15 October 2011

နေရာတိုင်းမှာ ဒါဖော်မြူလာ မဖြစ်ဘူး ဆိုတဲ့ ဦးဇာဂနာနှင့်တွေ့ဆုံခြင်း



မေး - ဦးဇာဂနာ အနုပညာလုပ်ငန်း ဆက်လုပ်ဖို့ ရှိလား။

ဖြေ - အဲဒါကတော့ ကျွန်တော်နဂိုကတည်းက အနုပညာသမားပဲဟာ။ အနုပညာအလုပ်က လုပ်သွား မှာပဲ။ တောက်လျှောက်လုပ်သွားမှာပဲ။ ကိုယ်တိုင် ရှေ့ ထွက်ပြီးတော့ မျက်နှာမပြနိုင်သေးရင်လည်း အနောက် ကနေ အကုန်လုပ်သွားမှာပဲ။ အနုပညာအလုပ်ကတော့ အကုန်လုပ်ဖို့ စဉ်းစားထားတယ်။

မေး - ဦးဇာဂနာရဲ့ ပြက်လုံးတွေဟာ ပြည်သူကိုအကျိုး ပြုတယ်လို့ ယုံကြည်ချက် ခံယူချက်ရှိပါသလား။

ဖြေ - ကျွန်တော် လူပြက်စလုပ်ကတည်းက ကျွန် တော့်စိတ်ထဲမှာကိုက ပါဘလစ်စပီကာဆိုတဲ့ ပြည်သူ့အသံ ကို ပြန်ပြောပေးတဲ့လူဖြစ်ချင်တယ်။ အဲဒီဖြစ်ချင်တာ ဖြစ်တဲ့အတွက် ကျွန်တော်တင်မကဘူး၊ ကျွန်တော့်တစ်ဖွဲ့ လုံးမှာရှိတဲ့သူက ပါဘလစ်စပီကာဖြစ်ချင်တဲ့စိတ်နဲ့ လူ ပြက်လုပ်ကြတာချည်းပဲ။

မေး - အခုသမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်၊ နောက် ဦးအောင်ကြည်နဲ့ တွေ့တယ်။ အဲဒီ လိုတွေ့တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ - အဲဒါကတော့ အနှစ်ချုပ်ကလေးပြောရင်တော့ သူတို့ပြောနေကျစကားလေးရှိတယ်။ မတွေ့တာထက် စာရင် တွေ့ရင်ကောင်းတယ်တဲ့။ ကျွန်တော် နည်းနည်း ထပ်ဖြည့်ချင်တယ်၊ တွေ့ပြီး ဘာမှမလုပ်တာထက်စာရင် မတွေ့ပဲနေတာကောင်းတယ်လို့။

မေး - အခုလွတ်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေခဲ့ရတဲ့ အကျဉ်းသားတွေဟာ အခုနိုင်ငံ ရေးအခင်းအကျင်းအသစ်မှာ ဘယ်လိုနေရာက ပါဝင်နိုင် မယ်လို့ ဦးဇာဂနာ ထင်ပါသလဲ။

ဖြေ - ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့နေ ရာမှာ သူတို့လည်းပါတယ်။ အဲဒီလို လွတ်လာကျတဲ့ လူတွေဟာ ဘယ်နှစ်ယောက်ရှိမှန်းကို ကျွန်တော် တကယ်ကို မသိသေးတာ။ အခု လေးလေးမော်ဆိုတာ လွတ်လာတယ်ပြောတယ်။ အဲဒီ သူတို့ဆိုရင် အင်မတန်အားထားရတဲ့၊ မြန်မာ့နိုင်ငံရေးမှာ လည်း အင်မတန်အသုံးတည့်မယ့် မိန်းကလေးတွေပါ။ အင်မတန်တော်တဲ့ မိန်းကလေးတွေပါ။ အဲဒီတော့ ကျွန် တော်တို့လို နိုင်ငံရေးမှာဝင်ပြီး ကူညီမယ့်၊ ပံ့ပိုးမယ့်လူ တွေထက်တောင် ပိုပြီးတော့ ထဲထဲဝင်ဝင် ဘဝတစ်ခုလုံး ကို နိုင်ငံရေးအတွက် ပေးပြီးတော့ လုပ်မယ့်မိန်းကလေး တွေပါ။ ဆိုတော့ အခုလွတ်လာတဲ့လူတွေဟာ နိုင်ငံရေး လောကထဲမှာ ထဲထဲဝင်ဝင်လုပ်နိုင်တဲ့လူတွေပါလို့ ကျွန် တော်ယုံကြည်တယ်။

မေး - ဦးဇာဂနာကိုယ်တိုင်ရော အခုအစိုးရသစ်ရဲ့ နိုင်ငံရေးအခင်းအကျင်းအသစ်မှာ ဘယ်လိုပါဝင်နိုင်မယ် လို့ ထင်ပါသလဲ။

ဖြေ - လတ်တလောအခြေအနေမှာတော့ ကျွန်တော့် အနေနဲ့က ပါဝင်နိုင်မယ့်လမ်းကြောင်းတော့ မရှိသေး ဘူးပေါ့။ သို့သော် ဘယ်လို တာဝန်ပေးလာမလဲ၊ ဘာခိုင်းလာမလဲ၊ အဲဒါတွေကိုလုပ်ဖို့ အဆင့်သင့်ရှိတယ်။

