03 April 2010

မြဝတီ နယ်စပ် စီးပွားရေးစက်မှုဇုံရှိ အထက်တန်းစားသူခိုးများကို နအဖ မှ ထိရောက်စွာ အရေးမယူရဲသေး..

မြဝတီ စီးပွားရေးစက်မှုဇုံ အရာရှိများ အပြောင်းအလဲလုပ်ပြီး လာဘ်ပေးလာဘ်ယူမှုများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိကြောင်း တပ်မဗျူဟာမှူးနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

ယမန်နေ့က လက်ရှိညွှန်ကြားရေးမှူးနေရာသို့ ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအောင်စိုးသိန်းအား ပြန်လည်တာဝန်ပေးအပ်ပြီး ၎င်းတို့အနေဖြင့် အဂတိလိုက်စားမှုများ ရှိခဲ့ခြင်းကို အရေးယူခြင်းမရှိကြောင်း ဒေသခံက ပြောသည်။


“အခု ဦးဝင်းမြင့်နေရာမှာ အရင်က ဒီမှာတာဝန်ကျခဲ့ဖူးတဲ့ ဦးအောင်စိုးသိန်းကို (၃၁.၃.၂၀၁၀) ရက်နေ့ ရက်စွဲနဲ့ ပြန်ခန့်လိုက်တယ်။ ဦးအောင်စိုးသိန်းက တရားမဝင် ငွေကြေး၊ ကုန်ပစ္စည်းတွေသွင်းတာ လုပ်တယ်၊ တခြားအာဏာပိုင်တွေနဲ့လည်း အဆင်ပြေတော့ ကုန်စည်နဲ့လိုင်စင်မဲ့ကားတွေကိုလည်း ပတ်လမ်းကနေ သွင်းတာလုပ်တယ်၊ အဲဒါကို ပေါ်တင်ကြီးလုပ်တာ အရေးယူတာ တခါမှ မလုပ်ဖူး” ဟု တပ်မဗျူဟာမှူးနှင့် နီးစပ်သူက ပြောသည်။

ထို့အပြင် တပ်မဗျူဟာမှူးအနေဖြင့်လည်း ဝင်ငွေလျော့နည်းလာသည့်အတွက် ဒေသခံရဲများကို အစည်းဝေးခေါ်ယူ၍ ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။

“တပ်မနဲ့ တံတားကျိုးဂိတ် ပတ်လမ်းတွေကို ဖောက်ခွဲပစ်ခတ်မှုတွေလုပ်မဲ့ သတင်းတွေရထားတယ်ဆိုပြီး ရဲတွေကို တပ်မမှူးက ခေါ်ပြောတော့ ရဲတွေကလည်း ဂိတ်မစောင့်ရဲတော့ဘူး၊ အဲဒီမှာ လိုင်စင်မဲ့ကားတွေ ဖြတ်တာကို ငွေကောက်တာတွေလုပ်နေတာ” ဟု ပြောသည်။

ကုန်စည်ပစ္စည်းများ တင်ဆောင်လာသည့် ကားကြီးတစင်းလျှင် မြဝတီမှအထွက် လမ်းဂိတ်ကြေး ကျပ်( ၇၀,၀၀၀) မှ (၁၈၀,၀၀၀) အထိ ပေးဆောင်နေရကြောင်း တပ်မဗျူဟာမှူးနှင့် နီးစပ်သူက ဆက်ပြောသည်။

လိုင်စင်မဲ့ကားများ ဖြတ်ကျော်လျှင် တစီး ကျပ်ငွေ တသိန်းမှ နှစ်သိန်းအထိ တောင်းယူ၍ ဖြတ်သန်းခွင့် ပြုထားပြီး ယင်းကဲ့သို့ နယ်စပ်ကုန်သွယ်ရေး ဂိတ်များတွင် တာဝန်ကျသည့် အရာရှိများ ဥပဒေမဲ့လုပ်ရပ်များကို စစ်အစိုးရအနေဖြင့် အရေးယူခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။

သတင်းရင်းမြစ်...ရိုးမ(၃)