06 August 2011

ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေဖျော်ဖြေပွဲ ဟစ်ဟော့(စ်) အဆို တော် ဇေယျာသော်ပါဝင်ခွင့်မရ

သြဂုတ်လ ၆ ရက်နေ့ စနေနေ့တွင် ကျင်းပမည့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေရှာဖွေပွဲတွင် အဆိုတော် ဇေယျာသော်ကို ပါဝင် သီဆိုခွင့် မပြုရန် ပွဲစီစဉ်သူများအား အာဏာပိုင်များမှ သြဂုတ်လ ၃ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း အရှေ့ဒဂုံ ၁၂ ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေရှာဖွေပွဲကို သြဂုတ်လ ၆ ရက်နေ့ စနေနေ့တွင် ကျင်းပရန် ပွဲပါမစ် ရရှိထားကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေရှာဖွေပွဲတွင် မကြာသေးမီက ထောင်မှလွတ်လာသော ဟစ်ဟော့(စ်) အဆို တော် ဇေယျာသော်အား သီချင်းဆိုခြင်း မပြုရန် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းမှ ပွဲစီစဉ်သူများကို သြဂုတ်လ ၃ ရက်နေ့တွင် ဝန်ခံကတိ ရေးထိုးခိုင်း ကြောင်း သိရသည်။

ဟစ်ဟော့(စ်) အဆိုတော် ဇေယျာသော်သည် လူငယ်တေးဂီတအဖွဲ့တစ်ခုဖြစ်သည့် အက်စစ်အဖွဲ့ဝင်တစ်ဦးဖြစ် ပြီး မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Waves)အဖွဲ့အား ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည့်အတွက် ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရကာ ပြီးခဲ့သည့်မေလက ထောင်မှ ပြန်လည် လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။

ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို စာရေးဆရာမ သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဆည်းဆာရိပ်အလှဖန်တီးသူများ ခေါင်းစဉ်ဖြင့် ရန်ပုံ ငွေရှာဖွေပွဲတွင် အနုပညာရှင်များက စေတနာဖြင့် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးမှ ပြောကြားသည်။

သတင်း... YC