03 December 2010

သတင်းညာ အသစ် တစ်စောင် ထုတ် ရန်စီစဉ်

နေပြည်တော်ကို ဗဟိုပြု၍ သတင်းစာတစ်စောင် ထုတ်ဝေတော့မည် ဖြစ်ကြောင်း သတင်းစာ၏ အမည်ကို နေပြည်တော်ဟု အမည်ပေးထားကြောင်း၊ ၎င်းသတင်းစာကို ၂၀၁၁ နှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ၎င်းသတင်းစာနှင့်နီးစပ်သူ သတင်းစာဆရာတစ်ဦးက ပြောသည်။

နေပြည်တော်သတင်းစာ ထုတ်ဝေနိုင်ရေးအတွက် အစမ်းခန့်အပ်ထားသော ဝန်ထမ်း ၆၀ ခန့်တို့သည် မန္တလေးမြို့အခြေစိုက် ရတနာပုံနေ့စဉ် သတင်းစာတိုက် သတင်းစာထုတ်ဝေမှုများကို လည်းကောင်း၊ မန္တလေးမြို့၏ သတင်းအရင်းအမြစ်များ၊ မန္တလေးမြို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့ကို လာရောက်လေ့လာလျက် ရှိကြောင်း ရတနာပုံ သတင်းစာတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အသစ်ထုတ်ဝေမည် နေပြည်တော်သတင်းနှင့် ပတ်သက်၍ နေပြည်တော်သတင်းစာမှ တာဝန်ရှိသူများနှင့် မန္တလေးစာနယ်ဇင်း ဆရာများ တွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းက ၈၄ လမ်း၊ ၂၉x၃၀ လမ်းကြား၊ ရတနာပုံနေ့စဉ် သတင်းစာတိုက်၊ ကြော်ငြာဌာနတွင် ပြုလုပ်ကြောင်း သိရသည်။ အဆိုပါ နေပြည်တော်သတင်းစာသည် မြဝတီရုပ်မြင်သံကြား၊ ရတနာပုံ နေ့စဉ်သတင်းစာတို့နှင့် ဆက်စပ်မှုရှိပြီး မန္တလေးမြို့တွင် တိုက်ခွဲထားမည် ဖြစ်ကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။