27 March 2012

ပြင်ဦးလွင် အန်အယ်လ်ဒီ ပါတီစည်းရုံးရေးမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါဝင်

ပြင်ဦးလွင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်သီဟ အတွက် နိုင်ငံရေး အကျဉ်းသားဟောင်း ရာနဲ့ချီပြီး မတ် ၂၅ ရက်က လာရောက် ကူညီ မဲဆွယ်စည်းရုံး ဆောင်ရွက်ပေးကြတယ် လို့ ဦးကျော်သီဟ က ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ကိုယ့်ရဲ့ မိတ်ဆွေတွေ လူပေါင်း ၁၀၀ ကျော်လောက်၊ ကား ၈ စီးလောက်နဲ့ ရောက်လာတယ်။ ရုံးရှေ့မှာ ရောက်လာပြီး ပြင်ဦးလွင်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီ ရုံးက လူတွေနဲ့ မိတ်ဆက်ပေးတယ်။ ကိုတင်သန်းဦး၊ ကိုအေးကြူနဲ့ ရန်ကုန်က ဦးလှရွှေတို့ပါ ပါတယ်။ ကိုယ်နဲ့ အတူတူ ထောင်ကျခဲ့တဲ့၊ သပိတ်တပ်ပေါင်းစုမှာ အတူတူ လုပ်ခဲ့တဲ့ လူတွေက ကိုယ့်ကို လာပြီးစည်းရုံး အားပေးတာ။

အဲဒါနဲ့ မြို့ကို လှည့်ပတ်လိုက်တော့လည်း သောင်းသောင်းဖြဖြပဲ လူတွေက ကြိုဆိုကြ တယ်။ ခြုံပြောရရင် မြို့ရွာတွေမှာ ကိုယ့်အနေနဲ့ ပြောရရင် ပြည်သူတွေဘက်က အခက်အခဲ မရှိဘဲ ခွပ်ဒေါင်းကြယ်ဖြူနောက်မှာ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ အပြည့်ရှိတယ် ဆိုတာတော့ ပြောနိုင်တယ်။”

ပြင်ဦးလွင်မြို့နယ်အတွင်း လောလောဆယ် မဲပေးနိုင်သူပေါင်း ၁ သိန်း ၃သောင်း ၈ထောင်ကျော် ရှိပြီး၊ မဲရုံပေါင်း ၁၉၈ ရုံ ရှိရာမှာ မဲရုံတိုင်းလိုလိုမှာ ကိုယ်စားလှယ်လောင်း ၂ ဦး စီ ထားနိုင်မယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင်မှာ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ၂ ဦး ၀င်ရောက် အရွေးခံကြ မှာ ဖြစ်ပါတယ်။ မတ်လ ၂၇ ရက် ညနေပိုင်းမှာ အန်အယ်လ်ဒီ ပါတီအတွက် စည်းရုံးရေး ဖျော်ဖြေ တင်ဆက်ကြမယ့် အနုပညာရှင်တွေ ရဲ့ တင်ဆက်မှုကို လည်း ပြင်ဦးလွင်မြို့က ဥာဏ်တောကွင်း မှာ ပြုလုပ်သွားဖို့ ရှိပါတယ်။


သတင်း.... DVB