15 October 2011

လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက် ထုတ်ပြန်ဦးမည်

လွတ်ငြိမ်းချမ်းသာခွင့်များ ဆက်လက်ထုတ်ပြန်ပေးဦးမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြောကြားသည်။

အစိုးရသစ်၏ ဒုတိယအကြိမ် ထုတ်ပြန်လိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသား ဦးရေ ၆၃၅၉ ဦး လွတ်မြောက်လာပြီး ယင်းထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကနေသူ ၃၀၀ နီးပါး ပါဝင်ခြင်းသည် အမျိုးသား ပြန်လည်စည်းလုံးရေးအတွက် လှေကားထစ်တစ်ခုကို တက်လှမ်းလိုက်ခြင်း ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“ခြေလှမ်းတစ်လှမ်းလာပြီးရင် နောက်ခြေလှမ်းတွေ ထပ်လာဖို့ ရှိပါတယ်။ ပြည်သူတွေအနေနဲ့ ဒီခြေလှမ်းတွေ နောက်မဆုတ်သွားအောက် ဝိုင်းဝန်း ထောက်ခံဖို့ လိုပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ထောက်ခံပေးမှုကြောင့် ရရှိလာသည့် အကျိုးရလဒ်သည် လတ်တလောလိုအပ်နေသည့် အမျိုးသားပြန် လည်ရင်ကြားစေ့ရေး ကို ထောက်ပံ့ပေးနိုင် သည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူ ဦးခင်မောင်ဆွေ က ပြောကြားသည်။

“လိုအပ်နေတဲ့ကိစ္စတွေကို မြန်မြန်လုပ်ဖို့ လိုပါတယ်”ဟု ယင်းက ဆိုသည်။

အကျဉ်းထောင်များတွင် ကျန်ရှိသည့်နိုင်ငံရေးအကျဉ်းသားများ အားလုံးသည် ဆက်တိုက် လွတ်မည်ဟု မျှော်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၂ ရက် အကျဉ်းသားများ လွတ်လာချိန်တွင် ဖွင့်ဟပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စသည် အခြားသောကိစ္စရပ်များနှင့် ဆက်နွယ်နေသော ကိစ္စရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းဂျာနယ်တစ်ခု၏ တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့
သည်။

“နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုတာ တခြားနိုင်ငံရေးကိစ္စတွေနဲ့ ခွဲခြားမြင်လို့ မရဘူး။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခြင်း ဆိုတာ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုသလို ပူးပေါင်းဆောင်ရွက်မှုကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို အထာက်အကူ ဖြစ်မယ်လို့ အန်တီမြင်တယ်။ ဒါတွေကခွဲခြားမြင်လို့မရဘူး။ အားလုံးဆက်နွယ်နေတယ်”ဟု ယင်းကနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် အခြားသောနိုင်ငံရေး ကိစ္စရပ်များသည် ဆက်စပ်နေကြောင်း ဆိုသည်။

သမ္မတကြီးဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးတိုး
တက်မှုများသည် နှစ်ဦးသား သဘောတူညီချက်ကို အကောင် အထည်ဖော်နေ သည်ကို မြင်တွေ့နေရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

“နိုင်ငံရေး အကျဉ်းသားတွေထဲမှာမှ ကိုမင်းကိုနိုင်အိမ်ကို သွားလည်တာ၊ ပြီးတော့လွတ်တဲ့အထဲ ကိုမင်းကိုနိုင် မပါလာတာတွေဟာ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ သဘောတူညီချက်တွေ ရထားတယ်။ ဒီသဘောတူညီချက်တွေက တဖြည်းဖြည်းအကောင်အထည် ဖော်လာမှာကို မြင်နေရ ပါတယ်”ဟု ယင်းကပြောကြားသည်။

သတင်း....YC(KS) Yangon Chronicle