03 August 2011

ရှစ်လေးလုံးဖြစ်တဲ့နေ့

ရှစ်လေးလုံးဖြစ်တဲ့နေ့



(၁)

အဲဒီိနေ့တွေ တုန်းကကျွန်တော်စိတ်တွေ အကြီးအကျယ်လှုပ်ရှားနေခဲ့တယ်။သမတ သစ် တက်လာတယ်။သတင်းစာ မှာ သူ့မျက်နှာကို မြင်ရတယ်။

ငယ်ငယ်တုန်းကတည်းက ဒီ နံမည်ကြားဘူးနေခဲ့။ စိတ်ထဲမှာ အနှစ်နှစ်ကိန်းလာတဲ့ မနှစ်မျို့အခံက ဖုံးမနိုင်၊ ဖြေမရ၊ဒို့တိုင်းပြည်မကြာခင်ဒုက္ခလှလှတွေ့တော့မှာ။ဘယ်သူမှဝင်တားနိုင်မှာလည်းမဟုတ်ဘူးလို့ ခံစားရင်း စိတ်ဆင်းရဲနေခဲ့တယ်။ ငါ ဘာလုပ်နိုင်မလဲ၊ ငါဘာတတ်နိုင်မလဲ....ဆိုတဲ့မေးခွန်းလည်း အပြန်ပြန်အထပ်ထပ် ဖြစ်တယ်။

အသက်က၃၅။ကိုယ်တိုင်ကကျောင်းသားလည်းမဟုတ်တော့။ကျောင်းသားအရေး-ဆိုတာတွေက မပတ်သက်သလို အလှမ်းဝေးနေပြီ။ သူငယ်ချင်းတွေတချို့လည်းထောင်ထဲထပ်ဝင်သွား တချို့လည်းတော ထဲဝင် သွားပြီးပြန်မလာကြတာကြာပြီ ။

တချို့ဆို အိမ်ထောင်တွေသားသမီးတွေ ကိုယ်စီနဲ့စီးပွါးရေးနယ်မှာ နစ်နေကြပြီမဟုတ်လား။ ကိုယ်တိုင် လည်း မင်္ဂလာဈေးဆေး ဆိုင်မှာ ခြာရပတ်ရမ်းနေတဲ့အချိန်။ဘုန်းမော်ကိစ္စ မတ်လထဲမှာဖြစ်တယ်။ခြင်္သေ့ဆိုတဲ့ အသံကို ကြားလိုက်တယ်။ ဘာခြင်္သေ့လဲ ကွ။ နောက် တံတားနီအရေး ဆက်ဖြစ်တယ်။ရက်စက်လိုက်တဲ့ လုံထိမ်းတွေ ကွာ။ ကျောင်းသားမဟုတ်တော့ပေ တဲ့ကျွန်တော် တယောက်မင်္ဂလာဈေးမှာ ထိုင်နေရင်းကျောင်း သားစိတ်ပြန်ပေါက်၊ရင်ထဲမှာမီးတောက်နေတယ်။

ဆေးရောင်းနေပေမယ့်စိတ်ကအရောင်းအ၀ယ်ထဲအာရုံမရှိ။မတတ်သာလို့စီးပွါးရေးလုပ်နေရတာ
ကွာ။ဒီကြားထဲတရားမ၀င်ငွေစက္ကူတွေကြေငြာပစ်တာကနှစ်ခါ။ ငွေကိုင်အလုပ်လုပ်နေရတာ
ဆိုတော့ရှောင်မလွတ်၊ကော့နေအောင်ထိတယ်။

ဦးအောင်ကြီးစာတွေက ပလူပျံလာ။ ကိုယ် ဘယ်နေနိုင်မလဲ။ နေ့စဉ်လာသမျှ နယ်ကုန်သည်တွေ လက်ထဲ လက်သိတ်ထိုးထည့်။ အကုန်ကူးအကုန်ဖြန့် ပျော်ပျော်ကြီးလုပ်နေခဲ့တာပေါ့။

