31 March 2012

ကြိုတင် မဲ စပေး တာကို မသမာတဲ့ နည်းမျိုးစုံကိုသုံးပြီး တရားမျှတမှု မရှိတာ ပေါ်လွင်သထက်ပေါ်လွင်လာပြီး

- ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးပွဲတွေ မဲဆန္ဒနယ် (၄၅)နေရာမှာ ဒီကနေ့ စတင်ကျင်းပ။

- ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်မှာ ဒီနေ့ ကြိုတင်မဲပေးရာမှာ မဲရုံတာဝန်ရှိသူတွေက ပါတီ ကိုယ်စားလှယ်လောင်းတွေကိုခြိမ်းခြောက်။

-ဧရာဝတီတိုင်း၊ဖျာပုံမြို့ပေါ်က ရပ်ကွက်တချို့မှာ ဒီနေ့ကြိုတင်မဲပေးရာမှာ လှို့ ဝှက်မဲစာအိပ် ပိတ်ထားတဲ့ချိတ် တွေ ကွာပြီး၊ပွင့်နေ။

သတင်း....DVB..။
............................................

ကြိုတင်မဲ ပေးခွင့်စတင်သည့် ယနေ့ နံနက်ပိုင်းက မြန်အောင်မြို့နယ် ပနဲကွဲ ကျေးရွာအုပ်စု လန်ဒါ ကျေးရွာမှ ကြိုတင်မဲယူစဉ် အသက် ၇၀ ၀န်းကျင်ရှိသည့် ဒေါ်သန်းညွန့်က ၎င်း အနေဖြင့် မဲလက်မှတ် အား မခြစ်နိုင်သဖြင့် မဲရုံဝန်ထမ်း ကျောင်းဆရာမ ဒေါ်ညိုညိုဝင်းအား ဒေါ်စုပါတီ ခွပ်ဒေါင်းကို ခြစ်ခိုင်းသော်လည်း ဒေါ်ညိုညိုဝင်းက ကြံခိုင်ရေးကို ခြစ်ပေးလိုက်ရာမှ ရွားသားများက မကျေနပ်ဖြစ်ကာ မြို့နယ် ကော်မရှင်သို့ တိုင်ကြားထားသည်ဟု သိရှိရသည်။

မြန်အောင်မြို့နယ် ကော်မရှင်က ဆက်လက်အရေးယူဆောင်ရွက်မည်ဟု ဆိုကြောင်း မြန်အောင်မြို့ခံတဦးက YPI သို့ပြောသည်။

မြန်အောင်မြို့နယ်၌ ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၃ အုပ်စုတွင် မဲပေးခွင့်ရှိသူ တသိန်းခွဲကျော်ရှိ၍ အန်အယ်လ်ဒီ၊ တစညနှင့် ကြံ့ခိုင်ရေးတို့မှ ကိုယ်စားလှယ်လောင်း ၃ ဦးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ။

သတင်း....YPI ။
......................................................

ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာများအား တည်ဆဲပဒေအရ ဆောင်ရွက်ရန် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ယနေ့မနက်တွင် စာဖြင့် အကြောင်းကြားခဲ့ကြောင်း ယင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုကပြောသည်။

၎င်းက “ ဒီနေ့မနက်မှာ အကြောင်းကြားစာရတယ်။ တည်ဆဲဥပဒေအရဆောင်ရွက်ရမယ်ဆိုတာ ပါလို့ ဘယ်ဥပဒေကိုပြောတာလဲ သိချင်လို့ စည်ပင် အရာရှိနဲ့တွေ့ဖို့သွားတာ မအားသေးဘူးလို့ငြင်းလိုက်တယ်” ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ပခုက္ကူမြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ၀ိုင်ပီအိုင်မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားနိုင်ခြင်းမရှိကြောင်း ယင်းဌာနမှ ပြောသည်။

ပခုက္ကူမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုစတာကြီးပေါင်း ၄၉ ခုရှိကြောင်း၊ သို့သော် ယင်းပိုစတာများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လိုက်လံ ချိတ်ခြင်းမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသည့် ပြည်သူများမှ ချိတ်ဆွဲကြိုဆိုကြခြင်းဖြစ်ကြောင်း ဦးပိုက်ကိုက ပြောသည်။

သတင်း....YPI ။
................................................

"နေပြည်တော်စည်ပင်ဧည့်ရိပ်သာ နိုင်ငံရေးသမားများ တည်းခိုခွင့်မပြုဟုဆို"

နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုလျှက်ရှိသော မိုးကုပ်မြို့မှ NLD ထောက်ခံသူ ၁၈ဦးအား ဧည့်ရိပ်သာ တာဝန်ရှိသူက နိုင်ငံရေးသမားများ တည်းခိုခွင့် မပြုနိုင်ကြောင်းပြောဆိုကာ ည၁၀နာရီခွဲအချိန်၌ အခြားတည်းခိုခန်းသို့ပြောင်းရွှေ့စေခဲ့သည်ဟု သိရသည်။ အထက်ပါ NLD ထောက်ခံသူ ၁၈ ဦးသည် စည်ပင်ဧည့်ရိပ်သာသို့မတ်လ ၂၇ ရက်နေ့ညနေတွင်ရောက်ရှခဲ့ပြီး တစ်ညတည်းခိုကာ ၂၈ ရက် နေ့ည ၁၀နာရီခွဲအချိန်တွင်ပြောင်းရွှေ့ စေခြင်းခံခဲ့ရခြင်းဖြစ်သည်။ ၄င်း ၁၈ဦးသည် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်တွင် ယှဉ်ပြိုင် မည့် NLD ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ မိတ်ဆွေများဖြစ်သကဲ့သို့ဦးမင်းသူ၏ မဲစွယ်စည်းရုံးပွဲများတွင် အင်အားဖြည့်ကူညီရန် ရောက်ရှိ လာခြင်းဖြစ်သည်ဟု သိရှိရသည်။ "ကို့အနေနဲ့ ဧည့်ရိပ်သာကတာဝန်ရှိသူကို ဖုန်းဆက်ပြောတယ်။ အချိန်ကလဲည ၁၀ နာရီခွဲဖြစ်နေတော့ လူမှုရေး ရှု့ထောင့်ကကြည့်ပြီး တစ်ညတော့ တည်းခိုခွင့်ပေးပါလို့တောင်းဆို လိုက် တယ်။ အဲ့ဒီ တာဝန်ရှိသူက အထက်က ညွှန်ကြားထားလို့ မထားရဲဘူး လို့ပြန်ဖြေတယ်။ အစ်ကိုက အထက်က ဘာညွှန်ကြားထား လဲလို့မေးတော့ နိုင်ငံရေးသမားတွေ တည်းခွင့်မပြုဘူးလို့ပြန်ဖြေခဲ့တယ်။ အဲ့ဒီ ဧည့်ရိပ်သာ ထဲမှာ တည်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ လှုပ်ရှား သူတွေကရော နိုင်ငံရေးသမားတွေ မဟုတ်ဘူးလားလို့မေးကြည့်တယ်။ တစ်ညတော့ တည်းခိုခွင့်ပြုပါလို့ ထပ်ပြီးတောင်းဆိုခဲ့တယ်။ သူက နိုင်ငံရေး သမားတွေ တည်းမယ်ဆိုရင် ကြိုပြီးခွင်ပြုချက် ယူကတယ် ဒါကြောင့်လုံးဝ ခွင့်ပြုလို့ မရပါဘူးလို့ပြန်ပြောခဲ့တယ်။" ဟု ဇဗ္မူသီရိမြို့နယ် NLD ရွေး ကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးစိုင်းဝင်းနိုင်ဦး ကဆိုသည်။ လက်ရှိ ၄င်း ၁၈သီးသည် ၂၈ ရက်နေ့ည ၁၀ နာရီခွဲ အချိန် စည်ပင် ဧည့်ရိပ်သာမှ ပြောင်းရွှေ့ခဲ့ရပြီး အထက်ပါ ဦးစိုင်းဝင်းနိုင်ဦး နေအိမ်၌ တည်းခိုလျှက်ရှိကြောင်း၊ ၄င်းတို့သည် ဧပြီလ ၂ရက်နေ့ထိ တည်းခိုမည်ဖြစ်ကြောင်း သိရသည်။

သတင်း...Popular Myanmar News Journal.။

.............................................


ဗုံးပေါက်ကွဲခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္ဒီမြို့နယ်ရှိ ရွေးကောက်ပွဲများကို လုံခြုံရေးတိုးမြှင့်ကာ ကျင်းပသွားမည်ဟု လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်မောင်ရွှေက ပြောသည်။

“လုံခြုံရေးအခြေအနေလည်း အပြည့်အစုံစီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့လဲ တာဝန်ခွဲပြီး အခု သွားကုန်ကြပြီ။ မဲရုံတစ်ရုံကို ၃ ဦးလောက် လိုက်သွားကြတယ်။” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ၂၈ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သိန္ဒီမြို့နယ်ရှိ မဲရုံ ၈ ရုံနှင့် တန့်ယန်းမြို့နယ်ရှိ မဲရုံ ၁၁ ရုံ ကို လုံခြုံရေးအခြေအနေအရ ပိတ်သိမ်းမည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းမဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်းများကမူ ဗုံးပေါက်ကွဲမှုကြောင့် ရွေးကောက်ပွဲကို မထိခိုက်နိုင်ကြောင်း ပြောကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်လောင်း ဦးစိုင်းမောင်မြင့်က ရွေးကောက်ပွဲကျင်းပမည်မှန်သော်လည်း ကျင်းပမည့်နေ့၌ လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ရှိလာလျင် ဥပဒေအရ မဲရုံများကိုပိတ်သိမ်းသွားမည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရကြောင်း ဆိုသည်။

“ဆက်ဖွင့်ဖို့အတွက်လည်း လုံခြုံရေးတွေ၊ ရဲတွေ လွှတ်လိုက်ပြီလို့ပြောတယ်” ဟု ၄င်းက ပြောသည်။
မတ်လ ၂၈ ရက် နံနက် ၄ နာရီခန့်က သိန္ဒီ-မူဆယ်လမ်း၊ နမ္မတူမြစ်ကူးတံတားပေါ်တွင်ဖြစ်ပွားခဲ့သော ယင်းဗုံးပေါက်ကွဲမှုကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ မရှိခဲ့ပေ။

၂၀၁၀ ရွေးကောက်ပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အနိုင်ရခဲ့သော အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) တွင် လားရှိုး၊ မိုင်းရယ်၊ တန့်ယန်းနှင့် သိန္ဒီမြို့နယ်များပါဝင်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သတင်း.....Messenger News Journal..။

...........................................