28 March 2010

တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကို အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာတွင် လုပ်ရန်ပြင်ဆင်..

ယခုတလော လူအများ အာရုံစိုက်လာကြသည့် အငြင်းပွါးဖွယ်ရာ အထွေထွေ ရွေးကောက်ပွဲအား စစ်အစိုးရမှ အောက်တိုဘာလ နောက်ဆုံးအပတ် (သို့ မဟုတ်) နိုဝင်ဘာလ အစောပိုင်းတွင် ကျင်းပပေးဖွယ်ရာ ရှိကြောင်း စနေနေ့ တွင်ထုတ်ပြန်သည့် AFP သတင်းတပုဒ်အရ သိရသည်။

“နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်တွေဟာ စည်းရုံးမဲဆွယ်ဖို့ အချိန် ခြောက်လလောက် ရမှာပါ။ ရွေးကောက်ပွဲကိုတော့ အောက်တိုဘာနောက်ဆုံးအပတ် ဒါမှမဟုတ် နိုဝင်ဘာလဆန်းပိုင်းလောက်မှာ လုပ်ပါလိမ့်မယ်” ဟု အမည်မဖော်လိုသူ အရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြထားသည်။

မြန်မာနိုင်ငံအား အနှစ် နှစ်ဆယ်ကျော် အုပ်မိုးထားသော စစ်အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည့် ရက်များအား တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေ။

သို့ သော် ယခုလအစောပိုင်းတွင် စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထိုဥပဒေများ အရ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရစေရန် ပိတ်ပင်ထားသဖြင့် ပြည်တွင်းပြည်ပမှ ဝေဖန်မှုများရှိနေသည်။

အကယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီအား ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဆိုလျှင် ရွေးကောက်ပွဲဥပဒေများအရ ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ကျနေသော အခြားပါတီဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရမှ အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။

အသက်ခြောက်ဆယ့်လေးနှစ် အရွယ် ရှိပြီဖြစ်သည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း ဆယ့်လေးနှစ်ခန့် နေအိမ် အကျယ်ချုပ် ကျခံနေရသည်။

သတင်းရင်းမြစ်..(မဇ္ဈိမ)။