03 September 2011

မြန်မာနိုင်ငံ၏ နာမည်ကျော် တပ်မတော်အစိုးရ ပြောင်းလဲနေတာ ဟုတ်ရဲ့လား

(TIME မှ 31 August 2011 ရက်စွဲပါ “Is Burma’s Notorious Military Junta Reforming?” သတင်းဆောင်းပါးကို Y C မှဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံကို ရာစုနှစ် ထက်ဝက်နီးပါးမျှ “မကြုံဘူးလျှင် ယုံဖို့ပင်ခက်သည့်” ရက်စက်ကြမ်းကြုပ်မှုများဖြင့် တပ်မတော် ခေါင်းဆောင်များ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် အုပ်ချုပ်ခဲ့ကြသော်လည်း လတ်တလော ဖြစ်ရပ်များကမူ မြန်မာ့အရေး စောင့်ကြည့်သူများအား “အပြောင်းအလဲ ဖြစ်လာပြီ လား” ဟူသော အတွေးဖြင့် အံ့အားသင့်စေခဲ့သည်။

မနှစ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒီမိုကရေစီလှုပ်ရှား မှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ အတွင်းက ရန်ကုန် အပြင်ဖက်သို့ ပထမဆုံးအကြိမ် စည်းရုံးရေးဆင်းရာတွင် ၂၀၀၃ ခုနှစ်က တပ်မတော်အစိုးရပိုင် လူမိုက်များ နှောက်ယှက်ခဲ့ သည့် ဖြစ်ရပ်နှင့်မတူတော့ပဲ စိတ်ဓာတ် တက်ကြွနေသည့် လူအုပ်ကြီး၏ ကြိုဆိုထောပနာ ပြုခြင်းကိုခံခဲ့ရသလို ရန်ကုန်ကို နောက်တစ်ကြိမ်ခွာ၍ နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက်တွင်လည်း သူမအနေဖြင့် ပျော်ရွှင်မှုနှင့် ကျေနပ်အားရမှု ရှိခဲ့သည်ဟု သိရှိရသည်။

ကမ္ဘာ့ သက်ဆိုးအရှည်ဆုံး တပ်မတော်အာဏာရှင် အစိုးရများထဲမှ တစ်ခု သည် နောက်ဆုံး တွင် ပြုပြင် ပြောင်းလဲမှုကို ဦးတည်ကာ အခါလည်သား မတ်တပ်ရပ် လမ်းလျှောက်သလို တုံ့နှေးတုံ့နှေးဖြင့် စတင်နေသလား ဟူသော မေးခွန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများအကြားမှာပင် အမြင်ကွဲလွဲမှု ရှိလာခဲ့သည်။ “စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားစေလိုတဲ့ စေတနာရှိတဲ့ အထောက်အထားမျိုး လုံးဝ မတွေ့ရသေးပါဘူး”ဟု ပြောကြားသူမှာ သြစတြေးလျ Griffith University မှ သုတေသန ပညာရှင် Andrew Selth ဖြစ်သည်။ “ဒါပေမယ့်လည်း လေ့လာ ဆန်းစစ်သူတွေ မျှော်လင့် မထားတဲ့ ပျော့ပြောင်းမှုဒီဂရီကို မြန်မာအစိုးရက ပြသခဲ့တယ်ဆိုတာကိုတော့ ဝန်ခံရမှာပါ” ဟု ယင်းက ဆက်လက် ပြောဆိုသည်။

အောက်တွင် မြန်မာအစိုးရ ပြုပြင် ပြောင်းလဲနေသည်ဟူသော လက္ခဏာငါးချက်နှင့် ယင်းတို့ ဟန်ဆောင်နေကြောင်း သတိထားရမည့် လက္ခဏာငါးချက်စီကို အသီးသီး ဖော်ပြထားသည်။

ကောင်းသတင်းများ

(၁) သမ္မတသစ်

ဦးသိန်းစိန်သည် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးထုတ် ကောက်ယူခံရသူ ဖြစ်သော်လည်း သူ ကိုယ်တိုင်မှာမူ အာဏာရှင် မဟုတ်ပေ။ “သူတာဝန်ထမ်းဆောင်ခဲ့တာဟာ ကိုယ်ကျိုး စီးပွားအတွက် မဟုတ်ပါဘူး။ ဒါ့အပြင် သဘောကောင်းပြီး ဆက်ဆံလို့ ကောင်းတဲ့သူ တစ်ယောက် ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ တာဝန်ရှိသူအဖြစ် ယခင်လုပ်ကိုင်ခဲ့သော အကဲခတ် လေ့လာသူ Richard Horsey က ပြောကြားသည်။ “သူက အကြံကောင်း၊ ဥာဏ်ကောင်းတွေကို လိုလိုလားလား ကြိုဆိုတဲ့ သူဖြစ်သလို သူနဲ့ ဆွေးနွေး ရာမှာလည်း ထုံးတမ်းစဉ်လာ ဟန်ကြီးပန်ကြီး လုပ်မှုတွေမရှိဘူး ဆိုတာကို ပြသနေပါတယ်” ဟု Horsey က သုံးသပ်သည်။ ဦးသိန်းစိန်ကို တောင်အာဖရိက အသားရောင်ခွဲခြားမှု ခေတ်လွန်သမ္မတ FW de Klerk နှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နယ်လဆင်မင်ဒဲလားနှင့် လည်းကောင်း အသီးသီးနှိုင်းယှဉ်လျှင် အထူးပင် ဆီလျော်ပေလိမ့်မည်။

