09 October 2011

အထက(၂) သင်္ဃန်းကျွန်း မှ မတရားငွေကောက်ခံနေမှု


အထက(၂) သင်္ဃန်းကျွန်း မှ မတရားငွေကောက်ခံနေမှု အထက(၂) သင်္ဃန်းကျွန်းမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ... - နိုင်ငံတော်သမ္မတကြီး၏ သန့်ရှင်းသော အစိုးရ ( Clean Government ) ဖြစ်ရေး လမ်းညွှန်သြ၀ါဒ - ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်တို့ကို မျက်ကွယ်ပြု ၍ ကျောင်း အကျိုးတော်ဆောင်အဖွဲ့မှတဆင့် ကျောင်းသူ/သားများကို အလှူငွေ မထည့်မနေရ အတင်းအကြပ် ကောက်ခံလျှက်ရှိနေပါသည်။

ယမန်နှစ်ကလည်း.. ယခုကဲ့သို့ ကောက်ခံခဲ့ပြီး ရရှိငွေ ကျပ်သိန်း(၃၀)ကျော်ကို ဘက်စုံ ထူးချွန်ဆုပေးပွဲတွင် သုံးခဲ့သည်ဟု စာရင်းပြခဲ့ပါသည်။ ယခုနှစ် ကျောင်းအပ်လက်ခံချိန်တွင်လည်း ကျောင်းသူ/သား တစ်ဦး လျှင် အောင်လက်မှတ်ကြေး+ကျောင်းအပ်လျှောက်လွှာခ ဟုဆိုကာ ၁၀၀၀ကျပ်နှုန်း ကောက်ခံခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ထွက်လာမှ ကောက်ခံနေခြင်းကို ရပ်ဆိုင်း ခဲ့ပြီး ကောက်ခံရရှိပြီးငွေများကိုမူ ပြန်လည်ပေးအပ်ခြင်းမပြုခဲ့ပါ။

ယခုကောက်ခံမှုတွင် လည်း ကျောင်းသား မိဘများက မိမိတို့စေတနာဆန္ဒအလျှောက် ထည့်ဝင်သည့် ပုံစံမျိုးဖြစ်အောင် ဆောင်ရွက်လျှက်ရှိသည့်အပြင်… အစည်းအဝေးများ တွင်လည်း ကောက်ခံမှုကို သဘောတူ/မတူ မေးမြန်းသည့်အခါ ထ၍ ဖြေကြားသော ကျောင်းသားမိဘများကို အမည်.. ကျောင်းသားအမည်/အတန်းများကို မရမက မေးမြန်း မှတ်တမ်းယူသဖြင့် မိမိတို့ကလေးများ တစ်စုံတစ်ရာ ထိခိုက်နစ်နာ မည်စိုး၍ ကျောင်းသားမိဘများက မည်သို့မှ မပြောသာခဲ့ပါ။

အစိုးရအဖွဲ့/ ဌာနဆိုင်ရာများကို တိုင်ကြားပါကလည်း မိမိတို့ သားငယ် သမီးငယ်များ၏ ပညာဆက်လက်သင်ကြားရေးကို ထိခိုက်မည် စိုးရိမ်နေကြပါသဖြင့် မတိုင်ကြားဝံ့ ဘဲ ဖြစ်နေကြရပါသည်။ သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိ ၀န်ကြီးမင်းကိုယ်တိုင်က `မည်သည့်အကြောင်းပြချက်နှင့်မျှ အလှူငွေ ကောက်ခံခြင်း မပြုရန်` ညွှန်ကြားထားချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လုပ်ဆောင်နေမှုအား မီဒီယာ/ စာနယ်ဇင်းများမှ ကူညီ ဖော်ထုတ် တားဆီးပေးကြပါရန် မေတ္တာရပ်ခံ တင်ပြရပါသည်။

(ကျောင်းသားမိဘများ)