31 March 2010

ရှက်စရာကောင်းရာမှ ရယ်မောစရာ ကောင်းရာသို့ နအဖစစ်အုပ်စုရဲ့ ၂၀၁၀ရွေးကောက်ပွဲ






၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြေညာထားသည်။ စစ်အာဏာရှင်စနစ်ဖြင့် နှစ်ရှည်လများ အုပ်ချုပ်လာခဲ့ပြီးနောက် ယခုလို ကြေညာသည့်တိုင် မြန်မာပြည်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်လာတော့မည်ဟု မှတ်ယူဖို့ ခက်ပါသည်။


နအဖက တဘက်သတ် စိတ်ကြိုက်ရေးဆွဲ အတည်ပြုထားသည့် ၂၀၀၈ အခြေခံဥပဒေကို လေ့လာကြည့်ခြင်းအားဖြင့် တိုင်းပြည်၏ အနာဂတ်ကို အာဏာရှင်စနစ်ဖြင့် ဆက်လက် အုပ်ချုပ်သွားနိုင်ရေးအတွက် ပြင်ဆင်ထားခြင်း သက်သက်သာ ဖြစ်ကြောင်းကို တွေ့ရပါလိမ့်မည်။

ထို့နည်းတူ ယခု စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် စတင် ဖွဲ့စည်းလိုက်သော ရွေးကောက်ပွဲကော်မရှင်တို့ကို လေ့လာကြည့်လျှင်လည်း တိုင်းပြည်၏ အနာဂတ်ကို လက်ရှိ အာဏာရှင်အသိုင်းအဝိုင်းကပင် ချုပ်ကိုင်ထားမည်မှာ သိသာထင်ရှားလှသည်။

၂၀၀၈ အခြေခံဥပဒေ = စစ်တပ်အာဏာ သက်ဆိုးရှည်ရေး

“နိုင်ငံတော်သမ္မတသည် စစ်ရေးကျွမ်းကျင်သူနှင့် စစ်တပ်မှလာသူဖြစ်ရမည်” ဆိုသည်ကို အခြေခံဥပဒေထဲတွင် အတိအလင်းဖော်ပြသတ်မှတ်ထားသည်။ ထိုစစ်သား သမ္မတသည် အုပ်ချုပ်ရေးအစိုးရ၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးကောင်စီတို့၏ အာဏာများကို ချုပ်ကိုင်ထားသည့်အပြင် တရားစီရင်ရေးတွင်လည်း အာဏာကို ချုပ်ကိုင်ထားသေးသည်။

အထက်လွတ်တော် အမတ်နေရာ ၂၂၄ ဦးအနက် ၅၆ ဦးသည် စစ်သားများ ဖြစ်ရမည်ဖြစ်ပြီး အောက်လွတ်တော် ၄၄၀ ဦးအနက် ၁၁၀ ဦးသည် စစ်သားများဖြစ်ရမည် ဆိုသည်ကို အတိအလင်းရေးဆွဲ ချပြထားသည်။ ပြည်ထောင်စုလွတ်တော်တွင် အရပ်သားကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိနေသော်လည်း “တပ်မတော်တည်းသာ မြန်မာနိုင်ငံ၏ နိုင်ငံရေးကိုဦးဆောင်ရန်၊ ပြည်နယ်နှင့်တိုင်း အုပ်ချုပ်ရေး အာဏာအဆင့်ဆင့်ကို စီမံချုပ်ကိုင်ထားရန်နှင့် ဥပဒေပြုကဏ္ဍ အသီးသီးတွင် ပါဝင်ဦးဆောင်ရန်” ဟူ၍ အခြေခံဥပဒေက ဦးစားပေး ရေးဆွဲသတ်မှတ်ထားသည့်အတွက် အရပ်သားလွတ်တော်ကိုယ်စားလှယ်ဟူသည် ပြည်ထောင်စုလွတ်တော်၌ အမည်ခံသာရှိပြီး ဘာတခုမှ ကိုယ်စားပြုဆောင်ရွက်နိုင်ရန် အခွင့်အလမ်း မရှိနိုင်ပေ။

