နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာသည့် ပြည်ပခရီးသွားအချို့  ခွင့်ပြုနယ်မြေကျော်လွန်သွားလာခြင်းအပြင် ဧည့်လမ်းညွှန်မပါဘဲ  ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ ပျောက်ဆုံးသွားခြင်း ပါရှိလာ၍  ခရီးသွားကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်း သတင်းရရှိခဲ့သည်။  မန္တလေးတိုင်း မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့်  ခရီးသွားလာရေးကုမ္ပဏီတစ်ခုမှ တာဝန်ယူ၍ ပြည်ပ ခရီးသွားများအား  နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အလည်အပတ် ခရီးတစ်ခုကို  စီစဉ်ပေးခဲ့ရာ ယင်းခရီးစဉ်တွင် ပါဝင်သည့် ပြည်ပခရီးသွားအချို့မှာ  ခွင့်ပြုနယ်မြေကို ကျော်လွန်သွားလာမှုများ ရှိခဲ့သည့်အပြင် ယင်းခရီးသွား  ကုမ္ပဏီမှပင် ပြည်ပ ခရီးသွားတစ်ဦးအား နယ်စပ်ဝင်ပေါက်မှ  မြန်မာနိုင်ငံအတွင်းသို့ အလည်အပတ်ခရီးစဉ်တစ်ခု စီစဉ်ပေးခဲ့ရာတွင်  ဧည့်လမ်းညွှန် မပါရှိပါဘဲ ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ  ပျောက်ဆုံးသွားခြင်းပါ ရှိလာ၍ အဆိုပါ ခရီးသွားလာရေးကုမ္ပဏီအား သက်ဆိုင်ရာမှ  ဖျက်သိမ်းစေခဲ့ပြီး အမည်ပျက် စာရင်း ကြေညာခဲ့ကြောင်း သိရသည်။ မန္တလေးမြို့  အောင်မြေသာဇံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ခရီးသွားလာရေး ကုမ္ပဏီ တစ်ခုသည်  ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လအတွင်းက သြစတြေးလျနိုင်ငံသား တရုတ်လူမျိုး  ပြည်ပခရီးသွားတစ်ဦးအား တရုတ်- မြန်မာနယ်စပ် မူဆယ် ဝင်ပေါက်မှ  မြန်မာနိုင်ငံအတွင်း လည်ပတ်သွားလာနိုင်ရန် တာဝန်ခံ စီစဉ်ပေးခဲ့ကြောင်း  သိရသည်။ 
 အဆိုပါ ပြည်ပခရီးသွားအား ဧည့်လမ်းညွှန် မထားရှိပေးဘဲ မူဆယ်မြို့ရှိ  ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု  ဖြစ်ခဲ့သည်ဟု သိရသည်။ အဆိုပါ ပြည်ပခရီးသွားမှာ တည်းခိုသည့်ဟိုတယ်မှ  နိုင်ငံပြင်ပသို့ ထွက်ခွာသွားခြင်းရှိ၊ မရှိကိုလည်း စုံစမ်းမှုများ ပြုလုပ်၍  မရခဲ့ကြောင်းလည်း သိရသည်။ ယင်းအပြင် အဆိုပါ ခရီးသွားလာရေးကုမ္ပဏီသည် ၂၀၀၉  ခုနှစ် ဇူလိုင်လက တရုတ်လူမျိုး ပြည်ပခရီးများအား မြန်မာ-တရုတ်နယ်စပ်  (ဆင်ဖြူဂိတ်)မှ တရုတ်နယ်ခြားခွင့်ပြုချက် border pass ဖြင့်  မြန်မာနိုင်ငံအတွင်း လည်ပတ်ရန်ခရီးစဉ်အား တာဝန်ခံ စီစဉ်ပေးခဲ့ပြန်ရာ အဆိုပါ  ခရီးစဉ်တွင် ပါဝင်သည့် ခရီးသွားတချို့မှာ ခွင့်ပြုနယ်မြေ  ကျော်လွန်သွားလာသည့် ဖြစ်စဉ်များ ဖြစ်ခဲ့သည့်အပြင် အမှန်တကယ် ပြည်ပ  ခရီးသွား များ ဝင်ရောက်ခြင်း မရှိခဲ့သည့် ပန်ခမ်းဂိတ်တွင် ဝင်ရောက်ခွင့်  Entry Permit- EP လိမ်လည် ရယူခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သဖြင့် လူဝင်မှု  ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အကြောင်းကြားချက်များအရ  စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်ခြင်းမရှိသည့် ယင်းခရီး သွားလာရေး ကုမ္ပဏီအား  အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနက  ကုမ္ပဏီဖျက်သိမ်းစေခဲ့ပြီး အမည်ပျက်စာရင်း ကြေညာခဲ့ခြင်း ဖြစ်သည်ဟု  သိရကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်  ဖော်ပြထားပါသည်။
