16 August 2012

နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခွဲဖွင့်ပြီ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်း က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေပြည်တော် ရုံးခန်းဖွင့်ပွဲကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အဲဒီရုံးခန်းဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကျေးလက်ဒေသက ပြည်သူတွေ အတွက် အရေးတကြီးလိုအပ်နေတဲ့ အခမဲ့ပညာဒါနကျောင်းတွေ ထူထောင်နိုင်ဖို့ ဆရာအတတ်သင် သင်တန်းတွေကို မနက်ဖြန်ကစပြီး နေပြည်တော်မှာ ဖွင့်လှစ်တော့မယ် လို့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ လယ်ယာမြေ ဥပဒေနဲ့ပက်သက်တဲ့ ဥပဒေအကြောင်း သိကောင်းစရာတွေကို အပတ်စဉ် စနေနဲ့တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိ၊ညနေ ၃ နာရီကနေ ၆ နာရီအထိ လာရောက်တိုင်ပင် ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုံးခန်းဖွင့်ပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ ၊ မြို့နယ်အဖွဲ့ချုပ် အဖွဲ့ဝင်တွေ နဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ အခုဖွင့်လှစ်တဲ့ နေပြည်တော် NLD ရုံးရဲ့ လုပ်ငန်းစဉ်တွေကို လွှတ်တော်အစည်းအဝေးတွေအတွက် နေပြည်တော်ကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ဦးစီးဆောင်ရွက်မှာဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းကလဲ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ ဒုတိယသမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကိုတက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းမှာ ပြည်သူ့ လွှတ်တော် ဥက္ကဌသူရဦးရွှေမန်း နဲ့ ပြည်သူ့လွှတ်တော်ရေးရာကော်မတီဥက္ကများရဲ့ အစည်းအဝေးကို တက်ရောက် ခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာပုံမှန်ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ဆက်လက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
 

သတင်း...  RFA Burmese