21 September 2011

စစ်ထောက်လှမ်းရေးဟောင်းများ ခြေရှုပ်နေပြီလား

မကြာသေးမီက အကျဉ်းထောင်တွင် အကျဉ်းကျနေသော ယခင်စစ်ထောက်လှမ်းရေးဟောင်း အဆင့်မြင့်အရာရှိများကို စစ်အစိုးရသစ်မှ လွှတ်ပေးခဲ့သည်ကို မှတ်မိကြမည်ထင်ပါသည်။ ဗိုလ်မှူးကြီးအဆင့်တွေပါ။ ဘယ်သူတွေလဲဆိုတာ နာမည်တွေ မမှတ်မိတော့။ နာမည်တွေ မမှတ်မိဘူးပြောလို့ မှတ်ဥာဏ်ကလဲ နည်းလိုက်တာလို့ အပြစ်တင် မစောပါနဲ့။ ကိုယ့်ဘက်ကလူ၊ ဒီမိုကရေစီရေးဘက်က လူမဟုတ်ရင် နာမည်တွေကို အရေးအရာလုပ်ပြီး မှတ်မနေနိုင်လို့ မမှတ်မိတာပါ။ (ဘက်ပြောင်းပြီလို့ တရားဝင်ထုတ် ကြေငြာသူတွေကို မှတ်ထားပါမယ်)။ ဗိုလ်မှူးကြီး စန်းပွင့် ဆိုလား….? အင်း…… တယောက်တော့ မှတ်မိသလိုဘဲ။ သူတို့ဟာ ယခင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ တပည့်လက်ရင်းကြီးများဖြစ်ကြတဲ့ အဆင့်မြင့် စစ်ထောက်လှမ်းရေး အရာရှိကြီးများ ဖြစ်ကြပါတယ်။

သူတို့ရဲ့ ဆရာသမား ဗိုလ်ခင်ညွန့် ဘယ်အခြေအနေ ဘယ်အနေအထား ရောက်နေသလဲ တိတိကျကျ မသိပေမဲ့ မကြာသေးမီက ပြန်လွှတ်ပေးလိုက်တဲ့ စစ်ထောက်လှမ်းရေး အရာရှိကြီးများကတော့ ယခုကြံ့ဖွတ်အစိုးရသစ်နဲ့ အပေးအယူလုပ်ပြီး ပြန်လည်လွတ်မြောက်လာတယ်လို့ဘဲ ယူဆရပါတယ်။

၂၀၀၄ ခုနှစ်က ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးအုပ်စုနဲ့ ဗိုလ်ခင်ညွန့်တို့ရဲ့ အာဏာလွန်ဆွဲပွဲမှာ ကျရှုံးခဲ့သူက ဗိုလ်ခင်ညွန့်အုပ်စု ဖြစ်ခဲ့တယ်။ နပိုလီယံပြောခဲ့ဘူးတာက အင်အားအကြီးဆုံး စစ်တပ်ရဲ့ဘက်က ဘုရားသခင်က ရပ်တည်တယ်တဲ့။ မြန်မာစစ်တပ်ထဲမှာလဲ နပိုလီယံပြောတဲ့ စကားလို အင်အားကြီးသူဘက်က အနိုင်ရ၊ အင်အားမရှိသူများ ဖြုတ်ထုတ်သတ်ခံရတာတွေများခဲ့လို့ နပိုလီယံရဲ့စကားမှန်တယ် ပြောရမယ်။ လူအင်အားများတဲ့ လက်နက်ကြီးသမား ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး အတွဲအုပ်စုက ပစ္စတိုသမား ဗိုလ်ခင်ညွန့်ရဲ့အုပ်စုကို အနိုင်ရပြီး ဖြုတ်၊ ထုတ်၊ သတ် လုပ်သွားခဲ့တာလေ။ ဗိုလ်ခင်ညွန့်တို့ စစ်ထောက်လှမ်းရေးတွေ အဂတိလိုက်စားပါတယ်ဆိုပြီး အတူတူနဲ့ အနူနူချင်း အပြုတ်နှံလိုက်တာနဲ့ စစ်ထောက်လှမ်းရေးမှန်သမျှ နေ့ချင်းညချင်း ပါဝါအာဏာ တပြားဘိုးမှ မရှိကြတော့ဘဲ ထောင်နန်းစံခဲ့ကြရတယ်။ ဘုရားသခင်ဟာ အင်အားနည်းတဲ့ ဗိုလ်ခင်ညွန့်ဘက်က မရပ်တည်ခဲ့ဘူး ပြောရမယ်ထင်တယ်။ တချို့ဆိုရင် အပျောက်ရှင်းခံခဲ့ကြရတယ်လို့တောင် ယူဆရတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က ရွာတရွာဟာ အစဉ်အလာအရ စစ်တပ်နဲ့ နီးစပ်လို့ စစ်မှုထမ်းကြတယ်။ စစ်ထောက်လှမ်းရေး (အခြားအဆင့်) ၃ ယောက်ရှိတယ်။ သူတို့ကို ၂၀၀၄ ခုနှစ် ဗိုလ်ခင်ညွန့်ကို အရေးယူ ထိန်းသိမ်းစဉ် ဗိုလ်သန်းရွှေအုပ်စုက (ခဏလိုက်ခဲ့ပါ) ဆိုပြီး လာခေါ်သွားကြတာ ဒီကနေ့ထိ အိမ်ပြန်မရောက်ကြပါဘူးတဲ့။ အကျဉ်းထောင်တွေထဲမှာ ရှိမလားဆိုတော့လဲ အိမ်က ဇနီးမယားတွေဆီ ဘယ်အကျဉ်းထောင်ကမှ အကြောင်းမကြားဘူး။ လူကြုံသတင်းစကားကလေးတောင် မရဘူးလို့ဆိုပါတယ်။