အဲဒီတုန်းကဓါတ်ပုံပိုးလည်းထနေတဲ့အချိန်။မြန်မာနိုင်ငံဓါတ်ပုံအသင်းမှာအသင်းဝင်။ အဲဒီကတတ်လာတဲ့ ပညာလေးတွေ လက်တွေ့ အသုံးချ။ ရှာရှာဖွေဖွေ မမျှော်လင့်ပဲရလိုက်တဲ့ အင်္ဂလိပ်ခေတ် ထုတ်-Rangoon ဆိုတဲ့ စာအုပ်ထဲကရှားပါး ကျောင်းသားသမဂ္ဂအဆောက်အဦကို( miniature photography) အသေးစား ဓါတ်ပုံပြန်ရိုက်ပညာနဲ့ ….။ ဖလင်ဆေး၊ပုံပြန်ထုတ် တပါတီအာဏာရှင်စနစ်ကျဆုံးပါစေဆိုတဲ့ စာတမ်း ကိုအောက်ခြေ ကနေ အင်္ဂလိပ်လိုခတ်ကြမ်းကြမ်းထိုး။ သွေးကြွေးတွေဆပ်ကြစို့ဆိုတာတွေလည်း ပါရဲ့။ ကိုယ့်အိမ် လှေကားရင်းအောက်ခြေမှာဖြစ်သလို ဖွဲ့စည်းထားတဲ့ ဓါတ်ပုံအမှောင်ခန်းထဲမှာ အလုပ်ရှုပ်နေ ခဲ့တဲ့ညတွေပေါ့ ။ ပုံရာပေါင်းများစွာကို ကူးထုတ်နေမိပါတယ်။ မင်္ဂလာဈေးမှာ တရုတ်က၀င်တဲ့ ဓါတ်ပုံကူးဆေး။ ဓါတ်ပုံစက္ကူတွေကလည်းလှိုင်နေတော့ ပုံကူးလို့ကောင်း။ ပေါမှပေါ ပြောရမယ့်အချိန်။

မတ်လဘုန်းမော်ကိစ္စဖြစ်ပြီး

၇၄-၇၅-၇၆သပိတ်တွေ တုန်းကကျွန်တော်တို့ကျာင်းသားဟောင်းတွေ တိတ်တိတ်ပြန်စု နိုင်သလောက် စုကြ၊ နိုင်သလိုဝင်ကျရာနေရာက အလုပ် လုပ်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကျတယ်။

ငွေစက္ကူကိစ္စတုန်းက အာအိုင်တီရှေ့ဖြတ်မောင်းလာတဲ့ ကျေးတိုင်နဲ့မြေစာရင်းဦးစီးလူကြီးစီးတဲ့ မာဇဒါဂျစ်တစီး ကို ကျောင်းသားတွေ မှောက်လှန်ပစ်လိုက်ကြတဲ့ အခြေအနေကိုကျွန်တော် တိတ်တိတ် ဓါတ်ပုံခိုးရိုက် ထားတာရှိတယ်။

အာဏာရှင်ကျဆုံးပါစေ-စာတမ်းထိုးပြီး အာအိုင်တီမှာတိတ်တိတ်ဖြန့်၊ အဲဒီတုန်းကမိတ်ဆွေ ဆရာ မလေးတယောက်ကရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်အင်္ဂလိပ်စာ ဌါနမှာ ကျူတာပေါက်စ။ သူကသတ္တိကောင်း။ ကိုယ်ကူးပေးသမျှ ကျောင်းသားသမဂ္ဂဓါတ်ပုံတွေကို သူ့ ကျောင်းထဲက တပည့်လေးတွေ ဆီက တဆင့် ဒိုင်ခံဖြန့်။အာဏာရှင်ကျဆုံးပါစေဆိုတဲ့ စာတမ်း။ ဒီမိုကရေစီအတွက်။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြဆိုတဲ့စာတမ်းတွေ လက်နှိပ်စက်ရိုက်ပေး။ ကိုယ်ကသမဂ္ဂ ဓါတ်ပုံတွေမှာ စာတမ်းထိုး ဓါတ်ပုံပြန်ရိုက်၊ပြန်ကူးဖြန့်၊ဘ၀ကခုမှအဓိပ္ပါယ်ရှိလာပြီး ကျောင်းသားစိတ်နဲ့ စိတ်လှုပ်ရှား ဘို့ကောင်း လာတယ်။

