မန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး အဖွဲ့ဥက္ကဌနဲ့ 
အဖွဲ့ဝင်တွေနှုတ်ထွက်ပေးဖို့အတွက် လွှတ်တော် အမတ် အများစုက 
တောင်းဆိုနေကြတာပါ။ လွှတ်တော် ကော်မီတီတွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့
 ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်လိုက်တာမို့ လွှတ်တော်အမတ် 
၃၀၀ကျော်က ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း စုပေါင်းလက်မှတ်ထိုး ကန့်ကွက်
 လိုက်ကြပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနဲ့ 
အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ တောင်းဆို လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို 
ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က 
တင်ပြပေးပါမယ်ရှင်။
ဟုတ်ကဲ့ပါ။ လွှတ်တော်ရေးရာကော်မီတီတွေဟာ ပြည်ထောင်စုအဆင့်မှာရှိမရှိဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား သဘောထားကွဲလွဲမှုတွေ ဖြစ်နေတာတော့ကြာပါပြီ။ အရင်စစ်အစိုးရ လက်ထက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲစဉ်ကတည်းက လွှတ်တော်အဖွဲ့အစည်းများ အားလုံးဟာ ပြည်ထောင်စုအဆင့်ဖြစ်တယ် လို့ပြဌာန်း ထားပြီးဖြစ်တဲ့ အပြင် အဲဒီဥပဒေကိုလည်း ပြင်ဆင်ခြင်းမလုပ်သေးဘဲ ဒီကော်မီတီတွေဟာပြည်ထောင်စု အဆင့်မရှိဘူးဆိုပြီး သမ္မတကိုယ်စားပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းခဲ့တာပါ။
ဒါဟာတည်ဆဲဥပဒေကိုဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်ပေမယ့်အခြေခံဥပဒေဆိုင်ရာခုံးရုံးကအဲဒီအဆိုကိုထောက်ခံ

အတည်ပြုပေးလိုက်တာကြောင့်
 လွှတ်တော်အမတ်အများစုက အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း 
လက်မှတ်ထိုးထောက်ခံခဲ့ကြပြီး ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေအားလုံး 
နှုတ်ထွက်ပေးဖို့ပါ တပါတည်း တောင်းဆိုစာကို လွှတ်တော်အခွင့်အရေး ကော်မီတီကို 
ပေးပို့လိုက်ကြတာ လို့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က 
အင်ဂျိုင်းယန် မဲဆန္ဒနယ်မြေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်အမတ် 
ဒေါ်ဒွဲဘူကပြောပါတယ်။
“အားလုံး၃၀၁ယောက်ပေါ့။ အခွင့်အရေးကော်မတီကို တင်တာပါရှင့်။ ဒီကိစ္စမှာတော့ အားလုံးကတော့ ကိုယ်စားလှယ်တွေ ကတော့ အားလုံးလည်း ပါတီလည်းခွဲမထားဘူးပေါ့နော်။ နယ်မြေလည်း မခွဲခြားဘူး။ ကိုယ့်ရဲ့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ အပိုင်းပေါ့နော်။လွှတ်တော် ကိုယ်စားလှယ်ရဲ့ လုပ်ငန်းပိုင်း ဆိုင်ရာနဲ့ သူတို့ရဲ့ field ပေါ့။ ဘာပဲပြောပြော ပြည်ထောင်စုလွှတ်တော်ထဲမှာ ပါပြီးသား ဆိုတဲ့ အခါဆိုတော့၊ နံမည်ကိုက ပြည်ထောင်စုလွှတ်တော်ဆိုတာ ပါပြီးမှ အခုကျတော့ အဲဒီအဆင့် မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ အဲဒီကဏ္ဍတချက်ပေါ့နော်။ နောက်တချက်က ကျတော့ လုပ်ငန်းပိုင်း ဆိုင်ရာမှာ ညှိနှိုင်းဆောင်ရွက် သွားတဲ့ အပိုင်းမှာ ကိုယ်ကပြည်ထောင်စုအဆင့် မဟုတ်ဘူး ဆိုတဲ့အခါမှာ ဒီကော်မတီတွေနဲ့ ဒီဝန်ကြီးဌာနတွေ အလုပ်လုပ်တဲ့အခါမှာအခက်အခဲရှိတယ်ပေါ့။”