အခုအချိန်မှာတော့ သမ္မတ ကိုသိန်းစိန်ဟာ ဘယ်သူက ဘာပြောပြော နိုင်ငံရဲ့ အုပ်ချုပ်ရေး အဓိက တာဝန်ရှိသူဖြစ်လာခဲ့ပါပြီ။ ဘယ်သူက ဘာပြောပြောဆိုတာ ၂၀၁၀ ရွေးကောက်ပွဲကို မဲဘယ်လို ညစ်ပြီးနိုင်နိုင် အဲဒီမဲကိစ္စ အသားလေးထားလို့ ပြောတာပါ။ ကိုသိန်းစိန်ဟာ သမ္မတဖြစ်ပြီး မကြာမီမှာဘဲ ယခင်စစ်ထောက်လှမ်းရေးက အဆင့်မြင့် ဗိုလ်မှူးကြီး သုံးဦးကို ပြန်လွှတ်ပေးခဲ့တယ်။ သူတို့ဟာ ရှောင်လင်ကျောင်း တကျောင်းထဲထွက်တွေဆိုတော့ လုပ်ဖေါ်ကိုင် ဘက်ဟောင်းတွေ။ ပြန်သုံးချင်လည်းရ။ မသုံးချင်လည်းနေ။ အခုဆိုရင် ပြန်လွတ်လာတဲ့ စစ်ထောက်လှမ်းရေးဟောင်း အရာရှိကြီးတွေက သမ္မတ ကိုသိန်းစိန် အစိုးရအဖွဲ့အတွက် အလုပ်တွေ ပြန်လုပ်ပေးနေပြီ (သို့) အကြံပေးတွေဖြစ်နေကြပြီလို့ ထင်မြင်ယူဆရပါတယ်။

သမ္မတ ကိုသိန်းစိန်အဖို့လည်း အရပ်သားနာမည်ခံပြီး အစိုးရသစ်မှာ သမ္မတ လုပ်လုပ်ဆိုလို့ လုပ်နေရပေမဲ့ တကယ်လုပ်ကြည့်တော့ အရပ်သားလုပ်ရတာ မလွယ်လှဘူး မဟုတ်လား။ အရပ်သားဆိုတာ သူ့ဘက်ကိုယ့်ဘက် နှစ်ဘက်ညှိ၊ အပေးအယူမျှမျှတတနဲ့ သူမနိုင်ကိုယ်မရှုံး ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ဆိုသလို အ၀ိုင်းပုံစံ သွားရတာ။ စစ်တပ်ထဲနေသလို ဗိုလ်တွေချည်းနိုင် ငယ်သားတွေရှုံး၊ ဒေါင်လိုက်စနစ်နဲ့ သွားရတာ မဟုတ်ဘူး။ ဒီလိုနဲ့ စစ်ထွက်စ ကိုသိန်းစိန်တယောက် အရပ်သား သမ္မတဘ၀နဲ့ အစိုးရသစ်ကို ဦးဆောင်ပြီး ဘာလုပ်ပြရမှန်း မသိဖြစ်နေတဲ့အထဲ အစိုးရအသစ်တခုဟာ ရက်ပေါင်း (၁၀၀) အတွင်း ကိုယ်ချမှတ်တဲ့ မူဝါဒတွေကို အစပျိုးလုပ်ပြဘို့ လိုပြီလို့ ပြည်တွင်းက အော်၊ ပြည်ပက အော်၊ ပိတ်ဆို့ထားတဲ့ အစိုးရကြီးတွေက အော်။ အဲဒီလို အော်ကြ၊ ပြောကြလွန်းလို့ လုပ်ပြချင်ပေမဲ့ သမ္မတအနေနဲ့ ဘာလုပ်ပြသင့်တယ်ဆိုတာ အကြံကောင်းပေးမဲ့သူ လိုအပ်တယ်လေ။ အစိုးရသစ်ထဲက အရပ်သားစစ်စစ်တွေ သွားတိုင်ပင်ရင်လဲ ယုံရတာ မဟုတ်တော့ အာဏာတည်မြဲရေး ဇာတ်ဆွဲရာမှာ ညစ်နည်းနဲ့ လိမ်နည်း စွယ်စုံကျော်ထင် ထောက်လှမ်းရေးဟောင်းများကို အားကိုးပုံရပါတယ်။