မေး - အရင်အစိုးရနဲ့ အခုအစိုးရသစ် အပြောင်းအလဲ ကြားမှာ ဦးဇာဂနာအကျဉ်းကျနေတုန်း ဘယ်လိုအပြောင်း အလဲတွေ မြင်ခဲ့သလဲ။

ဖြေ - SPDC နဲ့ ဒီဦးသိန်းစိန်အစိုးရနဲ့လား အဲဒါက တော့ ခင်ဗျားတို့လဲ မြင်နေတာပဲ။ အပြောင်းအလဲက တော့ လွှတ်တော်ဆိုတာကြီးဝင်လာရတယ်ပေါ့။ ကျွန် တော်တို့ လွှတ်တော်ဆိုတာကို အရင်က မမြင်ခဲ့ရဘူး။ အခုလွှတ်တော်မြင်လာပြီ။ ဒီအပြောင်းအလဲတစ်ခုအတွက် လွှတ်တော်က တင်လိုက်တဲ့အစိုးရအဖွဲ့တွေနဲ့လည်း လွှတ် တော်တက်ပြီးတော့ ပြောကြတယ်။ ကိုယ်စားလှယ်တွေ ရဲ့ပြောတာတွေလည်း ကျွန်တော်တို့တွေ့ရတယ်။ ဒါလေး တွေက ကောင်းပါတယ်။ အချို့လွှတ်တော်ကိုယ်စားလှယ် တွေက ဘာတွေလျှောက်ပြောမှန်းမသိတာတော့ မကောင်း ဘူးပေါ့ဗျာ။ တချို့မေးတာတွေ၊ ဖြေတာတွေကလည်း ကိုးလိုးကန့်လန့်ဖြစ်နေတာတော့ မကောင်းဘူး။ ဒီလို မကောင်းတာတွေလည်း တွေ့ကြဦးမှာပေါ့။ မေးတာ တခြား၊ ဖြေတာတခြားတွေလည်း အဲဒါတွေလည်း တွေ့ နေရတာပဲ။ သို့သော် ဒါတွေထက်ပိုပြီးတော့ အဆင်ပြေ တာတစ်ခုရှိတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့ မြစ် ဆုံလိုဟာမျိုး။ ကျွန်တော်တို့ ပျော်ပျော်ကြီးချီးကျူးရမှာ ပေါ့။ ဝန်ကြီးဦးစိုးသိန်းလို လူမျိုးကို တွေ့လိုက်ရတာ ဝမ်းသာစရာကြီး။ ဒီသဘောတွေပေါ့။ ကောင်းတာတွေ လည်းရှိတယ်၊ မကောင်းတာတွေလည်းရှိတယ်။ သို့ သော် ကောင်းတာကို ကောင်းတယ်လို့ ကျွန်တော်တို့ ပြော ရမယ်။ မကောင်းတာကို မကောင်းဘူးလို့ ပြောရမယ်။ ဒီသဘောပါပဲ။

မေး - ဦးဇာဂနာ ဘာပုဒ်မနဲ့ ဘယ်လိုကျခဲ့တာလဲ။

ဖြေ - အဲဒါကတော့ ဒီလို၊ ကျွန်တော့်ကို ထောင်ချ လိုက်တာကတော့ အင်တာနက်နဲ့ပတ်သက်လို့ အီလက် ထရွန်နစ် အက်ဥပဒေ ၃ ခု၊ ပုဒ်မ ၃ ခုနဲ့ နံပါတ်တွေက တော့ ကျွန်တော် မမှတ်မိတော့ဘူး။ အဲဒီ ၃ ခုနဲ့ ချတာ။ ဗီဒီယိုအက်နဲ့ ချတယ်၊ နောက်ပြီးတော့ ၅ဝ၅ (ခ)နဲ့ ချ တယ်၊ ၂၉၅ နဲ့ ချတယ်။ ၅ဝ၅ (ခ)ရဲ့ အဓိပ္ပာယ်ကတော့ အစိုးရကို အကြည်ညိုပျက်စေတာကို ရည်ရွယ်တယ်ပေါ့။ ၂၉၅ ကတော့ သာသနာညှိုးနွမ်းအောင်လုပ်တာ။ အဲဒါ ကတော့ ကျွန်တော် ဘုန်းကြီးတွေကို ဆွမ်းကပ်မိတယ်။ အဲဒီတော့ ဒီနေ့ကစပြီးတော့ ဘုန်းကြီး ဆွမ်းမကပ်တော့ ဘူး။ နောက်တော့ ဗုဒ္ဓဘာသာကနုတ်ထွက်ပြီ။ ဘုန်းကြီး ဆွမ်းကပ်တာကို ထောင်ချတဲ့ဘာသာကို ကျွန်တော် ဘာ လို့ ကိုးကွယ်ရတော့မှာလဲ။ ဗုဒ္ဓဘာသာက ထွက်ပြီ။(ရယ်လျက်)

