04 August 2011

နေအိမ်တွင် မူးယစ်ဆေးဝါးဖမ်းမိသဖြင့် ရှမ်း ပြည်ခိုင်ဖြိုးဝန်ကြီး နှုတ်ထွက်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးသောင်းရွှေအား ထုတ်ပယ်ခဲ့ခြင်းမှာ နေအိမ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၁ ရက်နေ့ရက်စွဲဖြင့် ဦးသောင်းရွှေကို ရာထူးမှနှုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သော်လည်း အကြောင်း ရင်းကို သတင်းထုတ်ပြန်ခြင်းမရှိပေ။

အဆိုပါ ပြည်နယ်ဝန်ကြီးသည် ဇနီးနှစ်ဦးအား တစ်ပြိုင်နက်ပေါင်းသင်းနေသူဖြစ်ပြီး ဇနီးနှစ်ဦး၏ တိုက်ပွဲကြားတွင် ယခုကဲ့သို့ ရာထူးမှ နှုတ်ထွက်ခဲ့ ရခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“သူ့မယားကြီးက မယားငယ်အိမ်ကို ရာမပစ်ပြီး ရဲကိုသတင်းသွားပေးတာ။ ရဲက အိမ်ကိုဝင်စစ်ကြည့်တော့ မူးယစ်ဆေးတွေ့ပြီး အိမ်ပိုင်ရှင်က သူဖြစ်နေတော့ သူပါ အမှုတွဲထဲပါသွားတာ” ဟု အဆိုပါ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

၎င်း၏နေအိမ်တွင် ထိုကဲ့သို့ မူးယစ်ဆေးဝါးတွေ့ရှိခဲ့သော်လည်း ၎င်းမှာမူ ဥပဒေအရ အရေးယူခံရခြင်း မရှိကြောင်း အဆိုပါ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

အဆိုပါဖြစ်ရပ်အား သက်ဆိုင်ရာ အာဏာပိုင်များမှ အတတ်နိုင်ဆုံးဖုံးထားခဲ့သော်လည်း နောက်ဆုံးတွင် သတင်းများ ထွက်ပေါ်လာခဲ့ရသည့် အတွက် ၎င်းအား ရာထူးမှနှုတ်ထွက်စေခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဆက်လက်ပြောကြားသည်။

“သူတို့က ပြည်ခိုင်ဖြိုးနဲ့ပတ်သက်တဲ့မကောင်းသတင်းဆို အရမ်းဖုံးဖိတတ်တာ။ အခု မတတ်နိုင် လွန်းလို့ ဖြုတ် လိုက်တာ” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးဖြစ်သည့် ဦးစိုင်းအိုက်ပေါင်းထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဦးသောင်းရွှေသည် ရှမ်းပြည်နယ် ကလောမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ မှ ၀င်ရောက်အရွေးချယ်ခံခဲ့သူဖြစ်ပြီး ယခု မူးယစ်ဆေးဝါး တွေ့ရှိခဲ့သော ၎င်း၏အိမ်မှာလည်း ကလောမြို့နယ်တွင်တည်ရှိသည်။

သတင်း...TH