(၂) ဗိုလ်ချုပ်အောင်ဆန်း ပြန်လည်ပေါ်ထွက်လာမှု

မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဖြစ်နေသောကြောင့် သူ၏ရုပ်ပုံကို ငွေစက္ကူများနှင့် အစိုးရရုံး နံရံများပေါ်မှ တပ်မတော် အစိုးရက ဖယ်ရှား ပစ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က ကြိုဆို နှုတ်ဆက်သော အခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်ဘဝပုံတူကို ထင်ထင်ရှားရှား ချိတ်ဆွဲထားခြင်းမှာ သမ္မတကြီးသည် ဗိုလ်ချုပ်အောင်ဆန်းအား လေးစားသူဟူသော နောက်ထပ် လက္ခဏာတစ်ခု ဖြစ်ကြောင်း Horsey က ဆိုသည်။

(၃) အင်းစိန်ထောင် ခရီးစဉ်

ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Tomas Ojea Quintana သည် နိုင်ငံရေး အကျဉ်းသားများနှင့် စကားပြောဆိုနိုင်ရန် အတွက် ရန်ကုန်၏ နာမည်အပျက်ဆုံး အင်းစိန်ထောင်သို့ သွားရောက်ခွင့် ရခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက အစိုးရ တာဝန်ရှိ သူများနှင့် လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်။

(၄) ခပ်ပါးပါး လွတ်လပ်ခွင့် ရလာတဲ့ မီဒီယာ

အစိုးရဆင်ဆာက ခွင့်လွှတ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေမယ့် True News ဂျာနယ်က လတ်တလော မျက်နှာဖုံးသတင်း တစ်ပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလို့ မှားယွင်းဖော်ပြခဲ့တာကို သတိပေးရုံသာ ပြုလုပ်ခဲ့သည်။ ဂျာနယ်စာစောင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းစကားတွေကို ဖော်ပြလို့ မရနိုင်သေးပေမယ့် သူမရဲ့ ဓာတ်ပုံတွေကိုတော့ လွတ်လွတ်လပ်လပ် ဖော်ပြခွင့် ရနေကြသည်။

(၅) ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ အကြီးအကဲ ရွေးချယ်မှု

သမ္မတရဲ့ အကြံပေး အဖွဲ့ထဲက ပညာရှင်တွေ များစွာထဲမှာ ဦးမြင့် ကတော့ အများလေးစားကြတဲ့ စီးပွားရေး ပညာရှင် ဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။

မကောင်းသော သတင်းများ

(၁) သမ္မတသစ်

သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုပ်သေးရုပ်သာဖြစ်၍ သူ၏ ရပ်တည် ရှင်သန်မှုကို ဆွဲဆန့်ရန်နှင့် တပ်မတော် အပေါ် ဖိအား လျော့စေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဟန်ဆောင် လိမ်ညာ ပူးပေါင်း ပြနေသည်ဟု အချို့သော ဝေဖန် ဆန်းစစ်သူများက ပြောကြားသည်။ “တောင် အာဖရိက ရဲ့ FW de Klerk နဲ့တူတဲ့ ခေါင်းဆောင်မျိုးကို မြန်မာ တပ်မတော် ခေါင်းဆောင်တွေထဲမှာ ရှာတဲ့ ကိစ္စဟာ လမိုက်ည သန်းခေါင်ယံမှာ ကောက်ရိုးပုံထဲ အပ်ရှာရ သလိုပါပဲ” ဟု London School of Economics and Political Science မှ သုတေသန လေ့လာသူ မောင်ဇာနည်က ဒီမိုကရက်တစ် မြန်မာ့အသံ DVB ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

(၂) အင်းစိန်ထောင်

အင်းစိန်ထောင်တွင်း အခြေအနေသည် ကြောက်မက်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။ အမှု စစ်ကြောသူများက ထိန်းသိမ်းခံ အကျဉ်းသားများကို စားမရ၊ အိပ်မရအောင် ပြုလုပ်ခြင်း၊ ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ် အစိတ်အပိုင်းများကို မီးဖြင့် တို့ခြင်း တို့ဖြင့် ဖြောင့်ချက်ရအောင် ပြုလုပ်လျက် ရှိသည်ဟု ကုလ ကိုယ်စားလှယ် Quintana က အစီရင်ခံထားသည်။ သံဃာတော် ၂၂၅ ပါး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကို အစိုးရက ဖမ်းဆီး အကျဉ်းချထားကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထုတ်ဖော် ပြောဆိုထားသည်။

(၃) NLD ပါတီကို ဆက်လက် နှိပ်ကွပ်

ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီဝင် တစ်ဦးဖြစ်သူ ဦးအောင်လှမြင့်သည် မြန်မာပြည် အလယ်ပိုင်း ယင်း နေထိုင်ရာ ဇာတိမြို့မှထွက်ခွာ၍ ခရီးသွားခြင်းကြောင့် လတ်တလော ထောင်ဒဏ် ၁၆ လ ချမှတ်ခြင်း ခံခဲ့ရသည်။