ဇွန်လထဲမှာ မြေနီကုန်း ကိစ္စ ဆက်ဖြစ်တယ်။

မျက်စိရှေ့မှာ ကျောင်းစိမ်းလေးတွေ ဟံသာဝတီအ၀ိုင်းဘက်ကနေ ရန်ကုန်ထဲ ချီတက်သွား။ အဲဒီအခြေခံ ပညာကျောင်းသားအုပ်ထဲလုံထိမ်းစစ်ကားဇွတ်ထိုးဝင်လူစုခွဲပစ် ။ နောက် အဲဒီ မြေနီကုန်းလမ်း ဆုံမှာ ပဲရက် စက်တဲ့ လုံထိန်းတွေ ကို မြေနီကုန်းလူထုက-လေးဘက်လေးတန် ၀ိုင်းမိသွားပြီး အချီအချဖြစ်ကြ။ မျက်စိရှေ့ မှာတင်ကွက်ကွက် ကွင်းကွင်း ပြေးတမ်းလိုက်တမ်း လူသတ်တမ်း။ ၀ိုင်းမိတဲ့လုံထိန်းတချို့ကို လူအုပ်ကြီးက အုတ်ခဲတွေနဲ့ထုသတ်တာတွေ့ရတော့ ကျွန်တော်တော်တော်ခြောက်ခြားသွားတယ် ။သွေးပျက် ဘို့ကောင်း ပါလား။ အင်းယားကန် ဘောင်အရေးတုနုးက ဒေါသတွေ-အညှိုးတွေ ဒီလူအုပ် ထဲရောက်နေ ခဲ့တော့။ ဒီ အကျိုးဆက်တွေ…။

(၂)

အခုသမတသစ်တက်လာပြီ။ မင်းဘာလုပ်မလဲ ။ ဘာလုပ်နိုင်မလဲ။ ကိုယ့်ကိုယ်ကိုမေးမိတယ်။ သူက သူ့ကိုယ်သူခြင်္သေ့တဲ့။ ခြင်္သေ့နံမည်နဲ့ အမိန့်နဲ့ ဘုန်းမော် အရေးကိုကိုင် တွယ်သွားတာ သူပဲ။၆၂ဆဲဗင်းဂျူလိုင်မှာ ကတည်းက ကျောင်းသားတွေ ကိုနှိတ်ကွပ်လာခဲ့တာသူပဲ။ အဲဒီတုန်းက ဗိုလ်မှူး ။ ခုသမတ။မင်းဘာလုပ်မလဲ။

ကျွန်တော်အကြံတခုဖြစ်တယ်။ဒါနဲ့ ကင်မရာဆွဲ တိရိစ္ဆာန်ရုံ ဘက်ထွက်လာလိုက်တယ်။ အဲဒီနေ့က မှတ်မိ သလောက်စနေတနင်္ဂနွေတော့မဟုတ်ဘူးကြားနေ့တနေ့။တိုင်းပြည်က လည်းခြောက် ခြောက် ခြား ခြား ဖြစ်နေ လို့ လား မသိ ဘူး။ တိရိစ္ဆာန်ရုံမှာ လူမရှိဘူး။ ကိုယ်က-အဖေါ်မပါဘာ မပါ-ကင်မရာ နဲ့ ခတ်ကြောင်ကြောင်။ ဒီအရွယ် နဲ့တိရိစ္ဆာန်ရုံ ဘာလာလုပ်တာလဲ ။သေချာ လိုက်ကြည့်ရင် တိရိစ္ဆာန်တွေ လာကြည့်တာ မဟုတ် တာသေချာတယ်။