မေး - အခု အီလက်ထရွန်နစ် အက်ဥပဒေနဲ့ ဗီဒီယို အက်ဥပဒေအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ - အီလက်ထရွန်နစ်အက်က အလကားပဲ။ ကျွန် တော့်ကို ထောင်ချတဲ့ တရားသူကြီးလည်း သူကိုယ်တိုင် ကွန်ပျူတာမဖွင့်တတ်ဘူး။ ကျွန်တော့်ကို တရားစွဲတဲ့ လူကတော့ တအားရယ်ရတယ်။ ခင်ဗျားရဲ့ အီးလ်မေး ပြောစမ်းပါတဲ့ဆိုတော့ ကျွန်တော်က thura601@gmail.com ဆိုတော့ ခင်ဗျားကို ကျွန်တော်မေးနေတာ အီးလ် မေးကို မေးနေတာ။ ကျွန်တော့်ကို ဂျီမေးလ် မပြောနဲ့တဲ့။ အလယ်မှာ အက်ပဲကွာပါတယ်လို့ မနည်းပြောယူရတယ် ဗျာ။ အဲဒီတော့ အဲဒါတွေက ဟာသပဲ။ နောက်တော့ ဗီဒီယိုအက်ဆိုတာကတော့ နာဂစ်ပေါ့ဗျာ။ နာဂစ်မှာ မုန် တိုင်းတိုက်ခံရတဲ့လူတွေ၊ ဘာတွေကို ဓာတ်ပုံရိုက်တဲ့ဟာကို ဆင်ဆာမတင်လို့ဆိုပြီး ကျွန်တော့်ကို ချတယ်။ အဲဒါက နာဂစ်ဖြစ်တဲ့ လူသေတွေကို၊ အလောင်းတွေကို ရိုက်တဲ့ ဓာတ်ပုံက ဆင်ဆာတင်စရာလားဗျာ။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို အဲဒါနဲ့ချတယ်။

မေး - အခု သီးလေးသီးအပေါ်ထွက်တဲ့ သတင်း တွေအပေါ်ရော။

ဖြေ - မဖြစ်နိုင်ပါဘူး။ ဒါက တရားစွဲလို့ရတဲ့ ကိစ္စ မှမဟုတ်တာ။ နောက်ပြီး အွန်လိုင်းမှာလည်း သီးနှစ်သီး နဲ့လည်း အခုနကတွေ့ပြီးပြီပဲ။ နာမည်ကြီးဂျာနယ်ကို တရားစွဲမယ်ဆိုရင် ဂေါ်ဇီလာ ရှုံးမှာပေါ့။ ဒါလည်း နာမည်ကြီးဂျာနယ်က အမှားတစ်ခုမှမပါဘဲ။ နောက်တစ် ခုက သီးလေးသီးလို့ နာမည်တပ်ခွင့် ကျွန်တော် ခွင့်မပြု ထားဘူး။ ဒါတော့ တရားဝင် မနေ့က ကန့်ကွက်လိုက် ပြီးပြီ။ ဘာလို့လဲဆိုတော့ ၄ယောက်မဆုံဘဲနဲ့တော့ လေး သီးမဖြစ်သင့်ဘူးလို့ ၊၂ ယောက်ပဲဆိုတော့ နှစ်သီးပေါ့။ မြပုဏ္ဏမာနာမည်လည်း အသုံးပြုခွင့် ကျွန်တော် မပေး ထားဘူး။

မေး - သီးလေးသီးက ဦးဇာဂနာရှိမှ ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ - အာ...အဲဒီလိုတော့ မထင်ပါဘူး။ အောင်မယ် လေး... သီးလေးသီးက ကျွန်တော့်ထက်တောင် တော် သေးတယ်။ အဲဒါကြောင့် ကျွန်တော်မရှိလဲ သူတို့ဖြစ်ပါ တယ်။

မေး - ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ ထောင်ထဲမှာဘယ်လောက်ကျန်သေးလဲ။

ဖြေ - ထောင်ထဲမှာလား။ အများကြီးကျန်သေးတာ ပေါ့။ အများကြီးဆိုတာ ၁၈ဝဝ ကျော်လောက်ကျန်သေး တယ်။ အဲဒီလူတွေ အမြန်ဆုံးလွတ်လာဖို့ ၊အဲဒီလူတွေမှ ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်။ ဗိုလ်ချုပ်ခင်ညွန့် နဲ့ပါတဲ့ ထောက်လှမ်းရေးတွေရော၊ သူတို့ပါ လွတ်ရ မှာ။ သူတို့ပါ တိုင်းပြည်အတွက် အများကြီးအလုပ်လုပ် ခဲ့တဲ့သူတွေပဲ။ ဒါတွေလည်း လွှတ်ပေးရမှာပေါ့။ နောက် တော့ ကာစတန်တွေရှိသေးတယ်။ အကောင်းဆုံးကတော့ ရှိသမျှအကျဉ်းသားအကုန် လွှတ်လိုက်ပါ။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာဖြစ်တဲ့ အမှုတွေမှမဟုတ်တာ။ သမ္မတကြီး ဦးသိန်းစိန် ချထားတဲ့ထောင်မှမဟုတ်တာ။ ရှေ့ကလူတွေ လုပ်သွားတာပဲ။ ထားထားလိုက်။ သူ့ဘာ သူ လွှတ်ပေးလိုက်။ အားလုံးလွှတ်ပေးလိုက်ရင် အား လုံးစိတ်ချမ်းသာသွားမယ်။

