10 October 2011

သုံးနှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူ ညတွင်းချင်း ဖမ်းမိ

မိဘများ နေအိမ်တွင် မရှိခိုက် ဆော့ကစားနေသည့် သုံးနှစ်အရွယ် မိန်းကလေးကို အသက် ၂၇ နှစ်အရွယ် အိမ်နီးချင်း အမျိုးသား တစ်ဦးက စက်တင်ဘာလ ၂၅ ရက်နေ့တွင် အဓမ္မပြုကျင့် ခဲ့သဖြင့် ယင်းည၌ပင် အဆိုပါ အမျိုးသားကို ရပ်ကွက်က ဝိုင်းဝန်း ဖမ်းဆီးပြီး လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ အပ်နှံခဲ့ကြောင်း ယင်းမြို့နယ် ၁/ ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင် တစ်ဦးနှင့် မိန်းကလေးငယ်၏ မိခင်ဖြစ်သူတို့ထံမှ စုံစမ်း သိရှိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ယင်းကလေးငယ်ကို နေအိမ်တွင် အသက် ခုနစ်နှစ်အရွယ် အစ်ကိုဖြစ်သူနှင့် ထားခဲ့ပြီး အပြင်သွားစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားချိန်တွင် အစ်ကိုဖြစ်သူမှာ ရပ်ကွက်အတွင်း သွားရောက် ကစားချိန် ဖြစ်ကြောင်း၊ ၎င်း ပြန်လည် ရောက်ရှိလာချိန်တွင် ကလေး ဆော့ကစားနေသည်ကို တွေ့ရပြီး မသိရှိ သေးကြောင်း၊ ညနေ ရေချိုးချိန်တွင်မှ ကလေးက နာသည် ပြောသဖြင့် မေးမြန်းကြည့် ရာ အိမ်နီးချင်း မောင်ထွန်းဆိုသူက အဓမ္မပြုကျင့် ခဲ့သည်ကို သိရှိရသဖြင့် ရပ်ကွက်ရုံးတွင် တိုင်ကြားခဲ့ပြီး မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးစစ်ချက် ခံယူကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သုံးနှစ်သမီး၏ မိခင် ဒေါ်မျိုးမျိုးအေးက ပြောကြားသည်။

" အမျိုးသား (၎င်း၏ ခင်ပွန်း) က သီရိမင်္ဂလာဈေးမှာ ကုန်တင်၊ ကုန်ချ လုပ်တော့ ၂၄ နာရီ တစ်လှည့်စီ သွားရတာမို့ အိမ်မှာ မရှိဘူး။ အိမ်မှာက ကလေးတွေပဲ ရှိတာ။ ခါတိုင်းလည်း ဘာမှ မဖြစ်တော့ မထင်ဘူးလေ " ဟု ၎င်းက မျက်နှာ မသာမယာဖြင့် ပြောဆိုသည်။

အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ အမျိုးသား၏ ဆွေမျိုးများကလည်း ၎င်းတို့ အနေဖြင့် အဆိုပါ ဖြစ်စဉ်ကို သေချာစွာ သိရှိခြင်း မရှိဟု ပြောဆိုကြသည်။

ယင်းဖြစ်ရပ်ကို လှိုင်သာယာမြို့ နယ် ရဲတပ်ဖွဲ့ စခန်းက (ပ) ၁၄၂၄/ ၂၀၁၁ ပုဒ်မ ၃၇၆၊ ၅၁၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်း သိရှိရသည်။

ပုဒ်မ ၅၁၁ မှာ ကြံစည်မှု ဖြစ်ပြီး သက်ဆိုင်ရာ ပုဒ်မနှင့် ပတ်သက်၍ ပြစ်ဒဏ် ကွာခြားနိုင်ကြောင်း အငြိမ်းစား ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။


သတင်း...The Voice..။