18 September 2011

သံမဏိအုပ်ချုပ်ရေးစနစ်ကို စတင်ဖြေလျှော့နေသည့် မြန်မာအစိုးရသစ် (IPS သတင်းဌာနမှ သတင်းဆောင်းပါး)

(IPS သတင်းဌာနမှ သတင်းဆောင်းပါးကို YC မှဆီလျော်အောင်ဘာသာပြန်ဆိုသည်။)


မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်ပေါင်းများစွာ တင်းတင်းကြပ်ကြပ်အုပ်စိုးခဲ့သူ စစ်အစိုးရ၏ သံမဏိအုပ်ချုပ်ရေး စနစ်ဆိုးကြီးကို လက်ရှိ စစ်တပ် ကျောထောက်နောက်ခံ အရပ်သားအစိုးရသစ်က တဖြည်းဖြည်းချင်းဖြေလျှော့ပေးနေချိန်တွင် လွန်စွာစိတ်ဝင်စားစရာကောင်းသော မေးခွန်းကြီးတစ်ခု ထွက်ပေါ်လာသည်။ "ပြောင်းလဲမှုက ဘယ်လောက် အတိုင်းအတာထိ စစ်မှန်မှုရှိပါသလဲ" ဟူ၍ဖြစ်၏။


လက်ရှိမြန်မာအစိုးရကလုပ်ဆောင်နေသော အပြောင်းအလဲများအား အရှေ့တောင်အာရှ၏ အထင်ကရ နိုင်ငံရေး အတိုက်အခံ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည်ပင် လက်ခံယုံကြည်ထားသည့်သဘောမျိုးတွေ့ရသည်။ "အတိတ်ဆီက အခြေအနေဆိုတာ အတိတ်ပါပဲ၊ ပစ္စုပန် အခြေအနေက ပစ္စုပန်ပါပဲ။ ကျွန်မတို့ဆီမှာ တိုးတက်ဖြစ်ထွန်းမှုအချို့ ပေါ်ထွက်လာပါပြီ" ဟု အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သည့် နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၂ ရက်နေ့ အမေရိကန်အထူးသံတမန် မစ္စတာ ဒဲရစ်မစ်ချယ်လ်နှင့်တွေ့ဆုံရာတွင်ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၅၀ နီးပါး စစ်တပ်၏တင်းကြပ်စွာဖိနှိပ်ချုပ်ခြယ်ခံခဲ့ရသော ကာလနှင့် လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်ကာလ နှစ်ခုအကြား စည်းသတ်မှတ်ပိုင်းခြားလိုလျက်ရှိသည်။ ထိုနေ့က မစ္စတာ ဒဲရစ်မစ်ချယ်လ်နှင့် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ထပ်မံပြောဆို ခဲ့သေးသည်။ "မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတွေကို သူတို့ (အမေရိကန် ကိုယ်စားလှယ်အဖွဲ့)က စိတ်ဝင်စားကြပါတယ်။ အဲဒါကြောင့် ကျွန်မတို့တွေ အမြင်ချင်းဖလှယ်နိုင်ခဲ့ပါတယ်"။


ဒေါ်အောင်ဆန်းစုကြည်သည် ၇ နှစ်ဆက်တိုက် နေအိမ်အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက် နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ ၎င်းသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မြန်မာနိုင်ငံ၏ အထင်ကရ နိုင်ငံရေးသမားတစ်ဦး ဖြစ်သော ဦးမင်းကိုနိုင်၏ မိသားစုနှင့်လည်း အလားတူ တွေ့ဆုံဆွေးနွေးမှုများ ရန်ကုန်မြို့တွင်ပြုလုပ်နိုင်ခဲ့သည်။


"ဦးမင်းကိုနိုင်ရဲ့ မိသားစုဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့တာဟာ စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေ ပေးဖို့ပဲ ဖြစ်ပါတယ်" ဟု မြန်မာ့နိုင်ငံရေး အကျဉ်းသားများအား အကူအညီ အထောက်အပံ့ပေးရေးအဖွဲ့(AAPP) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။ ယခုအခါ အသက် ၄၈ နှစ်ရှိပြီဖြစ်သည့် ဦးမင်းကိုနိုင်သည် ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခံထားရသည်။ ၎င်းသည် မြန်မာအစိုးရကို ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကြီးမားသောပြစ်ဒဏ် ရရှိလိုက်သော နာမည်ကျော်နိုင်ငံရေးသမားကြီးတစ်ဦးလည်း ဖြစ်သည်။ AAPP အဖွဲ့အဆိုအရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်ပေါင်း ၄၄ ခုနှစ် အလုပ်ကြမ်းစခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၁၉၉၆ ဦးရှိသည်။


၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပိုက်လိုက်သည့် အချိန်မှစ၍ လူ့အခွင့်အရေးချိုးဖောက်မှု များစွာရှိခဲ့သော မြန်မာနိုင်ငံတွင် လက်ရှိ ဦးသိန်းစိန် အစိုးရလက်ထက်သို့ ရောက်ရှိလာချိန်တွင် နိုင်ငံရေးအရ လိုက်လျောမှု အနည်းငယ် ရှိလာသည်။ ယင်းမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) အား မြန်မာနိုင်ငံရှိ အကျဉ်းထောင်သုံးခုသို့ သွားရောက် ကြည့်ရှုခွင့်ပြုခဲ့ခြင်းပင် ဖြစ်သည်။ ICRC အနေဖြင့် အကျဉ်းထောင်များသို့ သွားရောက်ကြည့်ရှုရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အကျဉ်းသားများ ရေကောင်းရေသန့်ရရှိရေးနှင့် ထောင်များအတွင်း ရေဆိုးထုတ် စနစ်ကောင်းများ ရှိရေး အစရှိသည်တို့ပင် ဖြစ်သည်။ ICRC သည် နိုင်ငံရေးအကျဉ်းသားများ အခြေအနေကြည့်ရှုရန် တောင်းဆိုခဲ့သော်လည်း ခြောက်နှစ်ဆက်တိုက် ငြင်းပယ်မှုခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လတွင် အရပ်ဘက်ဝတ်စုံ ပြောင်းလဲဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်ကြီးများနှင့် သူမ ဦးဆောင်သော အမျိုးသားဒီမိုကရေစီပါတီနှင့်အတူ စစ်တပ်ဆန့်ကျင်ရေး အတိုက်အခံ အင်အားစုများကြားသို့ ရောက်ရှိကာ ဘေးကျပ်နံကျပ်အဖြစ်နှင့် ရင်ဆိုင်ခဲ့ရသည်ကို တွေ့ရသည်။


သြဂုတ်လ ၁၉ ရက်နေ့အရောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မြို့တော်သစ်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ခဲ့သည်။ နောက်တစ်နေ့တွင်မူ ဆင်းရဲမွဲတေမှုလျှော့ချရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ "အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ လွတ်လပ်ပွင့်လင်းမှု တော်တော်လေး ရှိခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်လည်း အားတော်တော်တက်သွားပါတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကိုလည်း သူမက အထောက်အပံ့ပေးချင်နေပါတယ်" ဟု ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက IPS သတင်းဌာနသို့ပြောကြားသည်။ "အဲဒီအလုပ်ရုံဆွေးနွေးပွဲဟာ နိုင်ငံရေး အယူအဆ ကွဲပြားခြားနားမှုတွေ မပါဝင်ဘဲ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဘုံအကျိုးစီးပွားတစ်ခုအတွက် အပေးအယူမျှနိုင်တဲ့ နေရာတစ်ခုပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။


သမ္မတဦးသိန်းစိန်သည်လည်း သဘာဝရင်းမြစ် လွန်စွာကြွယ်ဝချမ်းသာသော မြန်မာနိုင်ငံ၏ ပြဿနာကြီးတစ်ရပ်ဖြစ်သော ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အရေးတယူပြုဆောင်ရွက်ခဲ့သောကြောင့် အများ၏ ချီးမွမ်းပြောဆို ခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ရောင်းချမှုများမှ ဒေါ်လာ ၈ ဘီလီယံခန့် ရှာဖွေရရှိခဲ့သည်။ ယခင် စစ်ခေါင်းဆောင်ဟောင်း များသည် အဆိုပါ ဓာတ်ငွေ့ရောင်းချမှုများမှ အမြတ်အစွန်းမြောက်များစွာရယူသွားခဲ့ကြောင်း သတင်းပေးပို့ချက်များ အရသိရသည်။ ၎င်းတို့သည် ဓာတ်ငွေ့ရောင်းချငွေများကို အလွဲသုံးစားပြုကာ ဆင်းရဲနွမ်းပါးသူပြည်သူ သန်းပေါင်း ၁၉ သန်းခန့်(လူဦးရေ၏ ၃၃ ရာခိုင်နှုန်း) အား မသိကျိုးနွံ ပြုခဲ့ကြသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းသတ်မှတ်မှု၌ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် ၁၃၈ နေရာသို့ ရောက်ရှိနေသည်။