မေး - သီးလေးသီးအဖွဲ့ ပြန်ဆုံရင် ဘယ်လိုပြန်က ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ - ကျွန်တော်ကတော့ ကချင်မှကဖြစ်မယ်ထင် ပါတယ်။ သို့သော် ကျွန်တော်တို့ညီတွေလုပ်တာဆိုတော့ ကျွန်တော် အပြည့်အစုံပံ့ပိုးပေးရမှာပေါ့။

မေး - အိမ်နီးချင်းနိုင်ငံတွေနဲ့ အစိုးရသစ်ရဲ့ ဆက်ဆံ ရေးအပေါ်ရော... ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင် ပါသလဲ။

ဖြေ - အိမ်နီးချင်းနိုင်ငံဆို တစ်ခုတော့ရှိတယ်။ နိုင်ငံ တကာဆက်ဆံရေးကတော့ တော်တော်လေးအလှမ်းဝေး ခဲ့တယ် ထောင်ထဲမှာ။ အဲဒီအပေါ်မှာ သိပ်ပြီးတော့ ကျွန် တော် ဝေဖန်ဖို့ခက်တယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ယိုးဒယား နဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိတယ်၊ ဘာတွေရှိမလဲ ကျွန်တော်မလေ့ လာရသေးဘူး။ အိန္ဒိယနဲ့လည်း ဘာရှိလဲတော့ မသိရ သေးဘူး။ သေချာတာတစ်ခုကတော့ မြန်မာပြည်မှာ အမေရိကန်ကဆောက်တဲ့ဆည် မရှိသေးဘူး။ အဲဒါက တော့ သေချာတယ်။ နောက်တစ်ခုကတော့ မြန်မာပြည် က မြန်မာမလေးတွေကို အမေရိကန်တွေ မဝယ်သေး ဘူး။ အဲဒီနှစ်ခုကတော့ သေသေချာချာပြောနိုင်တယ်။ ကျန်တဲ့ဟာတွေတော့ မသိဘူး။

မေး - ဦးဇာဂနာအလေးစားဆုံး (သို့မဟုတ်) ဂုဏ် ယူတယ်လို့ ခံယူထားတဲ့သူ ဘယ်သူရှိမလဲ။

ဖြေ - ဟာ.. ဦးသူရပေါ့။ ဇာဂနာရဲ့အလေးစားဆုံး ပုဂ္ဂိုလ်ကတော့ ဦးသူရပဲ။ ဦးသူရရဲ့အလေးစားပုဂ္ဂိုလ် ကလည်း ဇာဂနာပဲပေါ့။ (ရယ်လျက်)

မေး - အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပေါ်မှာ ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - ဝမ်းသာပါတယ်။ သို့သော် နှစ်ပိုင်းခွဲပြောရ မယ်။ စိတ်ခံစားမှုအနေနဲ့ပြောရရင် မကျေနပ်ဘူး။ နည်း လွန်းတယ်။ သမ္မတကပ်စီးကုတ်တယ်လို့ ပြောရမယ်။ နိုင်ငံရေးအရ ပြောရမယ်ဆိုလို့ရှိရင်တော့ နောက်တစ်ဆင့် အတွက် အရှိန်ယူလိုက်တာလို့ ကျွန်တော်ယူဆတယ်။ ရက်ပိုင်း လပိုင်းအတွင်း ကျန်ရစ်ခဲ့တဲ့လူတွေအကုန်လုံး၊ ထောင်ထဲကလူတွေအကုန်လုံး လွတ်လာလိမ့်မယ်လို့ ကျွန်တော်ပြောရမယ်။ အဲဒါကြောင့်မို့လို့ ဒါက အစပျိုး စမ်းသပ်ချက်ကလေးတစ်ခုလို့ပဲ ကျွန်တော်ခံယူပါတယ်။



မေး - တကယ်လို့ ဖွံ့ဖြိုးတိုးတက်မှု ၊သမိုင်းယဉ် ကျေးမှု နဲ့ အနုပညာ တစ်ခုခုကိုရွေးချယ်ရမယ်ဆိုရင် ဦးဇာ ဂနာ ဘာကို ရွေးချယ်မလဲ။

ဖြေ - ဖွံ့ဖြိုးတိုးတက်မှု၊ သမိုင်းယဉ်ကျေးမှု နဲ့ အနု ပညာတစ်ခုခုကို ထည့်ပေးရမှာပေါ့။ အဲဒါကတော့ ကျွန် တော်တို့ရဲ့မြောက်ပိုင်းက ပညာရှင်ကြီး တိန့်ရှောင်ဖိန် ရှိတယ်လေ။ ကျွန်တော်တို့ မြောက်ပိုင်းက အဲဒီလူကြီး ပြောသားပဲ။ တံခါးကြီးဖွင့်လိုက်ရင် အကောင်တွေဝင် လာလိမ့်မယ်တဲ့။ လေကောင်းလေသန့်တော့ ရတာပေါ့ တဲ့။ အိမ်ထဲကအကောင်တွေကို မောင်းထုတ်ဖို့ကျတော့ အိမ်ရှင်တာဝန်ပေါ့ဆိုတဲ့စကားလိုပေါ့ဗျာ။ ကျွန်တော်က တော့ ထောင်ထဲကဟာကို ပြန်ပြီးတော့ နမူနာပေးရတာ ပဲ။ အဲဒီပိုးကောင်တွေကို အဲဒီကနေပြီးတော့ ကျွန်တော် တို့အိမ်ထဲကကောင်တွေကို ကာကွယ်ဖို့ဆိုတာ အဲဒီဟာ တွေကို ပိုးသတ်ဆေးနဲ့ ဖျန်း တာ၊ ကျွန်တော်တို့ ၄ ယောက် ဆေးရုံကို တန်းရောက်သွားတယ်။ အဲဒါပါပဲ။ အဲဒီ နမူနာ နဲ့ပဲ ကျွန်တော်ပြောရမယ်။

