16 May 2012

ကျောက်တံတားနှင့် ဗိုလ်တထောင်ကို အမျိုးသား ရှေးဟောင်းအမွေအနှစ် ဇုန်အဖြစ် သတ်မှတ်

အမျိုးသား ရှေးဟောင်းအမွေအနှစ်ဇုန်အဖြစ် ကျောက်တံတားမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တို့ကို သတ်မှတ်ကာ သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်သော်လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။ ရှေးဟောင်း အဆောက်အအုံဘေးရှိ အဆောက်အအုံများမှာ ယင်းအဆောက်အအုံနှင့် လိုက်လျောညီထွေမရှိ ဖြစ်နေခြင်းမှာ အဓိက အခက်အခဲ ဖြစ်နေကြောင်း သိရသည်။ “ကျောက်တံတားနဲ့ ဗိုလ်တထောင်မှာ ဟိုက်ကုတ်နဲ့ ရန်ကုန်မြို့တော်ခန်းမကြီး အပါအဝင် ရှေးဟောင်းအဆောက်အအုံ ၄၁ လုံးရှိတဲ့အတွက် ဇုန်အဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းပါတယ်။ အဆောက်အအုံ ထိန်းသိမ်းမှုအပြင် အမြင်တင့်စေဖို့အတွက် အဓိက အခက်အခဲက ဘေးမှာရှိတဲ့ အဆောက်အအုံတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုပါတယ်။ ဒါတွေကို လုပ်ဖို့ လိုအပ်နေပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။ အဆိုပါ ရှေးဟောင်း အဆောက်အအုံများထဲမှ အချို့ကို ဟိုတယ်နှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ရန် ငှားရမ်းမည်ဖြစ်သော်လည်း အဆောက်အအုံ၏ မျက်နှာစာကို မူလပုံစံ ရှေးမှုမပျက် ထားရှိရမည်ဟု သိရသည်။ ဟိုက်ကုတ်ရုံးကို မူလအဆောက်အအုံတစ်လုံးကို ငှားရမ်းခြင်း မပြုဘဲ အထပ်တစ်ထပ်သာ ငှားရမ်းမည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ ၁၈၉ လုံးရှိပြီး ကျောက်တံတားမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တွင် ၄၁ လုံးရှိ၍ အမျိုးသားယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ထိန်းသိမ်းစောင့်ရှောက်မှုများကို ယခုထက် ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများ ထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ယခုလအတွင်း ကျင်းပရန်ရှိသည်ဟု မြို့တော်ဝန်က ပြောကြားခဲ့ကြောင်း  Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။