(၄) အရှိန်မြင့်လာသည့် ပြည်တွင်း စစ်ပွဲများ

မြန်မာ့ တပ်မတော်က ဆောင်ရွက်နေသော သောင်းကျန်းမှု နှိမ်နှင်းရေး စစ်ဆင်ရေးများကြောင့် ယခုနှစ်အတွင်း ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ် များမှ ဒေသခံ တောသူတောင်သား ၅၀၀၀ ခန့် အိုးပစ်၊ အိမ်ပစ်၊ အိမ်မဲ့၊ ယာမဲ့ ဒုက္ခသည်များ ဖြစ်နေသည်ဟု Human Right Watch က အထောက် အထား ခိုင်လုံစွာ စွပ်စွဲထားသည်။ တစ်ခါတစ်ရံ မိုင်းကွင်းကို အတင်းဖြတ်လျှောက် ခိုင်းခြင်း ခံရသော အကျဉ်းသား ပေါ်တာ များအပေါ် မြန်မာ့ တပ်မတော်၏ နှိပ်စက်မှုများသည် စစ်ရာဇဝတ်မှုနှင့် အကြုံးဝင်သည်ဟု နယူးရောက် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ယုံကြည်လျက် ရှိသည်။

(၅) ထိန်းမရ သိမ်းမရ ဖြစ်သွားတဲ့ ကျပ်ငွေ

အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုး ရုတ်တရက် ထိုးတက်သွားခြင်းကြောင့် ပို့ကုန်သမားများနှင့် တောင်သူ လယ်သမားများ အထိနာသွားကြသည်။ စီးပွားရေးအခြေအနေ ဆိုးဝါးကာ ဆင်းရဲတွင်းနက်မှုက ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်များတွင် ပြည်လုံးကျွတ် ဆန္ဒ ပြပွဲများ ဖြစ်ပေါ်စေခဲ့သလို ယခုလည်း နောက်ထပ် ဖြစ်ပွားလာမည့် အခြေအနေတစ်ခု ရှိနေသည်။ မြန်မာ ဗိုလ်ချုပ်ကြီးများကို အမှန်တကယ် မောင်းနှင် နေသော အချက်မှာ တော်လှန် အုံကြွမှုကို ကြောက်ရွံ့ခြင်း သာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲလိုသော စိတ်ရင်းဆန္ဒမှန် မဟုတ်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုကြသည်။ အမှန်တကယ်တွင်လည်း မူဘာရတ်နှင့် ကဒါဖီတို့၏ လတ်တလော ဖြစ်ရပ်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား သန်းခေါင်ကျော် ထထိုင် ဇောချွေးပြန်စေလျက် ရှိသည်ဟု ယုံကြည်ရပေသည်။

02 September 2011

စိတ်ကြွပီကေကျွေးပြီး ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း

စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေ သူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်းခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

”အစ ကတော့ မသိ ဘူးပေါ့၊ နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။ ရန်ကုန်မြို့ စမ်းချောင်းနေ တရားခံဟု ယူဆရသူ အမျိုးသမီး ငယ်က ခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက် ၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိ ခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူးဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်း တို့ထံမှ သိရသည်။

”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာ အခြားမိန်း ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံ တွေကိုပါ တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ တရားလို ကွန်ပျူတာတက္က သိုလ်ကျောင်းသူသည် ၂ဝ၁ဝ ပြည့် နှစ်သြဂုတ်လ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၁ ခုနှစ်အထိ စုစုပေါင်းငွေသိန်း ၅ဝဝ ခန့်ကို တရားခံဟုယူဆရသူ ထံအကြိမ် ကြိမ်ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိမီး ခံသေတ္တာအတွင်းမှ စိန်နှင့် ရွှေများအကုန်လုံးကို SURE ကား ဖြင့်ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့တိုင် ကြားခဲ့ရကြောင်း တရားလိုနှင့်နီးစပ် သူကပြော သည်။

တရားလိုနှင့် တရားခံဟုယူ ဆရသူ အမျိုးသမီးတို့သည် ၂ဝ၁ဝ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ဇူလိုင်လတွင် တရားခံဟုယူ ဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင် ပြီးနောက် အဆိုပါ အိမ်၌တရားလို အားစိတ်ကိုမေ့မြောစေသော ပီကေ ကျွေးကာ အဝတ် များချွတ်၍ဓါတ်ပုံ ရိုက်ယူခဲ့သည်။ထို့နောက် ဓာတ်ပုံကို အင်တာနက်တင် မည်ဟုခြိမ်းခြောက် ကာငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ် သက်၍ ”ဒါက မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာ ဆိုတော့ တော်တော်အောက်တန်း ကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်း ဆုံးသွားနိုင်တဲ့ အမှုတစ်ခုဖြစ်တဲ့ အတွက်နောက်လူတွေ ဆက်မ လုပ်နိုင်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ချ မှတ်သင့်တယ်”ဟု ပြောသည့်သတင်းအား POPULAR JOURNAL တွင်ဖော်ပြပါရှိသည်.။

ကိုယ့်ဗုံး ကိုယ်ပြန်ကြောက် နေတဲ့ အစိုးရ..

