06 August 2011

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ သည် သဘောတူညီချက် တစုံတရာမရခဲ့ဘဲ ပျက်ပြားခဲ့ရကြောင်း

သြဂုတ် ၁ ရက် နှင့် ၂ ရက်နေ့များက ပြုလုပ်ခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ သည် သဘောတူညီချက် တစုံတရာမရခဲ့ဘဲ ပျက်ပြားခဲ့ရကြောင်း ကချင်အတိုင်ပင်ခံအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအဖုံက ဆိုသည်။

“သွားဆွေးနွေးတဲ့သူတွေကတရားဝင်ပြောတာမရှိပေမယ့်ဆွေးနွေးပွဲပျက်သွားတယ်လို့ကြားပါတယ်”ဟု၎င်းက ဆိုသည်။

အစိုးရဘက်မှ တိုင်းရင်းသားအားလုံးနှင့် ငြိမ်းချမ်းရေး ရယူရန်ထက် ကချင်လူမျိုးတစ်ခုတည်းနှင့် စံပြ ငြိမ်းချမ်းရေးယူရန် ကမ်းလှမ်းခဲ့ ခြင်းကြောင့် ဖြစ်ပြီး KIO အနေဖြင့် အဆိုပါ ကမ်းလှမ်းချက်အပေါ် သံသယရှိသဖြင့် လက်မခံခဲ့ဘဲ ဆွေးနွေးပွဲ ပျက်ခဲ့ရကြောင်း KIO နှင့် နီးစပ်သူတစ်ဦးက ဆွေးနွေးပွဲ ပျက်ရခြင်း အကြောင်းကို ပြောကြားသည်။

“အပစ်အခတ်ရပ်ပြီး တကယ်ငြိမ်းချမ်းရေးမရရင် ဘယ်လိုလုပ်မလဲ ဆိုတာလဲ KIO က ကိုယ်စားလှယ်တွေ ထည့်စဉ်းစားခဲ့ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

အစိုးရစစ်တပ်နှင့် KIO ကြားတွင် ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးသည်မှာ သုံးကြိမ်ရှိပြီဖြစ်ပြီး တစ်ကြိမ်မျှ အောင်မြင်မှု မရခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကချင်လူမျိုးတစ်ယောက်အနေနဲ့ စစ်မဖြစ်စေချင်ပါဘူး။ အပေါ်ယံအပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာထက် ဘာကြောင့် စစ်ဖြစ်ရတာလဲဆိုတဲ့ အဓိက အကြောင်းအရင်းကိုရှာပြီး နှစ်ဦးနှစ်ဖက်ဆွေးနွေးသင့်တယ်။ ဒါမှ တကယ် တည်တံ့ပြီး အနှစ်သာရရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်မယ်ထင်ပါတယ်” ဟု ဦးအဖုံက မှတ်ချက်ပြုသည်။

ကချင်အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာကလည်း ၎င်း၏ ကချင်ပြည်နယ်ခရီးစဉ်တွင် စစ်ဘေးဒုက္ခသည်ပြည်သူများ၏ ဒုက္ခ ဆင်းရဲများကို ကိုယ်တွေ့သိမြင်ခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် အမှန်တကယ် စစ်မှန်ပြီး အေးမြသော အေးချမ်းသော ငြိမ်းချမ်းရေးကို လိုလားလျက်ရှိ ကြောင်း၊ နှစ်ဦးနှစ်ဖက်မျှတစွာနှင့် အမြန်ဆုံးပြေလည်အောင် ဆွေးနွေးညှိနှိုင်းစေလိုကြောင်း ပြောကြားသည်။

လိုင်ဇာမြို့တွင်နေထိုင်သည့် အသက် ၅၀ အရွယ်ရှိ ကချင်လူမျိုးတစ်ဦးဖြစ်သူ ဦးဇော်ဆိုင်းကလည်း “ကျွန်တော့်တစ်သက်လုံး ဟိုပြေး ဒီလွှားနဲ့ပဲ နေခဲ့ရတာ။ ဒီအဖြစ်တွေကို ထပ်မကြုံချင်တော့ပါဘူး။ အမြန်ဆုံး မျှမျှတတရှိပြီး တာရှည်တည်တံ့နိုင်မယ့် သဘောတူညီမှုကို ရစေချင်ပါတယ်” ဟု ပြောကြား သည်။

ကချင်ပြည်နယ်တွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အကြောင်းပြုပြီး အစိုးရစစ်တပ်နှင့် KIO အကြား လက်နက် ကိုင်ပဋိပက္ခများ ဇွန်လလယ် ခန့်မှ စကာ ယခုအထိဖြစ်ပွားလျက်ရှိသည်။

သတင်း....PS