10 October 2011

မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သတင်းပြန်လည်သင်းပျံ့


(Monster and Critics မှသတင်းကို Yangon Chronicle ဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့် သြဂုတ်လ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန် လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ နိုင်ငံသမ္မတ ဦးသိန်းစိန်က သူမ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကိုလည်း ပါဝင်အောင်ထည့်သွင်းဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးသိန်းစိန်တို့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ချိတ်ဆွဲထားသည့် သမ္မတရုံးခန်းထဲ၌ လက်ဆွဲနှုတ်ဆက်ပုံကို နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ သည်။ အဆိုပါ သမိုင်း ဝင် တွေ့ဆုံဆွေးနွေး မှုသည် မြန်မာ့ အမျိုးသားနိုင်ငံရေးအတွက် သဘောထားလက္ခဏာသစ်တစ်ရပ် ထွက်ပေါ်လာစေသည်။

၁၉၉၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သော ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ ဒေါ်အောင်ဆန်း စုကြည်ကို မလိုလားမနှစ်သက်သူအဖြစ် သတ်မှတ်ခံခဲ့ရရုံမျှမက သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို မှေးမှိန်အောင်ပြုလုပ်ခဲ့သည့် အတွက် များစွာဝေဖန်ပြောဆိုခံခဲ့ရသည်။

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင်အချိန်က နေပြည်တော်မြို့တော်ရှိ အစိုးရရုံးများတွင် မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများချိတ်ဆွဲခဲ့ခြင်း မရှိခဲ့ပေ။ "ဦးသိန်းစိန်က သူဟာ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံတဲ့သူ တစ်ဦး ဖြစ်ပါတယ် ဆိုတဲ့အချက်ကို မြန်မာပြည်သူတွေ သိအောင်လုပ်ပြလိုက်တာပါ" ဟု အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ဦးခင်မောင်ဆွေကပြောကြားသည်။ "ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံကို သမ္မတရုံးခန်းမှာ ချိတ်ပြတယ်ဆိုတာက သူ့အနေနဲ့ ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို မဖျောက် ဖျက်လိုဘူးဆိုတဲ့အချက်ကို ပြလိုက် တာပဲဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။ NDF ပါတီသည် ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်လိုက်သော ပါတီတစ်ခုဖြစ်ပြီး မြန်မာပြည် တွင်းသုံး ကျပ်ငွေများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်ထည့်သွင်း ရိုက်နှိပ်ရေး ကိစ္စကို လွှတ်တော်သို့ အဆိုပြု တင်သွင်းရန် ယခုအခါ စီစဉ်လျက်ရှိသည်။ ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ဗိုလ်ချုပ်ဓာတ်ပုံများ

မြန်မာကျပ်ငွေများတွင် ရိုက်နှိပ်ဖော်ပြမှုကို ဆက်တိုက်ဆိုသလို ပိတ်ပင်ခဲ့သည်။

"ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားရေးသူရဲကောင်းတစ်ဦးပါ။ ကျွန်တော်တို့အနေနဲ့ အားလုံးကို အရင်ကအတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင် သွားမှာပါ" ဟုလည်း ဆိုသည်။ ထို့ပြင်ယခုအခါ မြန်မာနိုင်ငံတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများ ပြန်လည် ပေါ်ထွက် လာသည် ကိုလည်း တွေ့ရသည်။

ယခင်မြို့တော်ဟောင်းရန်ကုန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများနှင့် ပိုစတာများကို တရားဝင် ရောင်းချနေကြပြီ ဖြစ်သလို ပြည်တွင်းပုဂ္ဂလိကသတင်းစာစောင် အသီးသီးကလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော ဆောင်းပါးများကို ဝေဝေ ဆာဆာ ရေးသားဖော်ပြနေပြီဖြစ်သည်။

"ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်တွေပြန်လည်ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အခုဆိုရင် အသက်အရွယ်ငယ်တဲ့ တပ်မတော်သားတွေ အနေနဲ့ ဘယ်သူဟာ လွတ်လပ်ရေးသူရဲကောင်းဖြစ်ပြီး တပ်မတော်ရဲ့ဖခင် ဖြစ်တယ်ဆိုတာကို သိလာကြပြီဖြစ်ပါတယ်" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။ ၁၉၈၈ ခုနှစ် စစ်တပ်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီတော်လှန်ရေး မပေါ်ပေါက်မီ ကာလနှင့် ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီသူရဲကောင်း အဖြစ် ပေါ်ထွန်းမလာမီ ကာလများတွင် မြန်မာစစ်တပ်က ဗိုလ်ချုပ် အောင်ဆန်း ကို တပ်မတော်ဖခင်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ လွတ်လပ်ရေးဗိသုကာအဖြစ် လည်းကောင်း ချီးမွမ်း ဂုဏ်ပြုခဲ့သည်။