"အခုလို ဆင်းရဲမွဲတေမှုလျှော့ချရေးနဲ့ စီးပွားရေးဖွံ့ဖြိုးရေးကို အထူးဦးစားပေး လုပ်ဆောင်လာတာ တကယ့်ကို မကြုံစဖူးကိစ္စတစ်ခုပါ။ အစိုးရက သူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေကို သိသွားပါပြီ။ ဆွေးနွေးမှုတွေကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်လာတယ်။ ဝန်ကြီးတွေတောင် ဆွေးနွေးပွဲ တက်ရောက်လာတဲ့ အဖွဲ့ဝင်တွေရဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ခဲ့ကြရတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောကြားသည်။


၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင်ကျင်းပခဲ့သော အငြင်းပွားစရာ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက် ခံခဲ့ရသော အစိုးရအဖွဲ့ကို ဦးဆောင်သည့် သမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုလုပ်မည့် အရိပ်အယောင်များ ထွက်ပေါ်လာမှုအား နိုင်ငံတကာ အသိုင်းအဝိုင်းက ချီးမွမ်းပြောဆိုလျက်ရှိသည်။ မြန်မာနိုင်ငံအပေါ် ကာလကြာရှည်စွာ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီး စစ်အစိုးရအပေါ် ပြစ်တင်ဝေဖန် မှုများ ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ (အီးယူ)သည်ပင် လက်ရှိမြန်မာနိုင်ငံတွင်း တိုးတက်ဖြစ်ထွန်းမှုများအပေါ် အပြုသဘော ဆောင်စွာတုံ့ပြန်ခဲ့သည်ကို တွေ့ရသည်။


“မြန်မာနိုင်ငံမှာ ပိုမိုပွင့်လင်းလွတ်လပ်မှုတွေရှိလာစေမယ့် အခွင့်အလမ်းတွေကို ကျွန်မမြင်တွေ့ခဲ့ရပါတယ်” ဟု အီးယူ၏ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးရေးဆိုင်ရာ မဟာမင်းကြီး မစ္စ Kristalina Georgieva ကပြောကြားသည်။ “မြန်မာနိုင်ငံရဲ့ နေရာအတော်များများကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးခွင့်ပြုပေးသွားဖို့ အာဏာပိုင်တွေက လိုလိုလားလား ရှိနေတာကို တွေ့ရတော့ ကျွန်မလည်း အတော့်ကိုအားတက်ခဲ့ရပါတယ်” ဟု ၎င်းက နှစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးသွားပြီးနောက် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားသည်။ “မြန်မာနိုင်ငံထဲက အခြေအနေနဲ့ အနေအထားက ကွဲပြားခြားနားသွားပါပြီ။ အပြောင်းအလဲ ဖြစ်အောင်လုပ်မယ့်အကြောင်းအရင်းတွေရှိနေပါပြီ” ဟု ၎င်းကဆက်လက် ပြောဆို သည်။


မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုလားသည်ဟူသော မိန့်ခွန်းပြောဆိုပြီးနောက် အီးယူအဖွဲ့က အပြုသဘော ဆောင်သည့် တုံ့ပြန်မှုများ၊ တစ်နည်းအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းကမ်းလှမ်းမှုများ ပြုလုပ်လာ ခြင်းလည်း ဖြစ်သည်။ ယခုအခါ ဥရောပဝန်ကြီးများအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခွင့် ရရှိပြီဖြစ်သလို မြန်မာနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရဝန်ကြီးများ ဥရောပသို့ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားခဲ့မှုကိုလည်း ဖယ်ရှားပေးလိုက် ပြီဖြစ်သည်။