ကျားတွေခြင်္သေ့တွေထားတဲ့ရုံဘက် တခါတည်း သွား။ ကိုယ်လိုချင်တဲ့ သတ္တ၀ါကိုလိုက်ရှာ။ ခက်တာက လူက လည်းခတ်ပါးပါး ။ နေကလဲ မြင့်နေလို့လားမသိဘူး။ ကိုယ်လိုချင်တဲ့သတ္တ၀ါတွေကတကောင်မှ အပြင်ထွက် လမ်းသလားမနေကြပဲအတွင်းထဲအကုန်ဝင်ခွေနေကြတယ်။ ခြင်္သေ့အစစ်တကောင်စ နှစ်ကောင်စ ကိုတော့ တွေ့တယ်။ ဒါပေမယ့် သူတို့ကို ရိုက်ဘို့လုံးဝ-မရည်ရွယ်ဘူး။ ကိုယ်လိုချင် တာ ခြင်္သေ့မ ဟုတ်။ခြင်္သေ့ဆိုတာခွန်အားကြီး။ သတ္တိရှိ။ ခန့်ခန့်ညားညားသတ္တ၀ါ။ တကောင်ထဲ၊ ဒါပေမယ့်ခြင်္သေ့ဆို တဲ့စကားလို-မာန် ရှိတဲ့အကောင်။

ကိုယ်လိုချင်တာခြင်္သေ့အစစ်မဟုတ်။ခွေးခြင်္သေ့။ခွေးခြင်္သေ့ကခြင်္သေ့အစစ်လိုမခန့်ဘူး။ လည်ဆန်ဖွားဖွား မရှိတော့ခြင်္သေ့ အစစ် နဲ့ ယှဉ်လိုက်ရင် ပြောင်ချော်ချော်အကောင်။ နံမည် ကလည်းမကောင်း ဘူး။နာမ်နှိမ်ပြီး သား။ ခွေးခြင်္သေ့လို့ ကျွန်တော်တို့ လူမျိုးတွေ ဘာလို့ ဒီနံမည်ပေး သလဲ၊ဒါကျွန်တော် မသိ။ခွေးဆိုတာ ကျွန်တော်တို့ဓလေ့မှာတော့နဲနဲနိမ့်တဲ့အသုံး။ နာမ်အရ နှိမ်ထားပြီးသား ။

ခက်တာကနာရီဝက်တနာရီ ကြာအောင် ကျွန်တော်လှည့်ပတ်ချောင်းလည်း ဒီကောင်တွေ တကောင်မှ ဓါတ်ပုံ ထွက်အရိုက်မခံကြဘူး။ ဒါနဲ့ဟိုကြည့်ဒီလျှောက်လုပ်နေရရင်း ခွေးအတွေ-သွားတွေ့တယ်။ ခွေးအဆိုတဲ့ သတ္တ၀ါက တိရိစ္ဆာန်တွေထဲမှာတော်တော် အရုပ်ဆိုးတဲ့ အကောင်။ ကြက်သရေမရှိဘူး။ ဘာလို့ ခွေးအ လို့နံမည်ပေးသလဲ။တကယ်က ဒီကောင်တွေ မအဘူး။ လည်သမှ အလွန်လွှတ် လည်တဲ့ကောင်တွေ။ အုပ်စုဖွဲ့ စိတ်လည်းရှိတယ်။ဘယ်သတ္တ၀ါမှ ချမ်းသာမပေးတဲ့ကောင်မျိုး။ သူတို့တွေပဲ လမ်းသလားနေကြ။ ကျွန်တော် လည်း ငေးရင်းတွေးရင်း မထူးပါဘူး။ ကိုယ့်ရည်ရွယ် ချက်ပြီးမြောက်အောင် ဖြစ်တာ လုပ်မှ ဆိုပြီး ခွေး အ တွေကိုပဲ လှမ်းရိုက်နေမိတော့တယ်။

(၃)