သူတို့အနေနဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ စာထဲမှာ တောင်းဆိုထား ပေမယ့်လည်း အဲဒီဆုံးဖြတ်ချက်ကိုပြန်ပြင်တာမျိုး လုပ်ပေးရင်တော့ အေးအေး ချမ်းချမ်းနဲ့ပဲ ကြေအေးလိုတဲ့ ဆန္ဒရှိတယ်လို့ ဒေါ်ဒွဲဘူကဆက်ပြောပါတယ်။
“ကျမတို့ကတော့ ဒါပြင်ပေးလိုက်ရင်လည်း အားလုံးရဲ့ ဟိုဟာတော့မဟုတ်ဘူးပေါ့နော် ဟိုကျမ သီးသန့်ပေါ့ ကိုယ့်အနေနဲ့ ဆိုရင်တော့ ဒါပြင်ပေးလိုက်ရင်လည်း ရတာပဲလို့ ကျမတို့က ယူဆတာပဲ။ ကျမတို့ကတော့ ပြင်းပြင်းထန်ထန်တော့ ဘာမှမလုပ်ချင်ပါဘူး။ အခုဥက္ကဋ္ဌ အနေနဲ့လည်း သူလည်း ပြင်းပြင်းထန်ထန် ဘာမှလုပ်ချင်တဲ့စိတ် မရှိပါဘူး။ဒါပေမဲ့ဒီကိစ္စက နဂိုကတည်း ကပြင်ဖို့မလိုတဲ့ ကိစ္စပေါ့နော်။ အဲဒီလိုတော့ သုံးသပ်ပါတယ်။ဒါကျမတို့လည်း အဲဒီလိုပဲခံယူပါတယ်။ပြင်ဖို့ဘာမှမလုပ်ဘူး။ ဒါကပြည်ထောင်စုအဆင့်ဖြစ်တယ် မဖြစ်ဘူးဆိုတဲ့ကိစ္စတွေက နဂိုကတည်းက ဒါကလာပြင်စရာမလိုဘူးလို့ ကျမတို့ကမြင်ပါတယ်။”
ဒါပေမယ့် ဒီကိစ္စဟာ ပြည်သူက တိုက်ရိုက် ရွေးချယ် တင်မြောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ နဲ့ တိုက်ရိုက် ရွေးချယ်ခြင်း မဟုတ်ဘဲ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးထားတဲ့ အစိုးရဌာနတွေနဲ့ ၀န်ကြီးဌာနတွေ အကြား ဖြစ်နေတဲ့ ကိစ္စမို့ ပြည်သူလူထုရဲ့ သဘောဆန္ဒကိုဦးစားပေးပြီး ဒီကိစ္စ အဆင်ပြေတဲ့ အထိ ဆက်လက် လုပ်ဆောင်သွားမယ်လို့ လသာမြို့နယ်ကိုယ်စားပြု တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် အမတ် ဦးတင်မြင့်ကပြောပါတယ်။
“မည်သို့ပင်ဖြစ်စေပေါ့ဗျာ။ပြည်သူကသာအဓိကကိုး။အဲဒီတော့ပြည်သူ ကရွေးချယ် တင်မြှောက် လိုက်တဲ့ သူတွေက အပေါ်ကပဲဖြစ်ရမယ်လေ။သူတို့ကနေပြီးတော့ တဆင့်ခံ ခန့်လိုက်တဲ့သူတွေရယ်၊ အဲဒီ့ ခန့်လိုက်တဲ့လူက ထပ်ပြီးတော့တိုက်ရိုက်ခန့်လိုက်တဲ့ လူတွေရယ် ကတော့ အောက်မှာပဲရှိရမှာပေါ့။ အဲဒီတော့ ဒီကိစ္စကို ကျနော်တို့အနေနဲ့ ကန့်ကွက်ရမယ့်ကိစ္စပဲ။ဆိုတော့ဒီဥစ္စာက ရပ်တန်းကရပ်အောင် လုပ်ရမယ့် သဘောလောက်တော့ရှိတယ်။”
လွှတ်တော်အမတ်တွေအခုလိုလက်မှတ်ထိုးကန့်ကွက်လာတဲ့ကိစ္စကိုပြည်သူ့လွှတ်တော်ဥက္ကဌဦးရွှေမန်း

ကသြဂုတ်လ
 ၁၄ရက်နေ့ လွှတ်တော် အစည်းဝေးအတွင်း ဖတ်ပြခဲ့ပြီး ဒီကိစ္စကို သမ္မတထံ 
သ၀ဏ်လွှာရေး အကြောင်းကြားမယ် လို့ ပြောကြားခဲ့တဲ့ အကြောင်း လွှတ်တော်အမတ်တွေ က
 ပြောပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို 
ကန့်ကွက်ကြောင်း လက်မှတ် ရေးထိုး ခဲ့ကြတဲ့ လွှတ်တော် အမတ်၃၀၁ဦးထဲမှာ NLD 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD 
လွှတ်တော်အမတ် အားလုံး နီးပါး အပါအ၀င် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ 
ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အမတ်တွေ၊ တိုင်းရင်းသား လွှတ်တော် အမတ်တွေနဲ့ 
တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေ ပါဝင်ကြပါတယ်ခင်ဗျား။ 
သတင်း...VOA 