04 December 2010

ဒီဇင်ဘာ ၃ရက်နေ့ရ အဖွဲ့ချုပ်သတင်း.. အမေစုသတင်းများ..

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သံအမတ်ကြီးများ လာရောက်တွေ့ဆုံ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့မနက်ပိုင်းက ဘန်ကောက် အခြေဆိုက် ဘယ်လ်ဂျီယန်နိုင်ငံ သံအမတ်ကြီးမှ လာရောက်တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာတော့ ရန်ကုန်အခြေဆိုက် သြစတြေးလျ သံအမတ်ကြီးတို့မှ လာရောက်တွေ့ဆုံခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ မနက်ပိုင်းကလည်း ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဆက်လက် ပြောဆိုသွားပါတယ်..။

လူထုခေါင်းဆောင် အမေစုသတင်းများ

လာမည့် ဒီဇင်ဘာလ ၈ရက် ဗုဒ္ဓဟူးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ ပြုလုပ်မှာ ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဆွမ်းလောင်းလှူမှာ ဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံကို သွားရောက် လေ့လာမှာ ဖြစ်ကြောင်း အဖွဲ့ချုပ် နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်မှ ပြောဆိုပါတယ်..။
နိုဝင်ဘာလ (၂၃)ရက်နေ့က မိခင်နှင့်သား တွေဆုံစဉ် ဓာတ်ပုံ..
ကိုထိန်လင်း လာမည့် အင်္ဂါနေ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်..

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၃)ရက်နေ့က ၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Aris ဟာ ပြည်ဝင်ခွင့် ဗီဇာ(၂)ပတ်ပြည့်မယ့် လာမည့် ဒီဇင်ဘာလ (၇)ရက်နေ့ အဂါင်္နေ့မှာ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ မနေ့က အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ကမ္ဘာ့ AIDS နေ့ အခမ်းအနားမှာလည်း ကိုထိန်လင်းဟာ မြန်မာပြည်သား အနုပညာရှင်များနဲ့ တွဲဘက်ပြီး တက်တက်ကြွကြွ ပါဝင်ဖျော်ဖြေခဲ့သလို.. ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀)ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်စဉ်မှာလည်း မိခင်ဖြစ်သူ လုံခြုံရေးအတွက် အထူးစောင့်ရှောက် ပေးခဲ့ပါတယ်..။ ကိုထိန်လင်း ခေါ် Kim Aris ဟာ ယခုလက်ရှိ အင်္ဂလန်နိုင်ငံမှာ နေထိုင်လျှက်ရှိပါတယ်...။

သတင်း.. ဒီမိုဝေယံ