05 June 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အတွက် အမေရိကန်သူတဦးက အိမ်ချုပ် တရက် ကျခံမည်


တရက်တာ အကျယ်ချုပ် ကျခံစဉ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လာရောက် လေ့လာသူ မည်သူ့ကို မဆို မုန့်ဟင်းခါးဖြင့် ဧည့်ခံမည်ဟု Alix Clarke က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မကြာမီ ကျရောက်တော့မည့် ၆၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် အမေရိကန် အမျိုးသမီး တဦးက ဝါရှင်တန်ပြည်နယ်၊ Vashon ကျွန်း ရှိ သူ၏ နေအိမ်တွင် လာမည့် တနင်္ဂနွေနေ့ တနေ့လုံး ၂၄ နာရီ အကျယ်ချုပ် ကျခံမည်ဟု ဆိုသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လေ့လာလိုသူ အမေရိကန်များကို ထိုနေ့တွင် သူ၏ နေအိမ်သို့ လာရောက်ရန်လည်း Alix Clarke က ဖိတ်ခေါ်ထားသည်ဟု အပတ်စဉ်ထုတ် ဒေသခံသတင်းစာ Beachcomber တွင် ရေးထားသည်။

လေ့လာလိုသူများအတွက် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် အပါအဝင် လေ့လာဖွယ်ကို ပြင်ဆင်ထားပြီး မြန်မာပြည်စစ်ရာဇ၀တ်မှုများကို နိုင်ငံတကာအဆင့် ဒဏ်ခတ်ရာတွင် သမတ အိုဘားမား အစိုးရက ဦးဆောင်ရေးအတွက် လက်မှတ်ထိုး တောင်းဆိုရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။

သူ နှင့် ခင်ပွန်းသည် Bob Blauvelt တို့က မြန်မာ့ အစားအစာ ဖြစ်သည့် မုန့်ဟင်းခါး၊ မြန်မာ လက်ဘက်ရည်၊ မွေးနေ့ကိတ် တို့ဖြင့် တည်ခင်း ဧည့်ခံမည်ဟု သိရသည်။

မြန်မာ့အရေးကို နိုင်ငံတကာတွင် အာရုံစိုက်လာကြစေရန် သူ့ကဲ့သို့ တရက်တာ နေအိမ်အကျယ်ချုပ် ကျခံခြင်းမျိုးကို ကမ္ဘာအရပ်ရပ်တွင် ပြုလုပ်ကြဖွယ် ရှိသည်ဟု Clarke က ပြောသည်။ သူသည် ယခင်ကလည်း ဤသို့ မိမိကိုယ်မိမိ အကျယ်ချုပ် ကျခံဖူးသည်ဟု ဆိုသည်။ ဤသို့ အကျယ်ချုပ် ကျခံခြင်းမှာ သင်္ကေတ တခုသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နေရမှုနှင့် နှိုင်းယဉ်နိုင်မည် မဟုတ်ဟု သူက ဆိုသည်။

“ရှင်တို့ရဲ့ လွတ်လပ်မှုကို အသုံးချပြီး ကျမတို့ လွတ်လပ်အောင် ကူညီပါလို့ ဒေါ်အောင်ဆန်းစုကြည်က တကမ္ဘာလုံးကို ပြောလေ့ရှိပါတယ်။ ဒီလို တိုက်တွန်းတာကို ကျမလည်း ကြားမိပါတယ်။ ဒါကြောင့်လည်း ကျမက မြန်မာ့အရေးကို အာရုံစိုက် လုပ်ဆောင်နေတာပါ” ဟု တရက်တာ အကျယ်ချုပ်ကျခံမည့်သူက ပြောပြသည်။

၎င်းတို့ ဇနီးမောင်နှံသည် ရန်ကုန်တွင် ၄ နှစ်ကြာ နေထိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မြန်မာပြည်မှ ပြန်လည် ထွက်ခွာကြသူများ ဖြစ်သည်။

Clarke သည် အမေရိကန် သံရုံး အစီအစဉ်ဖြင့် ရန်ကုန်တွင် အင်္ဂလိပ်စာပြ ဆရာမအဖြစ် တာဝန်ယူခဲ့သည်။

Blauvelt သည် ရန်ကုန်ရှိ International School of Yangon အမည်ရှိ ကျောင်းတွင် လုပ်ကိုင်ခဲ့သည်။

တရက်တာ အချုပ်အနှောင်ခံမည့် အမျိုးသမီးက အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို နှစ်သက်သူ မဟုတ်ပေ။ သူ၏ သတင်းကို ဖော်ပြပေးသည့် Beachcomber သတင်းစာ အင်တာနက်စာမျက်နှာတွင် အမေရိကန် အစိုးရ၏ မြန်မာပြည်အပေါ် ဒဏ်ခတ်မှုကြောင့် မြန်မာပြည်သူများ ထိခိုက်စေသည်ဟု သူက မှတ်ချက်ပြု ရေးသားထားသည်ကို တွေ့ရသည်။

မိုးမခက Clarke ကို ယနေ့ ဆက်သွယ် မေးမြန်းရာ တနင်္ဂနွေနေ့တွင် အကျယ်ချုပ် ကျခံရန် အသင့်ဖြစ်နေပြီဟု ပြောသည်။

မြန်မာပြည်အနှံ့မှ ဒုက္ခသည်များ ၀ါရှင်တန် ပြည်နယ်တွင် အခြေချ နေထိုင်လျက်ရှိသည်ဟုလည်း ပြောပြသည်။

ရင်းမြစ် ...မိုးမခ