မေး - အဖွဲ့အစည်းတစ်ခုခုက ကြိုးဆွဲရာ လာက ခိုင်းမယ်ဆိုရင်ရော။

ဖြေ - အာ. . . ကျွန်တော်က ကျွန်တော်မှ ကြိုး တပ်မခံတာ။ (ရယ်လျက်) ဘယ်သူပြောရင် ကပါ့မလဲ။ အားရပါးရရယ်လျက်။

မေး - ပါတီတစ်ခုရဲ့ အိုင်ဘုတ်ကို ဦးဇာဂနာ ဆွဲပေး တယ်ဆိုတာက။

ဖြေ - မဟုတ်ပါဘူး။ မဆွဲပေးပါဘူး။

မေး - ဒါဆို အိုင်ဘုတ်ဆွဲပေးတယ်လို့ သတင်းထွက် နေတာက။

ဖြေ - ပါတီတစ်ခု လိုဂိုဆိုတာ ကျွန်တော်မှ ပန်းချီ မဆွဲတတ်တာ။ သူတို့ပြောတာ ပါတီမဟုတ်ဘူး။ အဲဒီ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ရွေးကောက်ပွဲကြီးမလုပ် ခင်တုန်းက လှုံ့ဆော်မှုတစ်ခုအနေနဲ့သွားမယ်ဆိုရင် နာမည် လေးတစ်ခုလောက်တော့ ရွေးပေးလိုက်ပါလားဆို တော့။ သူငယ်ချင်းထောင်ဝင်စာကနေပြီးတော့ ပြောလိုက် တယ်။ အဲဒီတုန်းက ကျွန်တော် ထောင်ဝင်စာပိတ်ထား တာလေ။ အိုင်ဘုတ်လုပ်ပါလားလို့ ပြောရခြင်းရဲ့အ ကြောင်းအရင်းက ဂျပန်မှာ အဲဒီအဖွဲ့ရှိတယ်။ အဲဒါ ကြောင့် အဲဒီအိုင်ဘုတ်လုပ်ပါလားလို့ အကြံဥာဏ်လေး ပေးလိုက်တယ်။ ဒါလေးပါပဲ။

မေး - နိုင်ငံရေးပါတီတစ်ခုခုကိုရော ဝင်ဖို့ရှိပါ သလား။

ဖြေ - လတ်တလောတော့ မရှိသေးဘူး။ နောက် နောင် လိုအပ်မယ်ဆိုရင်တော့ ဝင်မှာပဲ။

မေး - ဒီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရော ဦးဇာဂနာ ဖတ်ပြီးသွားပြီလား။

ဖြေ - ဖတ်ပြီးသွားပြီ။

မေး - ဘယ်တုန်းက ဖတ်တာလဲ။

ဖြေ - ထောင်ထဲရောက်မှ ဖတ်တာ။

မေး - အစိုးရသစ်ဟာ ယုံကြည်ချက်ကြောင့် ကျခံ နေရတဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာဟာ အမေ ရိကန်ဖိအားနှင့် ဆန်ရှင်ကြောင့်လို့ ဆိုနိုင်မလား။

ဖြေ - ကျွန်တော်က သိပ်မထင်ပါဘူး။ သမ္မတကြီး ရဲ့ စေတနာလို့ပဲထင်ပါတယ်။

မေး - လွတ်ငြိမ်းချမ်းသာခွင့်ပေးတိုင်း သာမန်အမှု လေးတွေက လွတ်အားများတယ်လို့ ဆိုနိုင်မလား။

ဖြေ - ဆိုနိုင်တာပေါ့။ သူတို့တစ်တွေကလည်း များ တာကို။ တကယ့် တကယ်ပြောရမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားလို့ ပြောခံရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ အကျဉ်းသားလေ။ အဲဒီယုံကြည်ချက် ကြောင့် အကျဉ်းကျခံရတဲ့အကျဉ်းသားဆိုတာ တစ်နိုင်ငံလုံး ပေါင်းမှ နှစ်ထောင်လောက်ရှိတာ။ တခြားအကျဉ်းသား တွေက ခြောက်သောင်းကျော် လောလောဆယ်ရှိတယ်။ ဒါတောင်မှ ၄၂ ထောင်မှာ နောက်ဟိုဘက် ရဲဘက်စခန်း တွေကပါ ပေါင်းရင် ရှစ်သောင်းကျော်လောက်ရှိမယ်။ အဲဒီလူတွေက ပိုများတော့ များတဲ့လူတွေက ပိုလွတ် တာပေါ့။ နိုင်ငံရေးအကျဉ်းသားက နည်းသွားတဲ့သဘော ပါပဲ။