ဒီလိုနဲ့ ထောက်လှမ်းရေးဟောင်းကြီးတွေဟာ ထောင်ကလွတ်လာပြီး သမ္မတ ကိုသိန်းစိန်အနားမှာ တီးတိုးတီးတိုး သဖန်းပိုး အကြံပေးတွေ ဖြစ်နေကြပြီလို့ ယူဆရတယ်။ ထောက်လှမ်းရေး အရာရှိဟောင်းကြီးတွေ ပြန်ထွက်လာပြီးမှ သမ္မတဟာ ဗြုန်းဗြုန်းဒိုင်းဒိုင်း -အလန့်တကြားကို အလုပ်တွေ လုပ်ပြတော့တာဘဲ။ ရှေ့ခရီးမှာ အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို မျှော်မှန်းကြည့်မယ်ဆိုရင် ယခင်စစ်ထောက်လှမ်းရေးများ လုပ်လေ့လုပ်ထရှိတဲ့ နည်းနာနိသယများကို ပြန်ဆန်းစစ်ဖို့ လိုပါမယ်။
စစ်ထောက်လှမ်းရေးတွေ လုပ်လေ့ရှိခဲ့တာတွေက အကြမ်းအားဖြင့်တော့—

- အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ
- ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများ
- ပြည်ပရောက် အတိုက်အခံ ပြန်ခေါ်ရန်လက်ကမ်းခြင်း
- ဂုဏ်ထူးဆောင် ဆုတံဆိပ်များပေး၍ စည်းရုံးသိမ်းသွင်းခြင်း
- အတိုက်အခံအဖွဲ့အစည်းများကို ၂ ခြမ်းကွဲအောင် သွေးခွဲခြင်း
- ဖမ်းသူ ဖမ်း၊ လွှတ်သူ လွှတ် လှည့်စားခြင်း
- ဘက်ပြောင်း လူမွေးခြင်း
- လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်ခြေရှိလျှင် လူစည်ကားရာ နေရာများတွင် ဗုံးခွဲပြီး နိုင်ငံရေးသမားများအား စွပ်စွဲဖမ်းဆီးခြင်း
- ပြည်သူလူထု တွေဝေစေမည့် ကောလာဟလများ လွှင့်ထုတ်ခြင်း စတာတွေဟာ စစ်ထောက်လှမ်းရေးဟောင်းတွေ လုပ်လေ့လုပ်ထရှိခဲ့တာ တွေပါပဲ။