အစိုးရဖွဲ့စည်းခြင်းကို တပ်မတော်မှဖြစ်ပေါ်လာမည့် နိုင်ငံတော်သမ္မတကသာ စိတ်ကြိုက် ဖွဲ့စည်းပိုင်ခွင့်ရှိသည့်အတွက် ၂၀၁၀ အပြီး ဖြစ်ပေါ်လာမည့် အစိုးရအဖွဲ့မှ ၀န်ကြီးအသီးသီးနေရာတွင် လွတ်တော်မှာ ရောက်နေသည့် အရပ်သားပြည်သူတဦးစနှစ်ဦးစ ပါဝင်ခွင့်ရမည်ဆိုပါက အင်မတန်မှကံကောင်းသည်ဟု ဆိုရပေမည်။

အကယ်၍ အစိုးရဖွဲ့စည်းလျှင် လွတ်တော်မှ အမတ် ၂၅ ရာခိုင်နှုန်းလောက် ဆွဲထည့်ရမည်ဟု ဥပဒေက ပြဌာန်းထားလျင်ပင် တပ်မတော်မှသမ္မတဖြစ်သူက အရပ်သားလွတ်တော်ကို ၀န်ကြီးခန့်အပ်မည် မထင်ပေ။ “ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲဖိတ်”ဆိုသလို လွတ်တော်မှာ ၂၅ နှုန်း နေရာယူထားသည့် တပ်မတော်အမတ်တွေကိုသာ ဆွဲထည့်မည်မှာသေချာသည်။

ပြည်တောင်စုလွတ်တော်မှာ ပါဝင်ခွင့်မရှိကြသည့် တပ်မတော်များလည်း ပူပင်စရာမလိုပါ။ တပ်မတော်သမ္မတကသာ စိတ်ကြိုက်အစိုးရဖွဲ့စည်းနိုင်သည့်အတွက် လွတ်တော်မှာပါဝင်ခွင့်မရှိသော တပ်မတော်အရာရှိအရာခံနှင့် တပ်မတော်အငြိမ်းစာများကို ၀န်ကြီးများအဖြစ် ဆွဲခန့်နိုင်သည့် အခွင့်အရေးတွေကိုလည်း ၂၀၀၈ ဥပဒေတွင် ပြင်ဆင်ထားသည်။



မြန်မာနိုင်ငံတွင် “တပ်မတော်ကို တပ်မတော်ဖေးမ ကာကွယ်ရေးစနစ်” အဖြစ် ကျင့်သုံးပြီး အာဏာကိုယနေ့တိုင် တည်မြဲအောင် ဆုတ်ကိုင်လာနိုင်ခဲ့သည်။ မြန်မာ့တပ်မတော်တို့၏ နိုင်ငံရေးထုံးတမ်း အစဉ်အလာတခုဟူ၍လည်း ဆိုနိုင်ပေသည်။ ထိုတပ်မတော်နိုင်ငံရေး ထုံးတမ်းအစဉ်အလာကြီး မပြောက်ကွယ်သွားနိုင်ရေးအတွက် ၂၀၀၈ ဥပဒေကိုရေးဆွဲပြီး အတည်ပြုခဲ့ကြသည်။ အတိုချုပ်အားဖြင့် ၂၀၀၈ ဥပဒေသည် “တရားမ၀င်စစ်အစိုးရကနေ တရားဝင်စစ်တပ်ဦးဆောင်သည့်အစိုးရ” အဖြစ်ပြောင်းလဲခြင်းဟုဆိုနိုင်ပေသည်။

ရွေးကောက်ပွဲဆိုင်ရာဥပဒေ = ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ထုတ်ခြင်း

စစ်အစိုးရမှ ယခုလ(၉)ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာဥပေဒေကို ထုတ်ပြန်ပါသည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် ပါတီဟောင်းများအား ရက်ပေါင်း ၆၀ အတွင်း စာရင်းသွင်းရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း စာရင်းမသွင်းသည့်ပါတီများ အလျိုအလျောက် ဖျက်သိမ်းမည်ဖြစ်သည်။

