29 March 2010

သတ္တိကြောင်သူနှင့်သတ္တိပြောင်သူများရွေးထုတ်ပွဲ...


ဘာတွေပဲပြောပြော၊ ဘာတွေပဲဆိုဆို မဝေးတော့သည့်ကာလတစ်ခုတွင် သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများကို ကျွန်ုပ်တို့ပြည်သူများ သဲကွဲပြားနား ခြားနားစွာတွေ့မြင်ရပေတော့မည်။ နအဖ စစ်အာဏာရူးတစ်စုက သွေးခွဲသပ်ရှိုမီးမွှေးပေးလိုက်တာကို NLD ပါတီအနေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွားဖြေရှင်းသွားမလား၊ နအဖ ခင်းပေးသည့်စင်းတုန်းပေါ် အသာအယာလည်စင်းခံမလားဆိုတာကတော့ ကာယကံရှင် လူထုခေါင်းဆောင်ကြီးများ၏ ဆန္ဒသဘောသာဖြစ်ပါလိမ့်မည်။



၂၀၁၀ ရွေးကောက်ပွဲဆိုတာ ကြက်ငှက်ရွေးပွဲ တစ်နည်းအားဖြင့် ဖာတစ်လုံးခေါင်းကြားရွေးပွဲလို့ပြောရင် ပိုပြီးမှန်ကန်သင့်တော်မယ်လို့ထင်ပါတယ်။ ဒါက နအဖရဲ့ ကလိင်ကကျစ် တစ်ဖက်သတ်လုပ်ရပ်၊ ပြောစရာ မလိုလောက်အောင်ပင် ကန်းကုန်အောင် ရက်စက်ယုတ်မာရန် ကြိုတင်ကြံစည်ပြီးသား။ ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့က NLD နှင့် ကျွန်ုပ်တို့ ပြည်သူတို့ တာဝန်၊ တွေဝေစရာမလို၊ ခေါင်းစားစရာမလို၊ သတ္တိကြောင်ဖို့မလို၊ သတ္တိပြောင်ဖို့သာလိုအပ်ပေသည်။ နအဖကို စာသံပေဖွဲ့ အနူးအညံ့ အလှအပတွေနဲ့ ပြောဆိုလုပ်ကိုင်လို့မရ၊ အနှစ်(၂၀)က သက်သေရှိတယ်။ အမှတ်သည်းခြေမရှိတဲ့ ဗမာတွေအဖြစ်နဲ့ နောက်ထပ် အနှစ်(၁၀၀) စစ်ကျွန်ခံကြအုံးမလား၊ ရုန်းထွက်မလားဆိုတာကတော့ NLD နဲ့ ပြည်သူတွေရဲ့ သွေးစည်းညီညွတ်ရေး၊ ဒါက ရာဇ၀င်တွင်မဲ့ မြန်မာ့ဒီမိုကရေစီသမိုင်း။



ထောင်ဆိုတာ သမိုင်းရဲ့ပြတိုက်တစ်ခု၊ ထောင်ကြောက်နေလို့မဖြစ်၊ ထောင်ကြောက်ရင် စစ်အာဏာရှင်သက်ဆိုးရှည်မည်။ ထောင်မကြောက်ရင် စစ်အာဏာရှင် သက်ဆိုးတိုမယ် ဒါက ၂၀၁၀ ရဲ့တစ်ခုတည်းသောအဖြေ။ သတ္တိကြောင်သူများအတွက် ဒီမိုကရေစီသည် ထိုက်တန်သော ဂုဏ်ပုဒ်မဟုတ်၊ ဒီမိုကရေစီသည် သတ္တိပြောင်သူများအတွက်သာ ထိုက်တန်သောဂုဏ်ပုဒ်ဖြစ်သည်။ ပြည်သူတွေရဲ့ကြောက်စိတ်၊ စစ်အာဏာရှင်ရဲ့မတရားဖိနှိပ်မှု အချိုးခံ၊အနှိမ်ခံ၊အဖိနှိပ်ခံ နေရသည့် စိတ်တွေကို သတ္တိအဖြစ်ပြောင်းလဲရန်မှာ လူထုခေါင်းဆောင်များ၏ အရေးကြီးသော တာဝန်တစ်ခုဖြစ်ပေသည်။