တခြားတခြား စစ်ရေးဆိုင်ရာ ကိစ္စတွေကတော့ ဒီထက်ပိုမို နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနိုင်ပေမဲ့ အများပြည်သူ အတိုက်အခံများနဲ့ ပတ်သက်တာတွေကတော့ အကြမ်းဖျဉ်း ဒီလောက်ပဲလို့ ထင်ပါတယ်။
၂၀၀၄ ခုနှစ် ဗိုလ်ခင်ညွန့်အုပ်စု ပြုတ်သွားပြီးနောက် အထက်ပါ လုပ်ငန်းစဉ်များထဲက ဗုံးခွဲတာနဲ့ တတိယအုပ်စု လူမွေးသလို ရွေးကောက်ပွဲဖြစ် မြောက်ရေး လူမွေးနိုင်ခဲ့တာကလွဲရင် ကျန်တဲ့လုပ်ငန်များ ရပ်နားသလောက် ဖြစ်သွားခဲ့တာ သတိပြုမိကြမယ် ထင်ပါတယ်။ ဒါကလဲ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်သိန်းစိန် စစ်အုပ်စုရဲ့ ထောက်လှမ်းရေး လက်သစ်တွေဟာ ဦးနေ၀င်းလက်ထက်ကတည်းက ဆင်းသက်လာပြီး အတွေ့အကြုံများတဲ့ မူလလက်ဟောင်း ဗိုလ်ခင်ညွန့် လူတွေလောက် ထောက်လှမ်းရေးက တာဝန်ယူလုပ်နေတဲ့ အပိုင်းတွေကို မကျွမ်းကျင်လို့လဲ ဖြစ်နိုင်ပါတယ်။

အခုဆိုရင် ထောက်လှမ်းရေး အရာရှိဟောင်းကြီးများ ပြန်လွတ်လာပြီးနောက် သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ အနီးစပ်ဆုံး လုပ်ငန်းစဉ်များ၊ လုပ်နည်းလုပ်ဟန်များကို သမ္မတ ကိုသိန်းစိန်ရဲ့ အစိုးရသစ်က လုပ်လာတာတွေ တွေ့နေရပါတယ်။ အဲဒါတွေထဲက အထင်ရှားဆုံး ဖြစ်စဉ်များကတော့ –

• အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ

အလွန်မျက်နှာပြောင်သော ဗိုလ်သန်းအောင်က ကေအိုင်အို၊ ကေအိုင်အေ ဆွေးနွေးပွဲများ လုပ်သွားပါတယ်။ ကေအိုင်အေက မေးတဲ့ ကေအိုင်အို ကေအိုင်အေအပေါ် ဘယ်လိုသဘောထားသလဲဆိုတာ ဖြေမသွားပါဘူး။ ပင်လုံကိစ္စ မဖြေပါ။ ပါးစပ်ကတော့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့။ ငြိမ်းချမ်းရေးတောင်မှ ရိုးရိုးငြိမ်းချမ်းရေး မဟုတ်ဘူး။ ရှယ်ငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေးဆိုဘဲ။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သိန်းစိန်နှင့် ဆွေးနွေးပွဲ။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကို ပင့်ခေါ်ပြီး ဆွေးနွေးပွဲ လုပ်တယ်။ ၀န်ကြီးဝန်ကလေးများနှင့် လက်ဖက်ရည်သောက်ပြစေတယ်။ အလုပ်ရုံဆွေးနွေးပွဲ ဖိတ်ပြီးတက်စေတယ်။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်တာ မဟုတ်ပါ) ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ အမြဲတန်း စေ့စပ်ဆွေးနွေးရေးကို လမ်းဖွင့်တဲ့ မူဝါဒကို ကိုင်စွဲထားတာမို့ ဆွေးနွေးမယ်ဆိုရင် တယောက်ထဲဘဲ ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ ဖြစ်စေ မငြင်းဆန်ဘဲတက်တာ မှန်ပါတယ်။ ဒါပေမဲ့ သမ္မတ ကိုသိန်းစိန်ဘက်ကတော့ အမြဲဖွင့် ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စေ့စပ်ဆွေးနွေးရေး တံခါးဝကို သွေးရိုး သားရိုးမဟုတ်ဘဲ ၀င်လိုက်ထွက်လိုက် ဟန်ပြ လုပ်နေတာ ဖြစ်ဘို့များပါတယ်။

ယခင်ကလည်း ဗိုလ်သန်းရွှေနဲ့ ထမင်းစားပွဲတက်ဖို့ ဖိတ်ခဲ့ဘူးပြီး ဗိုလ်ခင်ညွန့် လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ဘူးပါတယ်။ သမိုင်းစာမျက်နှာ အသစ်တောင်ဖွင့်နိုင်ပြီလို့ ကြီးကြီးကျယ်ကျယ် ပြောခဲ့ပါသေးတယ်။ နောက်တော့လည်း နိုင်ငံရေးအရ ဘာမှ အမေးတယ်တယ် အမယ်ရရ ဖြစ်လာတာ မတွေ့ရပါဘူး။ တိုင်းသူပြည်သားနဲ့ ကမ္ဘာပေါ်က စောင့်ကြည့်နေတဲ့ အစိုးရများကို လှည့်စားယုံမျှ လုပ်ပြသွားခဲ့တာချည်းပါဘဲ။

