25 June 2010

မြန်မာပြည်မှာ အက်ဖ်အီးစီ တန်ဖိုး ကျဆင်းနေဆဲ


အက်ဖ်အီးစီကို နိုင်ငံခြားငွေ( အမေရိကန်ဒေါ်လာ) များကဲ့သို့ သုံးစွဲခွင့် ပြုထားသော်လည်း ပြင်ပငွေ လဲလှယ်ရေး ဈေးကွက်တွင် အက်ဖ်အီးစီ တန်ဖိုးမှာ အနည်းငယ်သာ တက်လာကြောင်း ငွေကြေး ဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။ ဇွန် ၁၀ ရက်က အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၉၄၀ ကျပ်ရှိရာမှ ဇွန် ၁၉ ရက်တွင် တစ်ယူနစ်လျှင် ၁၀ သာ တက်လာပြီး ၉၅၀ ကျပ် ဈေးပေါက်သည်။

အမေရိကန် ဒေါ်လာမှာ ဇွန် ၁၉ ရက်က တစ်ယူနစ်လျှင် ၉၈၃ ကျပ် ဈေးရှိ၍ အက်ဖ်အီးစီထက် ၃၀ ကျပ်ကျော် ဈေးမြင့်နေသည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှ မေလအထိ အမေရိကန် ဒေါ်လာမှာ အက်ဖ်အီးစီ တန်ဖိုးအောက် လျော့နည်းနေရာမှ မေလကုန် နောက်ပိုင်းမှ စတင်၍ အက်ဖ်အီးစီ တန်ဖိုးထက် ဒေါ်လာတန်ဖိုးက ပိုမိုမြင့်မားလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အက်ဖ်အီးစီကို ၂၀၁၀ ဧပြီလ ၂ ရက်မှ စတင်၍ နိုင်ငံခြားငွေများ ကဲ့သို့ သုံးစွဲခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ အက်ဖ်အီးစီမှာ အသုံးဝင်မှု ပိုလာသော်လည်း တန်ဖိုးသိသာစွာ တက်မလာခြင်းမှာ ယခင်ကဲ့သို့ အက်ဖ်အီးစီဖြင့် စက်သုံးဆီ ဝယ်ယူမှုမှာ ယခုနောက်ပိုင်းတွင် လျော့နည်းလာ၍ ဖြစ်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဇွန်လ ၁၀ ရက်မှ စတင်၍ ဖွင့်လှစ် ရောင်းချလာသည့် အတွက်အက်ဖ်အီးစီဖြင့် ရောင်းချသည့် ဆိုင်များတွင် ဝယ်ယူမှု လျော့နည်းသွား ခြင်းကြောင့်၊ အက်ဖ်အီးစီ အသုံးပြုမှု လျော့နည်းသွားခြင်းနှင့် အတူ တန်ဖိုးပါ ကျဆင်းလာခြင်း ဖြစ်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ် ပြောကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ထုတ် 7Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။