အစိုးရအဖွဲ့ဝင်များကို ဗုံးဖောက်ခွဲရန် လုပ်ကြံမှုများရှိနိုင်သည့်အတွက် အစိုးရဌာနများတွင် ဗုံးအန္တရာယ် သတိပြုရန်အတွက် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

"သြဂုတ်လဆန်းကတည်းက သတိပေးချက် ထုတ်ပြန်ထားတယ်။ ဒီသတိပေးချက်ကို သက်ဆိုင်ရာဌာနတွေကို အကုန်ပို့ထားတယ်"ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖုန်းဟန်းဆက်များကို လက်ဆောင်ပေးဟန်ဆောင်၍ ယင်း ဟန်းဆက်နားကြပ်ပေါက်များ အတွင်း ပေါက်ကွဲစေသည့်အရာများ ထည့်ကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနည်းအား လည်းကောင်း၊ ဆိုင်ကယ်မိုင်းလစ်ကြိုးများအတွင်း ယမ်းထည့်၍ ဖောက်ခွဲနည်းအား လည်းကောင်း အသုံးပြုကာ အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများကို အထိနာစေရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

"ဗုံးဖောက်ခွဲဖို့ နယ်စပ်ကလူတွေလည်း အထဲရောက်နေတယ် ကြားတယ်။ သူတို့ရဲ့ ဓာတ်ပုံတစ်ချို့ကိုလည်း ရထားတာရှိတော့ လုံခြုံရေးအရ အရေးကြီးတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ဖြန့်ဝေထားတယ်"ဟု မန္တလေးတိုင်း ဒေသကြီးမှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်ပြီး နိုင်ငံတော် ၏ အေးချမ်းတည်ငြိမ်ရေးကို ပျက်စီး စေနိုင်သဖြင့် ယခုကဲ့သို့ လုံခြုံရေးတင်းကြပ်ရခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က အတည်ပြုပြောကြားသည်။

အစိုးရဌာနများ၏ အဝင်အထွက်များကို လုံခြုံရေးတင်းကျပ်စွာ စီမံထားရန်နှင့် ခေတ်မီနည်းစနစ်များ ကျင့်သုံးကာ ဗုံးဖောက်ခွဲသူများ၏ အန္တရာယ် ကို ကာကွယ်ရန် စီစဉ်ထားပြီးဖြစ်ကာ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးတွဲကာ လုံခြုံရေး အတွက် တာဝန်ချထားပြီး ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးဖောက်ခွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ယင်းဗုံးဖောက်ခွဲမှုများ၏ ၇၀ ရာခိုင်နှုန်း မှာ အမည်မဖော်လိုသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ၏လက်ချက် ဖြစ်ကြောင်း သိရှိရသည်။

သတင်း.... YC(KS)

စည်ပင်၊ ရဲတို့နှင့် ဈေးသည်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု၊ ဈေးသည်နှစ်ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁ရက်နေ့ နေ့လည်တစ်နာရီခွဲခန့်က ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်း သိမ်ကြီးဈေး ၂၆လမ်း ထိပ်တွင် ဈေးမရောင်းရန် တားမြစ်သော စည်ပင်နှင့် ဈေးသည်များ အချင်းများရာမှ ရဲများပါ ပါဝင်လာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွား၍ ဈေးသည်အမျိုးသားနှစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရ ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ပလက်ဖောင်းပေါ်တွင် ဈေးမရောင်းရန် တားမြစ်သော စည်ပင်ဝန်ထမ်းကို ဈေးသည်က မချေမငံ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း၊ စည်ပင်က ဈေးဗန်းကို သိမ်းဆည်း၍ ဈေးသည်က ပြန်လှန်ဆွဲရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း၊ မကြာမီ ရဲကားရောက်လာပြီး ရဲများနှင့်ပါ ဈေးသည်နှင့် အချင်းများခဲ့ကြောင်း၊ ဈေးသည်အမျိုးသားနှစ်ဦးကို ရဲကားပေါ်သို့ ဖမ်းဆီးတင် ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

“ အမှန်ကတော့ ဈေးရောင်းခွင့်မရှိတဲ့နေရာကို ရောင်းတာကိုး၊ အရင်က စည်ပင်နဲ့ ပြေပြေလည်လည်ပြောရင် ရပါတယ်၊ စည်ပင်က သိမ်းသွားဦး တောင်မှ တောင်းတောင်းပန်ပန်နဲ့ ညှိနှိုင်းလိုက်ရင် အဆင်ပြေပါတယ်၊ အခုဟာက ဈေးသည်ကလဲ သွားပြီး ကလန်ကဆန် ပြန်လုပ်တော့ စည်ပင်က ရဲကို ခေါ်လိုက်တာ ၊ အဲ့ဒီမှာ ဆွဲကြရမ်းကြနဲ့ ပန်းသီးဗန်းတွေ မှောက်ကုန်တယ်၊ ပန်းသီးရောင်းတဲ့ အမျိုးသားနှစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု မာလကာသီး ရောင်းသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဖြစ်ပွားပုံ အသေးစိတ်ကို ရှင်းပြသည်။

