27 March 2012

ရုပ်ရှင်နဲ့ဂီတအနုပညာရှင်တွေ အန်အယ်လ်ဒီပါတီ စည်းရုံး၊ ဖျော်ဖြေရေး ခရီးထွက်

ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင်လူမင်း၊ ဝေဋ္ဌုကျော်၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ အဆိုတော် အာဇာနည်၊ လင်းလင်း စသူတို့ ပါဝင်တဲ့ အနုပညာရှင်အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် မတ်လ ၂၆ ရက်ညမှာ ရန်ကုန်ကနေ စတင် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

သူတို့ အနုပညာရှင် အဖွဲ့ဟာ မတ်လ၂၇ ရက် မှာ ပြင်ဦးလွင်၊ မတ်လ ၂၈ ရက် မှာ စစ်ကိုင်းနဲ့ မတ်လ ၂၉ ရက် မှာ ပုလဲမြို့နယ် တို့ကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေ ကို ဖျော်ဖြေ စည်းရုံးကြမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်လူမင်းနဲ့ သရုပ်ဆောင်တွေ က ဒါရိုက်တာဝိုင်းရဲ့ ဒီလိုလေးခြစ်တတ်ရင် ရပြီ တခန်းရပ် ပြဇာတ် ကို ကပြကြမှာဖြစ်ပြီး၊ လိုက်ပါလာ တဲ့ တေးသံရှင်တွေ က တေးသီချင်းတွေနဲ့ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ဆန္ဒမဲပေးတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို တင်ပြမယ့် အသိကို သရုပ်ဆောင် လူမင်းက ခုလိုပြောပါတယ်။

“ကျနော်ပေးချင်တဲ့ သတင်းစကားက မဲတပြားပေါ်မှာ အလေးအနက် ထားဖို့ပါ။ ကိုယ့်မဲတိုင်းက အဆုံးအဖြတ် မဲတွေဖြစ်တယ် ဆိုတာပေါ့။ ပြည်သူတွေအနေနဲ့ ကိုယ် မဲ သွားမပေးလို့ ဘာမှ မဖြစ်ပါဘူး ဆိုတဲ့ အတွေးမျိုး မတွေးမိအောင်၊ ပြီးတော့ သတိထားစရာ အချက်လေးတွေပေါ့။

အမှန်လေး ခြစ်လိုက်ပြီးတော့ အဖျားလေး ကောက်သွားရင်လည်း ပယ်မဲဖြစ်တယ် ဆိုတာမျိုး အဲဒီလို အသေးစိတ်လေးတွေပေါ့။ ပေးရမယ့် မဲအတွက် ကိုယ့်ဆန္ဒ အစစ်အမှန် ဖြစ်ဖို့၊ အဓိကတော့ အဲဒါလေးတွေပါပဲ။”

မူလခရီးစဉ်ထဲမှာ ပခုက္ကူ ပါဝင်ပြီး၊ သက်ဆိုင်ရာက ပွဲ ပါမစ် မပေးလို့ ဖျက်လိုက်ရပါတယ်။

သတင်း....DVB