ပြည်သူတွေရဲ့တာဝန်




NLD ပါတီမှတ်ပုံမတင်၊ရွေးကောက်ပွဲမ၀င်ခဲလျှင် ဘာဆက်လုပ်မလဲ၊ ပါတီရှိဖို့မလို နိုင်ငံရေးရှိဖို့လိုသည်။ နိုင်ငံရေး သေမသွားအောင် ဘယ်နည်းလမ်းတွေကို အသုံးပြုကြမလဲ ယခုကတည်းက စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရတော့မည်။ ကြောက်ရင် ပိုပြီးတော့ဖိနှိပ်တယ်၊ ပြည်သူတွေ နိုင်ငံရေးမလုပ်ဖို့ နအဖက တားမြစ်တယ်၊ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တယ်၊ နိုင်ငံရေးမလုပ်ဘူး၊ စိတ်မ၀င်စားဘူးဆိုတဲ့လူတွေ အနှစ်(၂၀) ဘာဖြစ်ခဲ့လဲ၊ တစ်တိုင်းတစ်ပြည်လုံး ခွေးမဖြစ်ရုံတစ်မယ်ပဲ၊ စစ်ကျွန်ဖြစ်ခဲ့တယ်၊ စစ်ခွေးတွေ အနိုင်ကျင့်နှိပ်စက်တာကို လူနဲ့သူနဲ့မတူအောင် ခံခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။ ဘာရုပ်မှပေါက်မလာခဲ့ဘူး။ ဒီတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် နိုင်ငံရေးလုပ်ကြရမယ်၊ ဒီမိုကရေစီတော်လှန်ရေးလုပ်ကြရမယ်။ နအဖအာဏာရူးတွေပြောတာကို လိုက်လုပ်နေလို့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်၊ အပြတ်တော်လှန်ကြရမယ်။ မြန်မာပြည်စစ်ကျွန်အောက်ကလွတ်မြောက်ရေးအတွက် ၂၀၁၀ မှာ အပီးသတ်တော်လှန်ရေးတိုက်ပွဲ ဆင်နွဲကြရပါမယ်။ NLD ဦးဆောင်တဲ့ ပြည်သူတွေ မဆင်နွဲရင် နအဖက အပြီးပိုင် ဆင်နွဲပါတော့မယ်။ဒါကိုအထူးသတိပြုကြပါ။တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးမအင်အားစုများအားလုံး ယခုအချိန်ကစလို့ မြန်မာပြည်စစ်ကျွန်အောက်ကလွတ်မြောက်ရေးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ကစလို့ စုပေါင်းပါဝင်ဆင်နွဲကြဖို့အချိန်ကြရောက်နေပါပြီ။



နအဖဆိုတာ








နွားအဖွဲ့၊ လူစိတ်သူစိတ်မရှိသူများစုဝေးထားသည့်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့၊ ပြည်သူလူ ထုကိုထင်းတိုင်းကြဲနှိပ်စက်နေသည့်လိုင်စင်ရအကြမ်းဖက်အဖွဲ့၊ NLD ဆိုတာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက လုံးဝဥဿုံ အကြွင်းမဲ့ အာဏာအပ်နှင်းခံခဲ့ရတဲ့ မြန်မာပြည်၏ တစ်ခုတည်းသော ဒီမိုကရေစီ ရှေဆောင်လမ်းပြပါတီအဖွဲ့ချုပ်၊ ပြည်သူတွေကို အကာအကွယ်ပေးရမယ်၊ တိုင်းပြည်အကျိုးကိုရှေ့ရှုပြီး အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီး ပြတ်ပြတ်သားသားလုပ်ဆောင်ကြရမယ်။ ရန်သူက ပြတ်သားတာကို အောင်မလေး အော်နေလို့ မဖြစ်၊ အော်နေရမည့်အချိန်မဟုတ်တော့၊ တိုက်ပွဲအသွင် လမ်းကြောင်းပြောင်းသင့်ချိန်ရောက်လာလျှင်ပြောင်းရမည်။ တိုက်ပွဲခေါ်ရမည်။ လူထုရဲ့ခေါင်းဆောင်တွေ အမည်ခံထားပြီး ဝေတေတေ လေတေတေ လုပ်နေကြဦးမည်ဆိုပါက ခရစ်နှစ် ၃၀၀၀ ပြည့်သော်လည်း ဒီမိုကရေစီရရှိနိုင်မည်မဟုတ်ပေ။ ယခုအချိန်အခါသည် သတ္တိကြောင်သူနှင့် သတ္တိပြောင်သူရွေးထုတ်ပွဲအဖြစ် မဝေးတော့သည့်ကာလတွင် ထွက်ပေါ်လာတော့မည်ဖြစ်ပြီး၊ ၂၀၁၀ တော်လှန်ရေးအသွင်သစ်ဖြစ် စစ်အာရူး ခွေးသူတောင်းစားများအဖွဲ့ကို အမိမြေပေါ်မှ အပီးပိုင်ဖယ်ရှားပစ်ရန် အချိန်ကြရောက်လာပြီဖြစ်ပါကြောင်း တော်လှန်ရေးသစ္စာဖြင့် အသိပေးလိုက်ရပါသည်။



ရွှေဝါရောင်ဘုန်းဘုန်း

၂၉.၀၃.၂၀၁၀

ပေးပို့ ပေးသော ကိုဝဏ္ဏ အားကျေးဇူးတင်ပါသည်.။