“ ဟိုနေ့ကလည်း စည်ပင်ဝန်ထမ်းကို ဈေးသည်က ရိုက်လိုက် တာ၊ သွေးထွက် သံယိုဖြစ်သွားလို့ ဈေးသည်တစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယမန်နေ့က ( ၃၁ရက်နေ့၊ သြဂုတ်လ) ကလည်း လသာ ၁၇လမ်းရှိ ရွှေဂုဏ်သူ မုန့်ဟင်းခါးဆိုင်အနီးတွင် စည်ပင်အမှိုက်သိမ်းယာဉ်မှ ဝန်ထမ်း များက အမှိုက်များလာရောက်ချ၍ မုန့်ဟင်းခါးဆိုင်ပိုင်ရှင် ဦးအောင်ဖေမြင့်က ကန့်ကွက်ပြောဆိုရာမှ စည်ပင်ရဲများနှင့် အချင်းများခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေကြီး အစိုးရ တာဝန်ယူချိန်မှစ၍ လမ်းဘေးပလက်ဖောင်းများတွင် ညနေ ၃နာရီမှ ၈ နာရီအထိသာ ပျံကျဈေးသည်များ ဈေးရောင်း ခွင့်ပြုတော့သော်လည်း ဝန်ကြီးနှင့်၊ မြို့တော်ဝန် စစ်ဆေးသည့်အချိန်မှလွဲ၍ ကျန်ချိန်များတွင် စည်ပင်ဝန်ထမ်းများနှင့် နားလည်မှု ယူရောင်းချ၍ ရသည်ဟု ဈေးသည် များ၏ ပြောကြားချက်အရ သိရှိရသည်။

သတင်း... YC

01 September 2011

ယနေ့တွင်ဖြစ်ပွားခဲ့သော အင်စိန် ရန်ကုန် မြို့ပတ်ရထား တွဲဆိုင်း တိမ်းမှောက်


ယနေ့တွင်ဖြစ်ပွားခဲ့သော အင်စိန် ရန်ကုန် မြို့ပတ်ရထား တွဲဆိုင်း တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များများ၏ နစ်နာမှုများအတွက် မြန်မာ့မီးရထားမှ အပြည့်အ၀ တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းမန်နေဂျာက ပြောသည်။

မီးရထားတွဲဆိုင်း တိမ်းမှောက်မှုကြောင့် မီးရထားရုံပိုင်တစ်ဦးအပါအ၀င် အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိခိုက်မှု ပြင်းထန်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ရာ ၄င်းတို့ နစ်နာမှုများအတွက် မြန်မာ့မီးရထားမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း ၄င်းက ပြောခြင်းဖြစ်သည်။

“အခုပဲ မြန်မာ့မီးရထားက တိုင်းဆရာဝန်ကြီးကို အရေးပေါ်ဌာနကို စေလွှတ်လိုက်ပါပြီ၊ လိုအပ်တာအားလုံး မြန်မာ့မီးရထားက တာဝန်ယူဖြေရှင်းသွားမှာပါ၊ ပျက်နေတဲ့ လမ်းပိုင်းကိုလည်း ချက်ချင်းပြင်ဆင်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

အင်းစိန်ဘူတာရုံမှ နေ့လည် တစ်နာရီအချိန်တွင် ထွက်ခွာလာသော အင်းစိန်-ရန်ကုန်မြို့ပတ်ရထား (ရထားအမည် တောင်ပြန်ရှစ်) သည် နေ့လည် ၁နာရီ ၅၅ မိနစ် အချိန်ခန့်တွင် ကမာရွတ်မြို့နယ် လှည်းတန်းဘူတာ အနီး မိုင်တိုင် ၅၅၊၅၆ အရောက်တွင် တွဲချော်မှု ဖြစ်ပွားပြီး နောက်ဆုံးတွဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ရထားတွဲ တိမ်းမှောက်မှုကြောင့် အင်းစိန်မီးရထားရုံပိုင် ဦးကျော်ဆွေသည် ခါးအောက်ပိုင်း ထိခိုက်မှု ရှိခဲ့ပြီး မျက်မြင်တွေ့ရှိသူများ ပြောပြချက်အရ ၄င်းကို တစ်ခြမ်းစောင်းလဲနေသည့် မီးရထားတွဲအောက်မှ ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရကြောင်း သိရသည်။

အခြားဒဏ်ရာရသူများဖြစ်သည့် ဦးကြည်ရှင်းနှင့် ကိုလှဦးတို့မှ ထိခိုက်မှု ပြင်းထန်ခြင်းမရှိသော်လည်း အသက် ၄၉ နှစ်အရွယ် ဒေါ်လီခင်မှာမူ ဦးခေါင်းပေါက်ပြဲပြီး ခြေထောက်နှစ်ဖက် ထိခိုက်မှု ရှိထားသဖြင့် စောင့်ကြည့်ရမည့် အခြေအနေရှိကြောင်း အခင်း ဖြစ်ပွားရာတွင် ရောက်ရှိနေသည့် မီးသတ်ဦးစီး တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးရထားတွဲ တိမ်းမှောက်ခြင်းနှင့်ပတ်သတ်ပြီး မည်သည့်လုပ်ကြံဖန်တီးမှု ကြောင့်မျှမဟုတ်ပဲ ရထားလမ်းကြံ့ခိုင်မှု အားနည်းနေခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော် ဗိုလ်မှုကြီး တစ်ဦးက သတင်းထောက်များကို ပြောသည်။

“သဘာဝကြောင့် ဖြစ်တာပါ။ရထားလမ်းက ကြံ့ခိုင်မှုတွေ ပြင်ဆင်သွားရမှာပါ” ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။

