04 June 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ခွဲထွက်သွားတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြောဆို...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်များဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ တည်ထောင်ထားတဲ့NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာမှ မပတ်သတ်ကြောင်း.. NLD အဖွဲ့ရဲ့ ညီနောင်လည်းမဟုတ်ကြောင်း ပြောဆိုတယ်လို့ ယနေ့ ကြာသာပတေးနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အန်ကယ်တို့ နေလည်၁၂နာရီခွဲက ဦကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ ဒေါ်ခင်ဋ္ဌေးကြွယ်ရယ် သုံးယောက်ပေါ့.. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိကကတော့ ဦးအောင်ဆန်းဦးက တရားရုံးချုပ်မှာ အယူခံတင်တဲ့ ကိစ္စပေါ့ ..အိမ်ပြင်တဲ့ ကိစ္စသူလျှောက်တာကို တရားရုံးက ပယ်တဲ့ အတွက်ကြောင့် သူကအယူခံထပ်တင်တာ..... လျှောက်လဲချက်ပေးဖို့ သွားတွေ့တာပေါ့ ... ကျန်တာကတော့ ဒီပြင့် အမှုကိစ္စတွေလည်းပြောတယ်... နိုင်ငံရေးလည်း ပြောဖြစ်တာပေါ့... ပြောတဲ့ထဲမှာ အခုNDF ပေါ့.. ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က အခုအဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဘာမှ မသက်ပတ်ဘူး. NLD ရဲ့ ညီနောင်လည်းမဟုတ်ဘူးလို့ ပြောဆိုတယ်။ နောက်ဒီအဖွဲ့ကိုလည်း အခုရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ပါတီ ၄၀ထဲက တစ်ခုအဖြစ်ပဲ မြင်တယ်။ ပါတီ ၄၀ အပေါ်မှာကတော့ အခုအချိန်မှာ သူ့အနေနဲ့ ဘာမှ ကောက်ချက် မပေးနိုင်ကြောင်း ပြောဆိုပါတယ်။

နောက်တစ်ခုက အဖွဲ့ချုပ်က အခုလို မှတ်ပုံမတင်ပဲနဲ့ နေလိုက်တဲ့အခါမှာ ဒေါ်စုက ဒီ့နောက်ပိုင်းမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေထောက်ခံမှု၊ ပါတီတွင်းထောက်ခံမှု ပိုမိုရရှိတယ်လို့ သူခံစားရတယ်။ နောက်တိုင်းရင်းသားတွေနဲ့ ပတ်သတ်ပြီး ဒေါ်စု တစ်ခုပြောတယ် ... တိုင်းရင်းသားတွေ မပါပဲနဲ့ အမျိုးသားရင်ကြားစေ့ရေး မဖြစ်နိုင်ဘူး.. အဲဒီတော့ တိုင်းရင်သား အရေးကို အလေးအနက်ထားရမယ်။ တစ်ချို့သော တိုင်းရင်းသား အဖွဲ့စည်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတယ် ဆိုတဲ့ အသံတွေ ကြားရတယ်။ ဒါဟာ ဝမ်းသာစရာပဲ တိုင်းရင်းသားနဲ့ ပြည်မနဲ့ဟာ ဒီလို အပြန်အလှန် နားလည်နိုင်ကြမှ အမျိုးသားရင်ကြားစေ့ရေး ဖြစ်မယ်လို့ အဲ့ဒါတွေ ပြောပါတယ်။

တစ်ခုထပ်ပြောတာက အမေရိကန် ကွန်ကရက်မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပါတီနှစ်ခုပေါင်းက ဆီးနိတ်အမတ် ၆ယောက်က Statement တစ်ခုထုတ်တယ် ကြားရတယ်။ အဲ့ဒီ Statement မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်တာကို ထောက်ခံတယ် .... လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကိုလည်း အသိအမှတ်ပြုတယ်.. အဲ့လိုပါတယ်။ ဒါကြောင့် ဒီဆီနိတ်တာ များကိုလည်း ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပါတယ်။ အန်ကယ်တို့ထွက်လာတဲ့ ညနေ ၃နာရီလောက်မှာ.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်ဒေါက်တာတင်မျိုးဝင်း တွေဖို့ စောင့်နေတာ တွေ့ပါတယ် "ဟု အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က စစ်အစိုးရရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက် ပါတီမှတ်ပုံတင်ခြင်း မပြုရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၆ရက်နေ့ ပါတီမှတ်ပုံတင်ရက် ကုန်ဆုံးပြီးတဲ့ နောက်ပိုင်းမှာတော့ အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း အပါအဝင်တစ်ချို့ လူနည်းစုမှ NDF ပါတီကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။ ယခင်အဖွဲ့ချုပ်ဗဟို စီအီးစီ ၂၀ဦးအနက် လက်ရှိ ကြံကြံခံရပ်တည်နေသည့် ဗဟို စီအီးစီအဖွဲ့ဝင် ၁၅ဦးရှိပြီး ပြီးခဲတဲ့ လက စီအီးစီအဖွဲ့ဝင် သခင်စိုးမြင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဒီကနေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ ခွဲထွက် NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။

သတင်း...ဒီမိုဝေယံ