- ပြည်ပရောက် အတိုက်အခံတွေကို လွတ်ငြိမ်းပြန်ခေါ်ခြင်းကလည်း ဦးနေ၀င်းရဲ့လက်ကျ ဗိုလ်ခင်ညွန့်နှင့်တပည့်များ လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေး စီမံချက်တွေထဲက တခုပါ။ ဦးနေ၀င်းလက်ထက်ကတည်းက လုပ်ရိုးလုပ်စဉ်တွေပါပဲ။ ၀န်ကြီးချုပ်ဟောင်း ဦးနုတိုင်းပြည်က ထွက်သွားပြီးနောက် စာရေးဆရာ ဦးသိန်းဖေမြင့်က (ပြန်လမ်းမရှိသော ဦးနု) လို့ ပြောဆိုရေးသားခဲ့ပေမဲ့ ဦနေ၀င်းက သဘောထားတွေ ကြီးလေဟန်နဲ့ ပြန်ဖိတ်ခေါ်ခဲ့ဘူးပါတယ်။ ဒီလိုနည်းတွေကို ဦနေ၀င်းဆီက ဗိုလ်ခင်ညွန့်နဲ့ သူ့လူတွေ အမွေရပေမဲ့ စစ်ရေးသက်သက် လုပ်နေသူတွေ အမွေရခဲ့ပုံ မရဘူး။

- အရေးကြီး နေ့ရက်များတွင် ပြည်သူလူထု နိုင်ငံရေး အရုဏ်ပျက်ပြားစေရန် အလုပ်ရှုပ်နေစေခြင်းများ။

မှတ်မှတ်သားသား ပြောရရင် ဒီနှစ် ၈၈၈၈ နေ့ မတိုင်ခင် ၂ ပတ်ခန့်ကြိုတင်ပြီး ရန်ကုန်မြို့ရှိ လူနေထူထပ်သော မြို့နယ်များမှာ အိမ်တိုင်း မိသားစုတိုင်းကို မှတ်ပုံတင်လုပ်ပေးတဲ့ စီမံကိန်းလုပ်သွားခဲ့ပါတယ်။ ၁၀ နှစ်ပြည့်မှတ်ပုံတင် (၁၈) နှစ်ပြည့် မှတ်ပုံတင် လွယ်လင့်တကူရမယ်ဆိုတော့ ဖေါင်ယူရ၊ ဖေါင်ဖြည့်ရ၊ ဓါတ်ပုံရိုက်ရ၊ သွေးအမျိုးအစား ခွဲရ၊ ထောက်ခံစာ တောင်းရ၊ မြို့နယ်တိုင်း အိမ်တိုင်း ၀ုန်းဒိုင်းကျဲ အလုပ်ရှုပ်သွားကြပါတယ်။ အလုပ်များပြီး နိုင်ငံရေးလှုံ့ဆော်မှုတွေဆီ ပြည်သူတွေ အရုဏ်မရောက်အောင် လုပ်တဲ့ ရည်ရွယ်ချက်ပါဘဲ။ (၈၊ ၈၊ ၁၁ နေ့) သာဓုကျောင်းမှာ ရှစ်လေးလုံး ၂၃ နှစ်ပြည့် အမှတ်တရပွဲလုပ်ခဲ့တယ်။ အဲဒီနေ့ ၀န်းကျင်နေ့တွေမှာ လ.၀.က က ရပ်ကွက်ရုံးတိုင်းမှာ ဘီလူးသူရဲ စီးသလို (လာခဲ့၊ ဒီနေ့နောက်ဆုံး၊ မနက်ဖန်ဆို မရတော့ဘူး) နဲ့။ လူတွေကို ခြောက်လုံးမြှောက်လုံးများနဲ့ လှည့်စားသွားတယ်။ ရှစ်လေးလုံးနေ့ပြီးတာနဲ့ မှတ်ပုံတင်လုပ်ပေးတဲ့ကိစ္စ သွေးအေးသွားပြန်တယ်။ နောက်ထပ်လာမဲ့ အရေးကြီးနေ့တနေ့မှာ ထိုပရောဂျက်ကို ဆက်မည်။