“ရထားလမ်းက မနက်ပိုင်းက မိုးရွာလို့ ရေကျော်ထားတာ၊ဇလီဖားတုံးတွေက ကွန်ကရစ်ပါသလို ဆွေးနေတဲ့ သစ်သားတွေလည်း ရှိနေတယ်။ကျွန်တော်မြင်တာကတော့ နောက်ဆုံးတွဲက ဆွေးနေပြီး ရေမြုပ်ထားလို့ အိနေတဲ့ ဇလီဖားတုံးကို နင်းမိတဲ့အချိန် အိကျသွားပြီး လမ်းချော်တော့ အဲ့တစ်တွဲလုံးလမ်းချောသွားပြီး တစ်ဖြည်းဖြည်းနဲ့ ညာဖက်ကို တိမ်းမှောက်သွားတာ၊ မှောက်တဲ့အရှိန်နဲ့ တွဲဆက်ပြုပ်သွားတော့ ရှေ့မှာရှိတဲ့ တွဲတွေကတော့ ဘာမှမဖြစ်လိုက်ဘူးပေါ့” ဟု အဆိုပါ တိမ်းမှောက်မှု ဖြစ်ပွားရာ လမ်းနဘေး နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

တိမ်းမှောက်သည့် တွဲပေါ်တွင် ခရီးသည် အရေအတွက် အတည့်အကျ မည်မျှပါသည်ကို သက်ဆိုင်ရာမှ ထုတ်ပြန်နိုင်ခြင်းမရှိသော်လည်း အဆိုပါရထားပေါ်တွင် ဈေးလိုက်လံရောင်းချနေသူတစ်ဦးကမူ ခရီးသည် နှစ်ဆယ်ဝန်းကျင်သာ ထိုတွဲပေါ်တွင် လိုက်ပါမှု ရှိလာသည်ဟု ပြောသည်။

“အဲ့ဒီတွဲဖက်ကျွန်တော်ရောက်သွားပါတယ်။ခရီးသည် သိပ်မပါဘူး။နှစ်ဆယ်တောင် မပြည့်လောက် ဘူး။ ရှေ့တွဲတွေမှာတော့ ပြည့်နေတယ်၊ရှေ့တွဲတွေပါ ပါလိုက်ရင် အခြေအနေက တော်တော်ဆိုးမှာ” ဟု အဆိုပါရထားပေါ်တွင် ဈေးရောင်းချနေသူ တစ်ဦးက ပြောသည်။

ယခုရထားတွဲ တိမ်းမှောက်မှုကို ကမာရွတ်ရဲစခန်းအနေဖြင့် အမှုဖွင့်ရန် အနေအထားမရှိကြောင်း ကမာရွတ်မြို့နယ် ရဲစခန်း စခန်းမှုးက ပြောသည်။ဖြစ်စဉ်တွင် တာဝန်ရှိသူများဖြစ်သည့် ဂါတ်ဗိုလ်မင်းမင်းဦး နှင့် တွဲထိန်း မင်းမင်းထွန်းတို့ကို လတ်တလောတွင် ထိန်းသိမ်းထားကြောင်း မီးရထားဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း.. နေလင်း၊ ရန်နိုင်(မြစ်မခ)

မြန်မာပြည်တွင်း လေယာဉ်များယနေ့ချိန်ထိ ပြည်သူများအတွက် လုံးဝ စိတ်မချရသေးပါဘူး..။

ရန်ကုန်-မန္တလေး ခရီးစဉ်သွား Air Bagan ပိုင် လေယာဉ်တစ်စင်း ပျံသန်းနေစဉ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သည့် အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လှည့်ကာ စက်ပိုင်းဆိုင်ရာပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိပါသည်။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၀ရက်နေ့ နံနက် ၈ နာရီ၌ flight နံပါတ် 011 ဖြင့် ထွက်ခွာလာသည့် Air Bagan ၏ ရန်ကုန်-မန္တလေး ခရီးစဉ်တွင် ထွက်ခွာပြီး နာရီဝက်ခန့်အကြာ၌ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး ပြင်ဆင်ရန် ရန်ကုန်လေဆိပ်သို့ ပြန်လည် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"လေယာဉ်စထွက်ပြီး နာရီဝက်လောက်အကြာမှာ ခရီးသည်တွေရဲ့ ခေါင်းပေါ်မှာထားတဲ့ အရေးပေါ်သုံး အသက်ရှုကိရိယာတွေ ကျလာပါတယ်။ အဲယားကွန်းလည်း ပျက်သွားပုံရပြီး တဖြည်းဖြည်း အသက်ရှု ကျပ်လာတယ်။ ဒါနဲ့ လေယာဉ်မှူးကနေ လေဖိအားပိုင်းနဲ့ ပတ်သက်တဲ့ ပြသာနာရှိလို့ ရန်ကုန်ကို ပြန်လှည့်မှာဖြစ်ပြီး စိုးရိမ်စရာ မရှိဘူးဆိုပြီး ကြေညာပါတယ်။ ရန်ကုန်ပျံတဲ့အချိန်မှာ တချို့ကလေးငယ်တွေ၊ အမျိုးသမီးတွေကို ယပ်တောင်နဲ့ လေရအောင် ခတ်ပေးနေရတယ်။ ခရီးသည် တော်တော်များများလည်း နားအူတာကို ဆိုးဆိုးရွားရွား ခံစားရတယ်"ဟု အဆိုပါခရီးစဉ်ဖြင့် လိုက်ပါကာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ စာရေးဆရာ စိုးဘားဒိုင်က ပြောပြခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် ပါဝင်သည့် ခရီးသည်များအား ဖော်ကာလေယာဉ် နှစ်စင်းဖြင့် သွားရောက်လိုသည့် ခရီးစဉ်များကို ပို့ဆောင်ပေးခဲ့ကြောင်း Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ သြဂုတ်လ အတွင်း လှုပ်ရှားမှုများ..

