04 December 2010

ပြည်တွင်းက အင်တာနက်ဆိုင်များအတွက် စည်းကမ်းချက် အသစ်များ ထုတ်ပြန်

အများပြည်သူသုံး အင်တာနက်ဆိုင်များတွင် လုံခြုံရေးကင်မရာ စီစီတီဗီ ကင်မရာများ တပ်ဆင်ရန်နှင့် ဝန်ထမ်းလေးဦး ခန့်ထားရန် သက်ဆိုင်ရာက အစည်းအဝေးခေါ်ယူ၍ အသိပေး ပြောကြားခဲ့ကြောင်း အင်တာနက်ဆိုင်ရှင် အချို့က ပြောသည်။ “တနင်္ဂနွေနေ့လယ်က(နိုဝင်ဘာ ၂၁) မ.ယ.က ရုံးမှာ ဆိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြီး ပြောတာ”ဟု ကမာရွတ်မြို့နယ်၌ အင်တာနက်ဆိုင် ဖွင့်လှစ်ထားသော ဆိုင်ရှင်တစ်ဦးက ပြောသည်။ “ဒီလ ဒုတိယပတ်လောက်ကစပြီး အဲဒီကိစ္စ ဆိုင်တွေကို ပြောသွားတာ။

အဓိက ကတော့ မြို့တော်ခန်းမနားက (အင်တာနက်ဆိုင်) Sky Net မှာ ဗုံးတွေ့ပြီးတဲ့ နောက်ပိုင်းမှာ ဆိုင်တွေပိုပြီးတော့ လုံခြုံရေးကို အာရုံစိုက်လို့ရအောင်လို့ ပြောသွားတယ်”ဟု ကျောက်တံတားမြို့နယ်တွင် ဖွင့်လှစ်ထားသော အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ ထို့အပြင် ဆိုင်တွင်းရှိ အမှိုက်ပုံးနှင့် အိမ်သာအား စစ်ဆေးရန်၊ သုံးစွဲသူများက အွန်လိုင်းမှ အချက်အလက်များ ဆွဲချခြင်း(ဒေါင်းလော့)၊ အပ်(ပ်)ဒိတ် လုပ်ခြင်းအား ကြည့်ရှုမှတ်သားရန်နှင့် အင်တာနက်ဆိုင်များတွင် ညအိပ်နေထိုင်သူများအား ဧည့်စာရင်း တိုင်ကြားရန် ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။

အဆိုပါ စည်းကမ်းများအား သက်ဆိုင်ရာက စစ်ဆေးသည့်အခါ လိုက်နာထားခြင်း မရှိပါက ဆိုင်ပိတ်သည်အထိ ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ဆိုင်ရှင်တစ်ဦးက ပြောသည်။ ယခုလ ၂ ရက်က ရန်ကုန်မြို့ Sky Net အင်တာနက်ဆိုင်တွင် ချိန်ကိုက်မိုင်း ၄ လုံးကို သက်ဆိုင်ရာက ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းချိန်ကိုက်မိုင်း ထောင်ခဲ့သူများကို ဆိုင်၏ စီစီတီဗီကင်မရာမှ မှတ်တမ်းတင်နိုင်မှုကြောင့် နောက်ပိုင်းတွင် အလားတူကိစ္စများ ကြုံရပါက အထောက်အပံ့ ရနိုင်ရန် တပ်ဆင်စေခြင်းဖြစ်ကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။