မေး - မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကိုဘာပြောချင်ပါသလဲ။

ဖြေ - တကယ်ပြောရင်တော့ စီးပွားရေးက ကျွန် တော် နားကို မလည်တာ။ မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေကျတော့လည်း တအားကိုတော်တာလေ။ အဲဒီတော့ သူတို့လိုတော်တဲ့ လူတွေကျတော့ ကျွန်တော်က သူတို့ကို အကြံပေးဖို့ လည်း မတတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က အကုန် တတ်တယ်လေ။ သူတို့တော်တော်များများ အလုပ်လုပ် တတ်တယ်။ စပါးလည်းစိုက်တတ်တယ်။ ဘောလုံးအ သင်းလည်းထောင်တတ်တယ်။ အအေး လည်းထုတ်တတ်တယ်။ အရက်ပုလင်းလည်း ထုတ်တတ်တယ်။ အဲဒါမျိုးပေါ့။ အဲဒီတော့ ကျွန်တော်က နွားရှေ့ထွန်မကျူးပါဘူး။ သူတို့ က ကျွန်တော့်ထက် ပိုတတ်ပါတယ်။ နွားရှေ့ထွန်းကျူး တဲ့အလုပ် မလုပ်ဘူး။ (ရယ်လျက်)

မေး - အထဲမှာရော ကျန်းမာရေးစစ်ဆေးမှုတွေ ပုံမှန် စစ်ပေးရဲ့လား။

ဖြေ - အဲ ...ဒီလိုပြောရမယ်။ အဲဒီလိုတော့ တိတိ ကျကျကြီး ပြောလို့မရဘူး။ ဒီဘက် ၂ဝဝ၉ စက်တင် ဘာလက စပြီးတော့မှ ကျွန်တော်တို့ မြစ်ကြီးနားထောင် ထဲမှာ... မြစ်ကြီးနားကိုပဲ ကျွန်တော်ပြောတာနော်။ ၄၂ ထောင်ထဲမှာ ကျွန်တော်ပြောလို့ရတာ မြစ်ကြီးနားထောင် ပဲရှိတယ်။ ကျန်တဲ့ထောင်တွေတော့ ကျွန်တော်မသိဘူး။ အဲဒီတော့ ၄၂ ထောင်ကို ကိုယ်စားမပြုဘူး။ ကျွန်တော် ပြောတာ မြစ်ကြီးနားထောင်ကိုပဲ ကိုယ်စားပြုတယ်။ ၂ဝဝ၉ စက်တင်ဘာကစပြီးတော့ ကျွန်တော်လွတ်လာတဲ့အချိန် အထိကတော့ ကျန်းမာရေးစောင့်ရှောက်မှုတော်တော်လေးကို ကောင်းတာ။ ရောက်လာတဲ့ဆရာဝန် တွေ၊ ဆေးမှူးတွေကလည်း
တော်တော်ကို စေတနာရှိ တာ။ ဘယ်လောက်တော်လဲဆို ဆေးမပေးနိုင်လောက် အောင် တော်တယ်။ ဆေးတော့ တစ်စက်မှမရှိဘူး။ (ရယ်လျက်)။ ဆေးတော့ စစ်ဆေးနေတာ။ အကြီးအကျယ်ပဲ။ ဆေးတော့ တစ်စက်မှမရှိဘူး။ ရောဂါကတော့ မှန်နေတာပဲ။ အားရပါးရ ရယ်လျက်။

မေး - ထောင်ဝင်စာကို ဘယ်လိုရသလဲ။

ဖြေ - ကျွန်တော်က ထောင်ဝင်စာ ပိတ်ခံထားရ တယ်။ ကျွန်တော်လွတ်လာတဲ့အချိန်အထိ ကျွန်တော့် မိသားစုနဲ့ တွေ့ခွင့်ပိတ်ခံထားရတဲ့အတွက် ကျွန်တော် တွေ့ကို မတွေ့ရဘူး။

မေး - ကျန်ခဲ့တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရတဲ့ သူတွေကိုရော ထောက်ပံ့ပေးဦးမလား။

