစ်သည်ဟုလည်း သိရသည်။

ယင်းရှမ်းပြည်မြောက်ပိုင်းတွင် အမျိုးသားလွှတ်တော်နေရာ၌ NLDပါတီ၊ SNDPပါတီ၊ USDPနှင့် ကိုးကန့်ပါတီတို့လည်း ဝင်ရောက် ယှဉ်ပြိုင် ကြမည်ဟု သိရသည်။

သတင်း..... yangonchronicle