၈.၈.၈၈နေ့မှာကျွန်တော် စိတ်အရမ်းလှုပ်ရှားနေတယ်။ ညကလည်းကောင်းကောင်းမအိပ်ခဲ့ရ ဘူး။ဓါတ်ပုံ အမှောင်ခန်းထဲမှာ ပဲအချိန်ကုန်။ ညလုံးပေါက်တွေများစွာကူးထားတဲ့ဓါတ်ပုံတွေက လည်းတပုံတခေါင်း။ ဒါတွေလူမသိသူမသိ အခြောက်ခံရတဲ့အလုပ်ကလည်းမလွယ်လှ။ အထူးသဖြင့်အမေမသိအောင် မှင်သေသေ လုပ်ရတာ။အမေက သူ့သားကသူ့ဝါသနာသူလုပ်နေတယ်ထင်တာ။အမေမြင်သွားလို့ကတော့သွေးပျက် ပြီး မလုပ်ပါနဲ့သားရယ်လို့တားမှာသေချာတာပေါ့။ကိုယ့်သားသမီးဆိုတာတော့ ကျလာမယ့် အန္တရာယ်ဆိုးအတွက် စိုးရိမ်မှာ မိခင်တိုင်းရဲ့စေတနာမေတ္တာလေ။

ဘယ်သူမှဒီနေ့ ရှစ်လေးလုံးဖြစ်မယ်လို့ အာမမခံထားဘူး။ အားလုံးညီညာဖြဖြ စိတ်ကိုယ်စီ မှာ ဖြစ်နေကြ တာ။အားလုံးက ဖြစ်ဆိုရင် ဖြစ်ကိုဖြစ်တယ်။ မနက် ၁၀နာရီလောက်မှာ လူတွေထိန်းမရတော့ဘူး။ တမြို့လုံးအရင့်အရင်ရက်တွေကတည်းက ကြို ချထားတဲ့ လုံထိန်းတွေ စစ်သားတွေကို ဂရုမစိုက်တော့ ဘူး။ ရုန်းစု ရုန်းစုဖြစ်နေ ကြပြီ။ ၁၂နာရီ လောက်မှာ လူတွေအကုန် လမ်းပေါ်ရောက် ကုန်ပြီ။ ၂နာရီလောက်မှာတော့မိုးတွေပြိုကျလာသလို၊ လှိုင်းတွေအဆင်ဆင့် လိမ့်လာသလို ရန်ကုန်လူထုကြီးက လမ်းတိုင်လမ်းတိုင်းမှာ ချီတက်နေကြပြီ။ ကျွန်တော့်တသက်တခါမှမကြုံဘူးအောင်များတဲ့ လူထု။ ၇၄ဦးသန့်စဖြစ်တဲ့ တုန်းကညနေ တက္ကသိုလ်ရိပ်သာ လမ်းမှာ ဒါမျိုးတချက်ကြုံလိုက် ဖူးသေးတယ်။ တက္ကသိုလ်ရိပ်သာလမ်းတခု လုံး လူပင် လယ်ဖြစ်သွား ခဲ့တာ။အခုဟာကအဆပေါင်းများစွာပိုကြီး ကျယ်သွားပြီ။ ရန်ကုန် တမြို့လုံးကလူတွေ လမ်းပေါ်ထွက်လာတာ။ လူပင်လယ်ကြီး။ လူပင် လယ်ကြီးထဲမှာ လူလှိုင်းတွေ ထနေတာ လို့ပြောလို့ရတယ်။