ဘုန်းမော်နှစ်ပတ်လည်နေ့၊ ရှစ်လေးလုံးနေ့၊ အာဏာသိမ်းနေ့မျိုးတွေမှာ လူထုကို ၂ ပတ်လောက်ကြိုတင် အလုပ်ရှုပ်ခိုင်းထားပြီး နိုင်ငံရေးစိတ်မ၀င်စားအောင် လှည့်ဖျားထားတာမျိုး လုပ်လေ့ရှိပါတယ်။ ဒီပရောဂျက်များကို ဗိုလ်ခင်ညွန့်အုပ်စုက အတော်အလေးထား လုပ်ခဲ့ပေမဲ့ ဗိုလ်ခင်ညွန့် ပြုတ်သွားပြီး သာမန်မျှသာ လုပ်ပါတော့တယ်။ ဒီနှစ် (၈၊ ၈၊ ၁၁) နေ့မတိုင်ခင် တကျော့ပြန်ပြီး ပရောဂျက်ကြီးပုံစံချ လုပ်ခဲ့တာကို တွေ့ရပါတယ်။

• ဘာသာရေးလူမျိုးရေး အဓိကရုဏ်းများ

ဗိုလ်ခင်ညွန့်ရှိစဉ်က မူဆလင်၊ မြန်မာ ဘာသာရေး အဓိကရုဏ်းများ နှစ်စဉ်လိုလို ဖြစ်လေ့ရှိပါတယ်။ ဘယ်မြို့မှာတော့ ကိုရင်ကလေးကို မူဆလင်ကုလားက ရိုက်လိုက်လို့။ မြန်မာဗုဒ္ဓဘာသာ မိန်းကလေးကို ဘယ်အစ္စလာမ်ဘာသာဝင်က စော်ကားလိုက်လို့ စသဖြင့်သတင်းတုတွေ ဖြန့်ပြီး လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ လုပ်လေ့ရှိပါတယ်။ သတိနဲ့ စောင့်ကြည့်နေခဲ့တာ။ အခု- ဟင်္သာတမြို့က မူဆလင်၊ မြန်မာ အဓိကရုဏ်းဆိုတာ ပြန်ပြီးစကြားလာရတယ်။ စစ်ထောက်လှမ်းရေးဟောင်းတွေထဲမှာ အစ္စလာမ်ဘာသာဝင် လက်သပ်မွေးတွေ ရှိတယ်။ (သတိထားဘွယ်)

• ဟင်္သာတမှာ အဓိကရုဏ်း မဖြစ်ခင် ကချင်ပြည်နယ်က ရှမ်းရွာတွေမှာ ကချင်ဆန့်ကျင်ရေး လှုံ့ဆော်စာများ ကပ်သွားတယ်လို့ ကြားရပါတယ်။ ကချင်တပ်များနဲ့ တိုက်ပွဲတွေ ဖြစ်နေစဉ် ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းရွာများနဲ့ သွေးခွဲချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းများဟာ ၂၀၀၄ ခု နောက်ပိုင်း စစ်ထောက်လှမ်းရေးတွေ မရှိချိန်မှစပြီး မကြားရတာ ကြာပြီဖြစ်ပါတယ်။ အခုမှ ပြန်ကြားရတာ ဖြစ်ပါတယ်။

နောက်တမျိုးကတော့ ပြည်သူလူထုထဲက အတော်အတန် ထင်ရှားသော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် ဆုတံဆိပ်များပေးပြီး စည်းရုံးသိမ်းသွင်းတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကလည်း ဘုန်းတော်ကြီးတွေ သီလရှင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ မြို့တမြို့က ထင်ရှားသူတွေကို ကြံဖန်ပြီး ဆုတံဆိပ်တွေ နှစ်စဉ် လူမထပ်အောင် ပေးမည်။ ဦးနေ၀င်းဟာ အုပ်စုဖွဲ့ပြီး သူအတင်းပြောကြမည့် သူများကို ဆုတံဆိပ်မျိုးစုံ ဖန်တီးပေးထားတတ်တယ်။ ဒီအတိုင်း ဗိုလ်ခင်ညွန့်ကောင်းစားစဉ်က ယောင်္ကျားက သူများထည့်သော အစုရှယ်ယာများဖြင့် စီးပွားရှာပြီး မိန်းမက ကိုယ့်ကလေးကို ကျောင်းပို့ ကျောင်းကြိုလုပ်သူတွေတောင် မဏိဇောတြဘွဲ့တို့ သီရီသုဓမ္မသိင်္ဂီ ဘွဲ့တွေရကြတယ်။ ဗိုလ်ခင်ညွန့်တယောက် မြို့တကာ လျှောက်သွားပြီး သူနဲ့ အလျင်းသင့်သမျှလူကို ဆုတံဆိပ်တွေ ပေးသွားတာ။ ပေးမှာပေါ့ ဆုတံဆိပ်ပေးရတာ ဘာကုန်ကျတာမှတ်လို့ ဘီယာဗူးခွံလွတ်တွေ နို့ဆီဗူးခွံတွေကို ဖြတ်ညှပ်ပြီး အပေါ်က ပိုးစအုပ်ထားတဲ့ ဆုတခုရဲ့ ပေါက်ဈေးက လက်ဘက်ရည် တခွက်ဖိုးတောင်မကျ။ တ၀က်ဖိုးလောက်နဲ့ ရနေတာ။ လူတချို့ကလည်း ဒီဆုတံဆိပ်မျိုးကို လိုချင်ကြတယ်။ ဘာဖြစ်လို့ လိုချင်ကြသလဲဆိုတော့ နအဖပေးတဲ့ သူဌေးဘွဲ့ ရပြီးရင် လူတွေဆီက ချေးလို့ ငှားလို့ ပိုကောင်းပါသတဲ့။