ဖြေ - ရှိတယ်။ ကျွန်တော်ပို့လိုက်တယ်။ ဒီနေ့ပဲ ပို့လိုက်တယ်။ ကျွန်တော့်ပစ္စည်းတွေ။

မေး - အထဲမှာရော နေထိုင်စားသောက်မှုအခက်အခဲ တွေရှိခဲ့သလား။

ဖြေ - မခက်ခဲဘူးဗျ။ တကယ့် တကယ့် ပြောရမယ် ဆိုရင်တော့ ဟိုးအရင်တုန်းက ထောင်ကျခဲ့တဲ့အချိန် ၂ဝဝဝ ခုနှစ်အရှေ့ကပေါ့နော်။ အဲဒီအခြေအနေနဲ့ ဒီတစ် ခေါက်နဲ့ တော်တော်ကွာတယ်။ ဒီတစ်ခေါက်ကတော့ တကယ်ပြောရင် ဒါအမှန်တိုင်း ပြောတာ။ ဒါကို ညာ စရာမရှိ။ အမှန်ကိုပြောရမယ်ဆိုရင်တော့ အစားအ သောက်တော်တော်အဆင်ပြေသွားပြီ။ အရင်တုန်းက ထက်စာရင် ဆန်တွေလည်း ကောင်းလာတယ်။ ပဲတနပ် ကောင်းလာတယ်။ ညနေကျတော့ တာလပေါလည်း တော်တော်ကောင်းလာတယ်။ အသားတွေလည်း တော် တော်ကောင်းလာတယ်။ လုံလုံလောက်လောက်စားရ တယ်။ ရေလည်း လုံလုံလောက်လောက် ချိုးရတယ်။ တကယ်ပြောရင်တော့ ဒီဘက်နောက်ပိုင်း အစားအ သောက်ကတော့ အပြစ်တင်စရာမရှိလောက်အောင် ပေါ့လေ။ ဟိုတယ်မှ မဟုတ်ပဲ။ အဲဒါကတော့ အဆင် ပြေတယ်။

မေး - ဦးဇာဂနာ အထဲမှာ ကျန်းမာရေးချို့ယွင်းတယ် လို့ သတင်းထွက်ခဲ့တဲ့အပေါ်ရော တကယ်ပဲလား။

ဖြေ - ဟုတ်တယ်။ ရောက်ရောက်ချင်းတုန်းကတော့ ဆရာဝန်လည်း မရှိဘူးလေ။ အဲဒီအချိန်ကတော့ တော် တော် စိတ်တောင်ဆိုးမိတယ်။ ကျွန်တော်ဖြစ်တဲ့အချိန် မှာ ဆရာဝန်ကို မရှိတော့ သူတို့ ဘာလုပ်ရမှန်းမသိဘူး။ အဲဒီတော့ ကျွန်တော်သေချင်ရင် အဲဒီနေရာ သေ။ ကျွန် တော် အဲဒီအချိန်မှာ လမ်းမပေါ်ရောက်သွားပြီ။ လမ်းမ ပေါ်ဆိုတာ ထောင်ရဲ့အလယ်ခေါင် လမ်းမပေါ်။ အဲဒီ နေရာမှာကို ကျွန်တော်ရောက်သွားပြီ။ ဆေးရုံတင်ရမှာ လား။ အဲဒါတွေပေါ့။ စိတ်ပျက်ဖို့ကောင်းတာ။ အဲဒီ အချိန်တုန်းက၂၀၀၉ခုနှစ် လေးလပိုင်း ၊ အပြင် လည်းမထုတ်ရဘူးတဲ့။ ဆေးရုံသွားဖို့လည်း မလွယ်။ အဲဒီအမိန့်ခံနေတာနဲ့ သေချင်ရင် ဒီမှာသေလို့ရပြီ။ အဲဒီ မှာ ပရက်ရှာက ၂၁ဝ ဖြစ်နေပြီ။ အပေါ်သွေးက ၊အဲဒါ သေလို့ ရပြီလေ။ မဟုတ်ရင်တော့ သွေးကြောပြတ်ပြီး တော့ လေဖြတ်သွားဖို့ ကောင်းတယ်။ အဲဒါ သူတို့ ပါမစ်ကို တောင်းနေတာ အပြင်မထွက်နိုင်ဘူး။ ဆေး ခန်းကို ။အဲဒါ ခင်ဗျားသေချင်ရင် သေလို့ရပြီ။ တစ်ည လုံးကို ဆရာဝန်မလာတာ။ သေရွာပြန် ဇာဂနာ ၊တုံးကျော် ဖားပါ။ (ရယ်လျက်) အဲဒီတုန်းက ၂ဝဝ၉ ခုနှစ် ၄ လ ပိုင်းက ဖြစ်တာ။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလလောက် ကစပြီး ကျွန်တော်အဲဒီလိုဖြစ်လိုက်လို့လားမသိဘူး။ လှုပ် လှုပ်ရှားရှား အုန်းအုန်းကျွက်ကျွက်ဖြစ်သွားပြီးတော့ ဆရာဝန်ရောက်လာတာ။ အဲဒါဖြစ်ပြီး ငါးလလောက် အကြာမှ ဆရာဝန်ပြန်ရောက်လာတာ။ အဲဒီကျတော့ မှတော်တော်ကိုအဆင်ပြန်ပြေလာတာ။

မေး - ကိစ္စတစ်ခုခုကို ဖြစ်လာရင် အစိုးရကို တွန်း အားပေးနေတိုင်း အဆင်ပြေပြေ ဖြေရှင်းလို့ရမယ်လို့ ထင်လား။

ဖြေ - မယုံကြည်ပါဘူး။ ဒီလိုပေါ့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် မေတ္တာရပ်ခံတဲ့ကိစ္စတွေနဲ့ လုပ်ရမှာပေါ့။ ဘာလို့လဲဆိုတော့ မြစ်ဆုံလေး တစ်ခါဖြစ်တာနဲ့ နောက် နောင်အစိုးရကို မြစ်ဆုံလို အလားသဏ္ဍာန်တူ ဖော်မြူ လာပေါ့။ ဖော်မြူလာဝင်သွားပြီးတော့ အာ ...အဲဒီလိုပဲ ဝိုင်းပြောကြမယ်ဆိုရင် အောင်မြင်မယ်ဆိုတာမျိုးတော့ ကျွန်တော်မယုံကြည်ဘူး။ နေရာတိုင်းမှာ ဒါဖော်မြူလာ မဖြစ်ဘူး။