ကျွန်တော် က မိုး မရွာပဲနဲ့ မိုးရေခံ ဂျက်ကက် အဖြူတထည် ကို စွပ်ကျယ်ပေါ်မှာ ခံဝတ်ထားခဲ့တယ်။ အကြံနဲ့။ အဲဒီ အပေါ်အကျီအတွင်းအိတ်မှာ ပို့စကဒ်ဆိုဒ် ဓါတ်ပုံ ၃၀၀ကျော်ပါတယ်။ လူအုပ်ကြီးနဲ့မျော လိုက်လာတယ်။ မြေနီကုန်း ဗားကရာလမ်းအတိုင်း တော်လှန်ရေးပန်းခြံဘက်ကို ချီတက်နေတဲ့ လူအုပ်နဲ့အတူ ပါလာတယ်။ လူအုပ်ကြီးကဦးဝိစာရလမ်းအတိုင်း ရန်ကုန်ထဲကို ထောင်အတက်မှာ ကျွန်တော်လှုပ်ရှား လိုက်တယ်။ လူအုပ်နဲ့အတူ ဖြေးဖြေး လိုက်ပါလာတဲ့ အလံထောင်ထားတဲ့ဒေါ့ဂျစ်တစီးပေါ်က လူငယ်တချို့ဆီကို ကပ်သွားပြီး သူတို့ကိုဓါတ်ပုံတွေ ထုတ်ပေးလိုက်တယ်။လူငယ်တွေက တချက် ကြည့်လိုက်တာနဲ့ သဘောပေါက်တယ်။ သူတို့ ဘာလုပ်ရမယ်ဆိုတာ။

နောက်တနာရီလောက် ကျွန်တော်လည်း မြို့ထဲရောက်တဲ့အချိန်မှာ လူအုပ်တွေဟာ ဆူးလေဘုရားကိုယှက်ထိုး ပတ်နေကြပြီ်။ မြို့နယ်စုံက ချီလာတဲ့ စစ်ကြောင်းတွေဆုံမိကြပြီး မြို့တော်ခန်းမရှေ့မှာလည်း လူ ပင်လယ်ဖြစ်နေပြီ်။ လူတော်တော်များများလက်ထဲမှာလည်း သမတ ကျဆုံးပါစေဆိုတဲ့ နာမ်နှိမ်ထားတဲ့ ဓါတ်ပုံတွေကိုင်ရင်း အော်ဟစ်ကြွေးကြော်နေကြတာတွေ့တယ်။ ကျွန်တော်လည်း သူငယ်ချင်းတချို့နဲ့ စိတ်တွေတက်ကြွနေ။ ဘာတွေဆက်ဖြစ်မလဲ။ ကျေနပ်တယ်။

နောက် ကျွန်တော်ဆက်လုပ်စရာလေးတွေကို သတိရလာ။ ဇွန်လတုန်းက အကသ ကျောင်းသားလေးတွေ အသံလွှင်ရုံ ပြည်လမ်းရှေ့အတိုင်း ချီတက်လာတော့ ရရာခြံတိုင်တခုကို ဖြုတ်ပြီး ရရာအကျီအနီတစ ချိတ်အလံလုပ်ချီတက်လာတာတွေ့ခဲ့တယ်။ အလံတွေ ကိုကြိုစီစဉ်ထား ဘို့လိုတယ်။လူထုတိုက် ပွဲ ဟာရှေ့ဆက် သွားတော့မှာ။

ကြည့်မြင်တိုင်ဗားကရာ က ပန်းချီဆွဲတဲ့ မိတ်ဆွေဆီမှာလည်း ခွတ်ဒေါင်းတွေအဆင်သင့် ဆွဲခိုင်းပြီးပြီ။ မနက်ဖြန်ကျွန်တော်နဲ့ တွေ့မယ့် လူငယ်တွေလက်ထဲ အလံတွေအဆင်သင့် ပေးဘို့ ရှစ်လေးလုံး- ညမှာ မင်္ဂလာဈေးက ၀ယ်ထားပြီးသား ပိတ်အနီတအုတ်ကို အဆင်သင့်အလံတခုစာစီဖြတ်။

စမ်းချောင်းကြည့်မြင်တိုင်အပိုင်းက လူငယ်တွေနဲ့တွေ့မယ်။သူတို့ကို ကျွန်တော်မမြင်ဘူးဘူး ။ မရင်းနှီးဘူး။ ဒါပေမယ့် ဒီအချိန်မှာ ဒါကအရေးမကြီးတော့ဘူး။ သူတို့မျက်နှာတွေမှာ ပိုင်းဖြတ်ချက်ချထားတာ ကျွန်တော် သိတယ်။ သူတို့တွေတကယ်ဆက်လက်ချီတက်ကြမှာ။

