21 February 2012

ပါတီစည်းရုံးရေးခရီးစဉ် တားမြစ်ချက်တွေ ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင် ကြေညာ




အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းရုံးရေး ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ပိတ်ပင် တားမြစ်ချက်တွေကို ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တယ်လို့ အခုညနေပိုင်း နောက်ဆုံးရရှိတဲ့ သတင်းအရ သိရပါတယ်။

အဲဒီ ကြေညာချက်အကြောင်း ပါတီရဲ့ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“မြန်မာစံတော်ချိန် သုံးနာရီခွဲလောက်မှာ ပြည်နယ်ကော်မရှင်က ကျွန်တော်တို့ အီးစီတွေကို ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီးတော့ အဲဒီ ကန့်သတ်ချက်တွေအားလုံး ဖျက်လိုက်ပါပြီ၊ ခွင့်တောင်းထားတဲ့ဟာတွေ အကုန်လုံး ခွင့်ပြုတယ်။ အဲဒီလို ပြောပါတယ်။ ဒီနေ့တော့ မပြောဘူး။ ကျွန်တော်တို့ အရင် နမ္မတီးမှာ လုံခြုံရေးအရ ခွင့်မပြုဘူးဆိုတာ ဖျက်လိုက်တယ်။ နောက်ပြီးတော့ မြစ်ကြီးနား ဟာကိုလည်း ခွင့်ပြုတယ်။ ဗန်းမော်ကိုလည်း ခွင့်ပြုတယ်”

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အာဏာပိုင် တွေက ကန့်သတ် ပိတ်ပင်တားမြစ် နေတာတွေဟာ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ရေးကို အဟန့်အတား ဖြစ်တယ်လို့ NLD ပါတီက ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ အခုလိုသာ ဆက်လက်ပြီး ဟန့်တားနေမယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်ပါ့မလားဆိုတာ စိုးရိမ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကြောင်းအမျိုးမျိုးပြ တားမြစ် ပိတ်ပင်နေတာတွေကို အချက်အလက်တွေ စုစည်းပြီး ပြည်ထောင်စု ကော်မရှင်ကို တင်ပြထားကြောင်းနဲ့ ပြည်ထောင်စု ကော်မရှင်အနေနဲ့လည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်ဖို့ ယုံကြည် မျှော်လင့်တယ်လို့ ဦးဥာဏ်ဝင်းကပြောသွားခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နာရီပိုင်းအတွင်း ကော်မရှင်က အခုလို အလျင်အမြန် တုံ့ပြန် ဆောင်ရွက်တာမျိုးကို မြန်မာပြည်မှာ တွေ့ရခဲတယ်လို့လည်း ရန်ကုန်ကလာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်း..... RFA