21 February 2012

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်လှုပ်ရှားမှုကို ပြန်ခွင့်ပြု



ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် ကချင်ပြည်နယ် အဖွဲ့ချုပ်ဝင်များ ပြင်ဆင်နေကြစဉ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ တရားမျှတရေးနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲအပြီး နာရီပိုင်းအကြာမှာ ကချင်ပြည်နယ်ဘက်က စည်းရုံးရေးခရီးစဉ် ကန့်သတ်ချက်တွေ ပြန်လည်ခွင့်ပြုချက် ရရှိခဲ့ပါတယ်။

အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲက တနာရီမှပြီးပါတယ်။ သုံးနာရီကျော်ကျော်မှာ ကချင်ပြည်နယ် မြစ်ကြီးနား​ ​ရွေးကောက်ပွဲ ကော်မရှင်က ကျနော်တို့အဖွဲ့ ပြည်နယ်အဆင့် ရှိတဲ့လူတွေကို ခေါ်တွေ့ပြီးတော့ ကန့်သတ် ထားတာတွေ အားလုံးကို ရုပ်သိမ်းလိုက်ပါပြီ။ အောက်က မှားယွင်းပြီးတော့ လုပ်တာပါတဲ့။ နောင် ဒါမျိုး မရှိပါဘူးလို့ အဲဒီလို ဖြေလျော့သွားပြီဗျာ” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂၃ နဲ့ ၂၄ ရက်နေ့မှာ ကချင်ပြည်နယ်ကို မဲဆွယ် ခရီးသွားဖို့ စီစဉ်ထားတဲ့အနက် နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့တော့ အဲဒီကိစ္စ ပြန်လည် ပြေလည်သွားတာ ဖြစ်ပါတယ်။

အဖွဲ့ချုပ်ဌာနချုပ်မှာ ဒီနေ့ မွန်းလွဲတနာရီ မထိုးမီ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ချုပ်စည်းရုံးရေး လုပ်တဲ့အခါ အခက်အခဲတွေ ကြုံနေရတာဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ်လို့ ရှင်းပြသွားပါတယ်။ ဒါကို ဦးဉာဏ်ဝင်းက ခုလို ပြောပါတယ်။

“အနှစ်ချုပ်ကတော့ ကျနော်တို့ အဖွဲ့ချုပ် စည်းရုံးဟောပြောတဲ့နေရာ စည်းရုံးဟောပြောဖို့ ခွင့်တောင်းတဲ့ နေရာတွေမှာ အခက်အခဲတွေ ဖြစ်စေတယ်။ ဒါဟာ ပြည်ထောင်စု ၀န်ကြီးက ၀င်ရောက် ပြောဆိုတာမျိုးတွေပေါ့ဗျာ။

အဲဒါမျိုးတွေကို တခုချင်းအလိုက်လည်း ကျနော်ပြောပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က ဒီလိုသာ ဆက်ပြီးတော့ အခက်အခဲဖြစ်နေရင် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဟာ ထိခိုက်စေတာပေါ့နော်။ ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ ကျနော်တို့အဖွဲ့ပေါ်မှာ တဖက်က ပြောဆိုတာတွေလည်း ရှိတယ်။ ကျနော်တို့ စိတ်မဆိုးဘူး။ ကျနော်တို့က ဖြေရှင်းစရာရှိရင် ဖြေရှင်းတယ်”လို့ ပြောပါတယ်။

သတင်း.... DVB