သူတို့ခေတ်။သူတို့အလံကိုင်တက်လာခဲ့ကြပြီ။ လွန်ခဲ့တဲ့၁၄နှစ်က ကိုယ်လည်းသူတို့ အရွယ်သူ တို့လိုကျောင်း သား။ သူတို့လိုစိတ်ဓါတ်ပဲပေါ့။ လူထုရှေ့မှာပေါ့။ ခုတော့ဒါသူတို့အလံ။ သူတို့ကို လက်ဆင့်ကမ်းရမယ့်အချိန်။

ဒါနိယာမပါ။ သူတို့ဘယ်လောက်ဝေးဝေးသယ်သွားကြမလဲ။ကျွန်တော်ကိုယ်တိုင်လည်း ရင်ထဲက မလွတ် တမ်းဆုတ် ထားခဲ့တဲ့ အရေးတော်ပုံအလံကို ဘယ်လောက်ဝေးဝေးသယ်ခဲ့သလဲ။ ဆုတ်ထားဆဲ အရေးတော်ပုံ အလံကို ဘယ်လောက်ဝေးဝေးသယ်မလဲ။ ဒါ သမိုင်းကပဲ ဆုံးဖြတ်မှာပါ။

(တိုင်းပြည်ကိုစစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေးကြိုးပမ်းဆောင်ရွက်ရင်း ထောင်တွေတောတွေ ထဲမှာကျဆုံးခဲ့တဲ့ ရဲဘော်အပေါင်း။ ခုချိန်ထိ အရေးတော်ပုံအလံကို မလှဲစတမ်းရှစ်လေး လုံးမျိုးဆက်မျိုးဆက် အသစ်အသစ်တွေနဲ့အတူလက်နက်ကိုင်တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ ၇၄-၇၅-၇၆ မျိုးဆက် KNUက ဗိုလ်မှူးစောလှငွေ ၊ထောင်ကျခံနေရဆဲကမာရွတ်NLD ဥက္ကဌ-ဘိုးတော်ခင်ဝင်း ။HRDPလူ့အခွင့်အရေး အဖွဲ့ကိုတည်ထောင်လှုပ်ရှားသူကိုမြင့်အေး။ အင်းတော် အမတ်ကိုမြင့်လှိုင် ။သွေးသစ်လူငယ်အဖွဲ့ချုပ် ဥက္ကဌဒေါက်တာသက်လွင် တို့အပြင် ABSDFကိုတိတ်ကြီးနဲ့ ကဗျာဆရာကိုလွမ်းနီ။ အနှစ်၂၀ကျော်အိမ်ပြန် မရောက်ကြသေးတဲ့နယ်စပ်ကကိုဂါမဏိ။ကိုဝင်းတင့်ထွန်း၊ ကိုညိုထွန်း၊ ကိုအောင်တင်သိန်း၊ ကိုဇော်ငြိမ်းလတ်တို့ အပြင်-၈၉ကတည်းကခုထိထောင်သွင်း မတရားအကျဉ်းချခံထားရသော အခန်းဖေါ် သံလျင်NLD လူငယ် ကိုသန်းဇော်၊ ကိုညီညီဦးတို့ကို လွမ်းသောစိတ် သတိရသော စိတ်။ ပြည်တွင်းပြည်ပ နိုင်ငံတကာ မှာ ရောက်ပြီး အရေးတော်ပုံအလံကို ကိုင်ဆွဲ။ တိုက်ပွဲဆက်-အလုပ်လုပ်နေတဲ့ အားလုံးသောရဲဘော်အပေါင်းကိုအမှတ်ရ ဦးညွှတ်ခြင်းဖြင့် )

ခွန်ဆိုင်း (၁.၈.၂၀၁၁)

ရှစ်လေးလုံးအမှတ်တရ