လက်ရှိစစ်အစိုးရ၏ တည်ဆဲဥပဒေအရ စွဲချက်ခံထားရသူများ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မရှိကြောင်း ဥပဒေက သတ်မှတ်ထားသည့်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်တို့ အလျိုအလျောက် ရွေးကောက်ပွဲမှ ပထုတ်ပြီးသားဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာဥပဒေ၏ အဓိကရည်ရွယ်ချက်သည် လာမည့်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသော နိုင်ငံရေးသမားများ ပါဝင်ခွင့်မရှိအောင် ဖန်တီးထားသည့် စစ်တပ်၏ မဟာဗျူဟာထဲမှ တခုဟုဆိုနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အဖွဲ့ချုပ်သည် လွတ်လပ်ပြီးတရားမျှတသည်ဟု သတ်မှတ်ခြင်းခံခဲ့ရသည့် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူဆန္ဒကို အပြည့်အဝရခဲ့သည့် ပါတီဖြစ်သည်။ အမတ် ၄၈၅ နေရာတွင် အဖွဲ့ချုပ်မှ ၃၉၂ နေရာရခဲ့သည့်အတွက်ကြောင့် စစ်တပ်အဖို့ တုန်လုပ်ခြောက်ခြားမှုများ ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက်စစ်တပ်မှ အာဏာမတရားသိမ်းယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နည်းအမျိုးမျိုးဖြင့် နေအိမ်အကျယ်ချုပ်ချထားသည်။ ဆယ်စုနှစ် ၂ ခုကျော်လွန်သွားပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူထုတို့၏ ထောက်ခံမှုနှင့်ယုံကြည်မှုတို့က ယနေ့တိုင် လျော့နည်းမသွားပါ။

၂၀၀၈ ဥပဒေကို စစ်တပ်အတွက် အရေးပေးအသာစီးပြီး မည်ကဲ့သို့ပင် လုပ်ထားလုပ်ထား ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်သာ သူမ၏အဖွဲ့ချုပ်ကိုဦးဆောင်ပြီး ၀င်ရောက်ရှင်ပြိုင်မည်ဆိုပါစို့ လူထု၏ထောက်ခံမှုကို ၁၉၉၀ ခုနှစ်အတိုင်းမရနိုင်ဘူးဟု ဘယ်သူမှမပြောနိုင်ပါ။

မြန်မာပြည်၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တလျေက်မှာ လူထုအသဲစွဲသည့် ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဖို့က စစ်တပ်အတွက် အရေးကြီးဆုံးအချက်ပင်ဖြစ်သည်။ မကြာခင်မှာဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲရလာဒ်သည် ၁၉၉၀ အတိုင်းမဖြစ်ပေါ်စေဘို့ စစ်အစိုးရမှ “ဘာကိုဘယ်လိုဘဲလုပ်ရလုပ်ရ တဇွတ်ထိုးလုပ်မည်” ဖြစ်သည်။ ထို့ကြောင့် စစ်အစိုးရရေးဆွဲချမှတ်သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အရေးပါသည့် နိုင်ငံရေးခေါင်းဆောင်များအား မြန်မာ့နိုင်ငံရေးလောကမှ ပယ်ထုတ်ရန် ဖန်တီးခြင်းဖြစ်ပေသည်။

ရွေးကောက်ပွဲ ကော်မရှင် = စစ်တပ်က လူ

မတ်လ ၁၁ရက်နေ့က “တရားသူကြီးများ၊ ရှေ့နေများ၊ ပါမောက္ခများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ” ပါဝင်သည်ဟုဆိုသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဖြစ်ပေါ်လာပါသည်။ ထိုပုဂ္ဂိုလ်များသည် နာမည်နာမများနှင့် ခေါင်းစဉ်များကသာ ကြားနေဟန်ရှိသည်။ အမှန်တကယ်တွင် နောက်ခံကြိုးကိုင်သူများမှာ စစ်တပ်ဖြစ်သည်။

ဥပမာ ၁၇ ဦးတို့ပါရှိသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို အငြိမ်းစား ဗိုလ်ချုပ် ဦးသိန်းစိုးက ဥက္ကဌအဖြစ် ပါဝင်ဦးဆောင်နေခြင်း၊ တပ်မတော်၌ စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အငြိမ်းစားယူပြီးနောက် စစ်အစိုးရက ၎င်းအား ဒုတိယ တရားသူကြီးချုပ် အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည့် ပုဂ္ဂိုလ်ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေတွင် မူကြမ်း ရေးဆွဲရေး ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ပေးအပ်ခံခဲ့သည်။

အဖွဲ့ဝင်အဖြစ် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနပါမောက္ခ ဒေါက်တာဒေါ်မြင့်ကြည်သည် စစ်အစိုးရ၏ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ထန်းဆောင်ခဲ့ဖူးသည်။ အဖွဲ့ဝင်အဖြစ် တိုင်းရင်းသားကို ကိုယ်စားပြုသည်ဟုဆိုသည့် ကချင်တိုင်းရင်းသား ဦးအင်ဇော်နော်မှာ ဦးသိန်းစိုးကဲ့သို့ မူကြမ်းရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည်။