မေး - လူ့အခွင့်အရေးကော်မရှင် ဖွဲ့လိုက်တဲ့အပေါ် ရော။

ဖြေ - ကောင်းပါတယ်။ အဲဒီ လူ့အခွင့်အရေးကော်မ ရှင် ဘယ်လောက်စွမ်းလဲ မတွေ့ဘူးလား။ ၁ဝ ရက်နေ့ ကြေညာချက်ထုတ်တယ်။ ၁၁ ရက်နေ့မှာ နိုင်ငံတော်ကလွတ်ငြိမ်းချမ်းသာခွင့်ပေးတာပဲ။ ဘယ် လောက်စွမ်းလဲ။ ဒါဟာ ကောင်းတာ။

မေး - အခု ကျန်းမာရေးအခြေအနေကရော။

ဖြေ - ထောင်ကလွတ်လာတုန်းကတော့ အကောင်းပဲ။ ခင်ဗျားတို့နဲ့ တွေ့တော့မှ ကျွန်တော်ယိုင်နဲ့လာပြီ။ ဆေး ဖိုးဝါးခလှူခဲ့ဦး။ (အားရပါးရ ရယ်လျက်)

မေး - သမ္မတကြီးနဲ့ အစိုးရအဖွဲ့ကို အခုလက်ရှိ အခြေအနေတစ်ခုခုနဲ့ ပတ်သက်ပြီး မေတ္တာရပ်ခံချင်တာက။

ဖြေ - အဲဒါကတော့ ကျွန်တော်ပြောချင်တဲ့ စကားက တော့ ဖရီးပလိစ့် ကျေးဇူးပြုပြီးတော့ အားလုံးလွှတ်ပေး ပါလို့ ကျွန်တော်ပြောချင်တယ်။ အဲဒါကတော့ ကျွန် တော်ပြောချင်တဲ့ စကားပဲ။ ခင်ဗျားတို့ဆီကတစ်ဆင့် ပြောလို့ရမယ်ဆိုရင်လည်း အလွန့် အလွန် အဆင်ပြေမယ်။ ကျေးဇူးပြုပြီး အကျဉ်းသားအားလုံးလွှတ်ပေးပါလို့ သမ္မတကြီးကိုမှ မဟုတ်ဘူးနော်။ လုံခြုံရေးကောင်စီ ၁၁ ယောက်စလုံးကို မေတ္တာရပ်ခံချင်တယ်။ ကျေးဇူး ပြုပြီး အားလုံးလွှတ်ပေးပါလို့။ တိုက်ရိုက်လည်း စာနဲ့ ကျွန်တော် ပို့ဦးမှာ။

မေး - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော။ လူငယ်တွေ ကို မျိုးဆက်သစ်မွေးဖွားဖို့ လိုနေပြီလို့ ထင်သလား။

ဖြေ - အဲဒါ ကျွန်တော် ခုနကပြောတယ်လေ။ အန်တီ အနေနဲ့ကတော့ မျိုးဆက်သစ်လူငယ်တွေ နိုင်ငံရေးလုပ် လို့ရနိုင်တဲ့ ကွင်းစ်ပေါ့။ အန်တီ့ကို ကျွန်တော် အကြံပေးမလို့။ အန်တီမနေ့က ခေါ်တာလေ။ ကျွန်တော်က အဲဒါ အင်တာဗျူးနေရင်း ဗျူးနေရင်းနဲ့ မသွားလိုက်ရတာ ကျွန်တော်က အဲဒီမှာ မလာလို့ဆိုပြီးတော့ ဟိုမှာ အန်တီက စာရေးပေးလိုက် တယ်။ စာအုပ်တစ်အုပ်ပါ ပေးလိုက်တယ်။ အေးအေး ဆေးသာ ဂျာနယ်လစ်တွေနဲ့ ပြောလိုက်တော့တဲ့။ ပြီး တော့မှ အားလုံးပြီးပြီဆိုတော့မှ အန်တီတို့ စကားပြော ရအောင်ဆိုတော့ ကျွန်တော် မနေ့ကလည်း မသွားလိုက် ရဘူး။ အန်တီ နှစ်ရက်စောင့်လိုက်ရတယ်။

မေး - ပါတီကိုရော ခေါ်သလား။

ဖြေ - ပါတီထဲကို မခေါ်ပါဘူး။ လူပုဂ္ဂိုလ်ပဲတွက်တာ။ ကျွန်တော်ကလည်း ပါတီထဲခေါ်တော့ သွားမှာမှမဟုတ် ဘဲ။ ဘာလို့လဲဆိုတော့ NLD ပါတီ က မှတ်ပုံမှ မတင်တဲ့ ပါတီဘဲ။ ဘာလုပ်ဖို့သွားရမှာလဲ။

ဟုတ်ကဲ့အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ရင်းမြစ်..Mess Journal