15 May 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ရှမ်းတိုင်းရင်းသားဒီမိုကရေစီပါတီSNLD ပူးပေါင်းဆောင်ရွက်မည်


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် လွှတ်တော်တွင်းသို့ ဝင်ရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားဒီမိုကရေစီပါတီ(SNLD)တို့မှ ရည်ရွယ်ချက်တူညီသည့်အတွက် နောင်လာမည့် ရွေးကောက်ပွဲများတွင် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
“နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အောင်နိုင်ဖို့အတွက်ရယ်။ လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တူတဲ့အတွက် NLD နဲ့ SNLD ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသည့် ရှမ်းတိုင်းရင်း သားဒီမိုကရေစီပါတီ (SNLD) ပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လျှောက် ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၂ မေလ ၈ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ(SNLD)အား ပါတီတည်ထောင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ဦးခွန်ထွန်းဦး ဦးဆောင်သည့် ရှမ်းတိုင်းရင်းသားဒီမိုကရေစီပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယမဲအများဆုံးရရှိခဲ့သည့် တိုင်းရင်းသားပါတီ တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့် တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒနယ်(၄၅) နေရာအနက် (၄၃) နေရာတွင် အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

သတင်း....  Transparency Myanmar