ဒီနေ့ သမ္မတ ကိုသိန်းစိန် လက်ထက်မှာ ဆုတံဆိပ်နာမည် အသစ်ထွင်ပြီး အင်း အင်း ဘယ်သူတွေကို ပေးဦးမလဲ မသိ၊(ဥုံ ဖွ လွဲပါစေ ဖယ်ပါစေ တို့ အမ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လာမပေးပါစေနဲ့)ပြည်သူ အများ သိထားဖို့က အစိုးရတခုက ဆုတံဆိပ်တွေ များများပေးလေ အညာအဖြီးများလေ မဟုတ်တာတွေ များများလုပ်နေလေ ဆိုတာပါပဲ။

ပြည်သူလူထု ထိတ်လန့် တုန်လှုပ်စေမည့် ကြံကြံဖန်ဖန် ကောလာဟလ လွင့်ထုတ်မှုတွေလဲ လုပ်နိုင်ပါသေးတယ်။ လုယက်မှုတွေ၊ မြို့လယ်ကောင်ဓားပြတိုက်မှုတွေ၊ ဓားထောက်ပြီး ရွှေလုပြီး လူသတ်သွားတယ် ဆိုတာမျိုးတွေကို တကယ်လည်း လုပ်နိုင်သလို ဖြစ်တာထက်ပိုပြီးလဲ သတင်းလွှင့်ထုတ်နိုင်ပါတယ်။ ထောင်ထဲက တကယ်မိုက်တဲ့ လူမိုက်ကို မွေးပြီး တချိ နှစ်ချီ လွတ်ပေးလုပ်ခိုင်းမယ်။ ပြီးတော့ သတင်းကို ချဲ့ကားလွှင့်ထုတ်၊ တိုင်းရေး ပြည်ရေး ရှုပ်ထွေးနေချိန်တွေမှာ လူထုကို ထိတ်လန့်တုန်လှုပ်စရာ အရုဏ်ပြောင်း ဇာတ်လမ်းတွေ ဆင်၊ ပသျှုးခေါင်းဖြတ်ပေါ်လို့၊ ကလေးငယ်လေးတွေကို ၀င်လုနေတယ်။ ဘယ်ရွာမှာ ကလေးဘယ်နှစ်ယောက်ပါ သွားပြီဆိုတဲ့ ကောလဟလမျိုးတွေလဲ ကြားရနိုင်ပါတယ်။

အားလုံးကို ခြုံပြီး ပြောရရင် အခုတလော အရေးတကြီးဆွေးနွေးနေကြရတဲ့ အကြောင်းအရာ အတော်များများဟာ သမ္မတ ကိုသိန်းစိန် အစိုးရအဖွဲ့ထဲမှာ လွတ်မြောက် ထောက်လှမ်းရေး အရာရှိဟောင်းကြီးတချို့ ခြေရှုပ်နေပြီလို့ ပြောချင်ပါတယ်။ သူတို့လှည့်တာနဲ့ လည်ထွက် မသွားကြဖို့ပါ။

တိုင်ရေးပြည်ရေး ပေါက်နဲ့ ကျေး-တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုတဲ့ မြန်မာစကားရှိပါတယ်။

မင်းရေးကျယ် မကျယ်တော့ သက်ဦးဆံပိုင် ဘုရင်ခေတ်မှာ လူဖြစ်ခဲ့သူမဟုတ်လို့ မပြောနိုင်ပါ။