NLD Activities on August, 2011

The Lady on the Lake - Burma

ဗိုလ်ချုပ်ကြီးများ ပြုပြင်ပြောင်းလဲလာအောင် ရှင်သန်ရပ်တည်ရေးကိစ္စက တွန်းအားပေး ထိန်းကျောင်း

(Reuters သတင်း မှ 26 Aug 2011 ရက်စွဲပါ “Survival steers Myanmar Generals towards reform” သတင်းဆောင်းပါးကို Y C မှဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အိမ်တွင်းပုန်း သက်ဦးဆံပိုင် အာဏာရှင်အုပ်ချုပ်သူများထံမှ အလယ်အလတ် လမ်းစဉ်နှင့် ပြုပြင်ပြောင်းလဲမှုကို ဦးတည်သည့် ရှားရှားပါးပါးစတင်လုပ်ဆောင်မှုများက အထီးကျန်အပယ် ခံနိုင်ငံတွင် ပြောင်းလဲရေးအတွက် ယနေ့စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။

မြန်မာအရပ်ဖက် အစိုးရသစ်ထံမှ စေ့စပ်ညှိနှိုင်းရေး အချက်ပြမှုများ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ကမ္ဘာ့ အလျှို့ဝှက်ဆုံး၊ အဂတိ လိုက်စားမှု အများဆုံး၊ အဖိနှိပ်ဆုံး အာဏာရှင် အစိုးရများထံမှ တစ်ခုအပါအဝင်ဖြစ်သော မြန်မာအစိုးရကို လွန်ခဲ့သော ၅ လကမှ ထိန်းချုပ်ခဲ့ကြသည့် ဗိုလ်ချုပ်ကြီး များ၏ ရည်ရွယ်ချက်အမှန်နှင့် ပတ်သက်၍ မေးစရာများ ရှိလာခဲ့သည်။

မနှစ်ကရွေးကောက်ပွဲများအပြီး အာဏာကို တရားဝင်ပြန်လည်ချုပ်ကိုင်ခဲ့ကြသော အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများက ယခုအခါ ပြုပြင် ပြောင်းလဲရေးကို ဦးတည်သည့် လှုပ်ရှားမှု အချို့ ပြုလုပ်လိုကြောင်း ပြသလာခြင်းသည် ၎င်းတို့၏ ရှင်သန်နိုင်ရေးအတွက် အဓိက ဖြစ်ဖွယ် ရှိသည်ဟု မြန်မာနိုင်ငံအတွင်း အင်တာဗျူးလုပ်ခဲ့သော သံတမန် များ၊ နိုင်ငံရေးအကဲခတ် များနှင့် မြန်မာများစွာက ပြောကြားခဲ့ကြသည်။

မနှစ်က ရွေးကောက်ပွဲများ ပြီးစီးချိန်အထိ ထိန်းသိမ်းခံရပြီးမှ လွတ်မြောက်လာခဲ့ရသူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သီတင်းပတ်တွင် သမ္မတသစ် ဦးသိန်းစိန်က တရားဝင် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆိုခဲ့ သော်လည်း “ထိုးဇာတ်” တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြသည်။

၁၉၈၈ ခုနှစ်က ကျောင်းသားအရေးတော်ပုံအပြီး ချမှတ်ထားခဲ့သည့် အနောက်နိုင်ငံ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာ့တပ်မတော် အာဏာရှင် ခေါင်းဆောင်များကို ခွဲခြားပစ်ပယ်ထားခဲ့သလို ယခု အရပ်ဖက်အစိုးရကိုလည်း ဆက်လက်၍ အနှောင့်အယှက်ပေးလျက်ရှိသော်ငြားလည်း မြင်သာ ခိုင်မာသော ပြုပြင်ပြောင်းလဲမှုများ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ လွှတ်ပေးရေးကို လုပ်ဆောင်ပြသခြင်း မရှိသရွေ့ ပိတ်ဆို့မှုများကို ရုတ်သိမ်း ပေးမည့် လက္ခဏာ မရှိပါ။

“ဖြစ်ပျက်နေတာတွေကို ကြည့်ရင်တော့ မြန်မာအစိုးရက သူတို့ကိုယ်သူတို့ တရားဝင်တယ်၊ စစ်မှန်တယ်၊ ဒီမိုကရေစီကို ဖွံ့ဖြိုးအောင် လုပ်နေ တယ် ဆိုတာ ပေါ်လွင်နိုင်ဖို့ ကြိုးစားနေတဲ့ ပုံပါပဲ” ဟု ပြောကြားသူမှာ London’s School of Oriental and Africa Studies မှ မြန်မာ့ရေးရာ ကျွမ်းကျင် သူ Michael Charney ဖြစ်သည်။