ထိုသူတို့ကို စစ်တပ်ကလိုသည့်နေရာ၌ လိုအပ်သလို ရွေ့ပြောင်းခန့်အပ်လို့ရသည့် စစ်တပ်၏ ပညာရှင်များဖြစ်သည်။ တနည်းအားဖြင့် စစ်တပ်အာဏာရှင်တပည့်ခံ ပညာရှင်များဟူ၍လည်း မြင်လို့ရသည်။ ထိုသူတို့ကို ယခုလို ရွေးကောက်ပွဲကော်မရှင်များအဖြစ် ခန့်အပ်သည်မှာ မထူးဆန်းလှပါ။ ရွေးကောက်ပွဲတွင် စစ်တပ်ပါတီဖြစ်သည့် ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းနှင့် စစ်တပ်အားတပြည့်ခံသော နိုင်ငံရေးပါတီငယ်များ အားဦးစားပေးရေးအတွက်သာဖြစ်သည်။

လာမည့်ရွေးကောက်ပွဲ = လူထု စိတ်ဝင်စားမှုမရှိ

မြန်မာပြည်ရွေးကောက်ပွဲနှင့်ပတ်သက်လျင် လူထု၏ဆန္ဒမှာ ၁၉၉၀ ရွေးကောက်ပွဲကတည်းက အဆုံးသတ်ပြီးသားဖြစ်သည့်အတွက် ယခုစစ်အစိုးရမှ ကျင်းပမည့်ရွေးကောက်ပွဲတွင် စစ်တပ်ပါတီနှင့် စစ်တပ်တပည့်ခံပါတီများက ယှဉ်ပြိုင်ကြမည့်ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူလူထု စိတ်ဝင်စားမှုမရှိပါ။

သို့သော် ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ်ဆန္ဒခံယူပွဲကဲ့သို့ လူထုအနေဖြင့် အကြောက်တရားအောက်မှ သို့မဟုတ် သေနတ်ပြောင်းဝအောက်မှ မဲပြားများ လာရောက်ထည့်ပေးရမည့် အခြေအနေမှာရှိသည်။ ဥပမာ မဲများလာထည့်နိုင်ရေးအတွက် စစ်တပ်မှ ယခုကတည်းက အိမ်ထောင်စုစာရင်းများကို စစ်ဆေး ကောက်ခံသောကြောင့် မဲမထည့်ပါက အိမ်ထောင်စုစရင်းများ ပယ်ဖျက် ခံရမည်ဆိုသည့် ခြိမ်းခြောက်မှုများကို လူထုတရပ်အနေဖြင့် ကြောက်လန့်နေရသည်။

စစ်တပ်မှ ရေးဆွဲချမှတ်ထားသည့် ၂၀၀၈ ဥပဒေသည် မြန်မာပြည်တွင် စစ်တပ်အာဏာ တည်မြဲရေးအတွက်သာ ဖြစ်သည့်အတွက် နိုင်ငံတကာက “ရှက်စရာကောင်းသောဥပဒေ”ဟု ဝေဖန်ထားပြီး ရွေးကောက်ပွဲကိုလည်း “လွတ်လပ်ပြီး တရားမျှတမှုမရှိသော ရွေးကောက်ပွဲ”ဟူ၍လည်း သုံးသပ်ထားကြသည်။

ပြည်ပရောက် အတိုက်ခံအင်အားစုများထက်စာလျင် စစ်တပ်မှ ၎င်းတို့ချမှတ်ထားသည့် လမ်းပြမြေပုံအတိုင်း အဆင့်အဆင့် ခရီးရောက်အောင်ဖန်တီးနိုင်သည်။ သို့သော် ဤအဆင့်ဆင့်သွားနေသော စစ်တပ်၏ လမ်းပြမြေပုံသည် ရှက်စရာကောင်းရာမှ ရယ်မောစရာကောင်းလှသည့် ဟာသဇတ်လမ်းတပုဒ်လို ဖြစ်နေပေတော့သည်။

စေးရယ်စိုး

ရင်းမြစ်..ကန္တရဝတီတိုင်း