၁၉၆၂ ခုနှစ်ကစလို့ စစ်တပ်အစိုးရများ အုပ်ချုပ်တဲ့ စစ်အာဏာရှင်များခေတ်မှာတော့ အာဏာရှင် ဦးနေ၀င်းရဲ့ ညစ်ဥာဏ်တွေနဲ့ လမ်းညွှန်ခြင်းခံထားရတဲ့ စစ်ထောက်လှမ်းရေးဟောင်းများဟာ နိုင်ငံရေးမှာ အလွန်ညစ်ပြီး အလွန်ရှုပ်တဲ့ လူရှုပ်တွေဆိုတာ ပြောစရာလိုမယ် မထင်ပါ။

(ရှုပ်သာ ရှုပ်တယ် သူတို့မှာလည်း နည်းလမ်းများများစားစား ရှိတာတော့ မဟုတ်ပါဘူး။ မြန်မာထောက်လှမ်းရေးဆိုတာ တိုးတိုးတိတ်တိတ် ထောက်လှမ်းတာ ကျွမ်းကျင်မှုနဲ့ အလုပ်ဖြစ်တာမဟုတ်။ ပြည်သူတွေအပေါ် အာဏာနဲ့ ခြိမ်းခြောက်တဲ့ နည်းနဲ့ အနိုင်ယူနေသူများသာ ဖြစ်တယ်။)
တခုတော့ ရှိပါတယ်။ သမ္မတ ကိုသိန်းစိန် အစိုးရအနေနဲ့ ထောက် လှမ်းရေးဟောင်းကြီးများကို ပြန်သုံးတာဟာ ချောင်ထိုးပြီး ပြစ်ထားတဲ့ ဘက်ထရီအိုးဟောင်းကို recharge လုပ် ပြန်သုံးသလို အဟောင်းပြန်သုံးမို့ သိပ်တော့ အားရှိမယ် မထင်မိပါ။

ပြီးတော့ အနိုင်ရ စစ်အုပ်စုနဲ့ အရှုံးရ စစ်အုပ်စုနှစ်ခုဟာ အိုးစားကွဲပြီးသားမို့ အိုးခြမ်းပဲ့ နှစ်ခြမ်း ကော်ကပ်ပြန်စပ်သည့် တိုင်တိုင်၂၀၀၄ ခု မတိုင်ခင်ကာလများလို တသားတည်း တစပ်တည်းတော့ ဘယ်လိုမှ ဖြစ်နိုင်တော့မယ် မဟုတ်ပါ။ ထောက်လှမ်းရေးဟောင်းကြီးများ ကလည်း ကေးဝဋ္ဋ်ပုဏ္ဏား နဖူးက အမာရွတ်စမ်းသလို ရထားတဲ့ အမာရွတ်လေးတော့ ပြန်မစမ်းဘဲ နေမယ်လို့ မထင်မိပါ။

ဒီမိုကရေစီရေး ဆောင်ရွက်နေသူ အတိုက်အခံဘက်ကတော့ သမ္မတ ကိုသိန်းစိန်နောက်မှာ ခြေရှုပ်လာတယ်လို့ ယူဆရတဲ့ Recycle ထောက်လှမ်းရေးများရဲ့ အကြံများကို မမေ့မလျော့ မပေါ့သောသတိနဲ့ နေထိုင်သင့်တယ်လို့ ပြောချင်ပါတယ်။

မြန်မာနိုင်ငံသားအားလုံး စစ်အစိုးရရဲ့ ဘ၀တွေ လွှင့်စင်အောင်လုပ်ပြစ်ခြင်းဘေးမှ ကင်းဝေးခြင်း စစ်အစိုးရရဲ့ သနပ်အိုးထဲ ဇောက်ထိုးကျခြင်းဘေးအပေါင်းမှ ကင်းဝေးလျက် မိမိတို့ လိုလာအပ် တောင့်တအပ် ဆန္ဒရှိအပ် လုံလစိုက်ထုတ်အပ်သော ဒီမိုကရေစီ ရရာရကြောင်း အကျင့်ကောင်းအကျင့်မြတ်များကို အားထုတ် ကြိုးပမ်းနိုင်ကြပါစေ။

အားလုံး ကိုလေးစားသော
မမခင်

ရိုးမ (၃) တွင်ဖော်ပြထားသော ဆောင်းပါးအားပြန်လည်မျှဝေပေးလိုက်ပါသည်.။