“ကျွန်တော်ကတော့ လတ်တလောဖြစ်ရပ်မှန်သမျှကို ဒီမိုကရေစီကို ဦးတည်ပြီး အပြု သဘောဆောင်တဲ့ ခြေလှမ်းလို့ မယူဆပါဘူး၊ ရေရှည် ထိန်းချုပ် ဖို့ မျှော်လင့်ထားတဲ့ လက်ရှိ အာဏာချုပ်ကိုင်ထားသူတွေ၊ မိသားစုတွေရဲ့ အနေအထားကို ချောမွေ့ခိုင်မာအောင် လုပ်တဲ့သဘောလို့ပဲ ယူဆပါ တယ် ” ဟု ၎င်းက မှတ်ချက်ပေးသည်။

တပ်မတော်အစိုးရ၏ အာဏာခိုင်မြဲရေးလုပ်ငန်းစဉ်ကို စတင်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း နိုင်ငံ၏ အမြတ်အစွန်းကြီးမားသော ကန်ထရိုက် များ၊ စီးပွားရေးလုပ်ငန်းများ၊ မြေယာ၊ အဆောက်အအုံများကို အစိုးရနှင့် ဝေမျှစားဖက်ရောင်းရင်းများက လက်သိပ်ထိုးလက်ဝါးကြီးအုပ် ရယူ ခဲ့ကြသည့် ရှင်းရှင်းလင်းလင်း မရှိသော ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် နိုင်ငံပိုင်လုပ်ငန်းများစွာကို အပြောင်ရှင်းရောင်းချချိန် ၂၀၀၉ နှစ်ကုန်ပိုင်းတွင် ပို၍ အရှိန်မြှင့်လာခဲ့ခြင်း ဖြစ်သည်။

အထက်ပါ အပြောင်ရှင်း ရောင်းချမှုကို တပ်မတော်နောက်ခံ USDP ပါတီ အနိုင်ရသည့် ဂရုတစိုက် အကွက်ချ ဖန်တီးထားသော နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ကြိုတင်လုပ်ဆောင်ခဲ့ကြသည့် ယခင်တပ်မတော်အစိုးရ၏ နံပါတ် (၄) အဆင့်ရှိသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို နိုင်ငံတော် သမ္မတအဖြစ် လွှတ်တော်က ရွေးချယ်ပေးခဲ့ပြီး သူက ဆက်လက်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ရွေးချယ်ခန့်အပ်ခဲ့သည်ဟု ဆိုသည်။

အပယ်ခံ အနေအထား

ယခင်က အင်ဒိုနီးရှားတွင် တွေ့မြင်ခဲ့ရပြီး ယခုအခါ ထိုင်နိုင်ငံတွင် အမြစ်တွယ်နေသည့် နိုင်ငံရေး၊ စီးပွားရေး။ စစ်တပ်တို့ အမြွှာပူးသဖွယ် အနီးကပ်ဆက်နွယ်မှုကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ရွေးကောက်ပွဲနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း အစီအစဉ်များက ဒီမိုကရေစီနှင့် အလယ်အလတ် ပြောင်းလဲခြင်း ဟန်ပန် ထွက်အောင် ဖန်တီးပေးထားပြီး အာဏာကိုသေချာစေခြင်း၊ တပ်မတော်နောက်ခံ အဖွဲ့အစည်းလက်ထဲသို့ စီးပွားဥစ္စာနှင့် ကူညီမှု ရန်ပုံငွေများ စုပြုံ ရောက်ရှိသွားစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။

မြန်မာနိုင်ငံသည် ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်ပြထားသော်ငြားလည်း နိုင်ငံ၏ အုပ်ချုပ်သူအလွှာကို တင်းတင်းကြပ်ကြပ် ဒဏ်ခတ်ထားသည့် အနောက်နိုင်ငံ အရေးယူမှု အစီအစဉ်များက ပိတ်ဆို့ထားသော အပယ်ခံ အထီးကျန်နိုင်ငံ ဖြစ်နေဆဲပင်ဖြစ်သည်။

အစိုးရက ပြုပြင်ပြောင်းလဲမှုများအကြောင်း ထုတ်ဖေါ် ပြောဆို လာအောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအောင် ပိုမို ပွင့်လင်းသည်းခံ လာသည့် ပုံစံ ပေါ်လွင်အောင် ကြိုးစားရန် ၎င်း (အစိုးရ) ၏ ရောင်းရင်း အပေါင်းအသင်းများက အကြံပေးလမ်းညွှန်ဖွယ် ရှိသည်ဟု အချို့က ဆိုသည်။

စီးပွားရေး အင်အားကြီး တရုတ်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာမြောက် ကြားညှပ်တည်ရှိကာ သဘာဝဓါတ်ငွေ့၊ ကျွန်းနှင့် သစ်မာ၊ ကျောက်မျက် ရတနာများ ကြွယ်ဝသော နိုင်ငံ၏ ဆင်းရဲနွမ်းပါးသော ပြည်သူ သန်း ၅၀ အပေါ် ထောက်ထားကာ အရေးယူဒဏ်ခတ်မှုများ ရုတ်သိမ်း ပးရန် သီးခြားစီ စည်းရုံးလုပ်ဆောင်နေကြသည့် နိုင်ငံစုံ ကုမ္ပဏီကြီးများနှင့် အတူ အနောက်နိုင်ငံအစိုးရများကလည်း လက်ရှိ အခြေအနေကို စောင့်ကြည့် လျက် ရှိကြသည်။

အစိုးရက လတ်တလော ပြသလိုက်သည့် လက္ခဏာများတွင် ခွဲထွက်ရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးရေး၊ ပညာရှင်များ၊ နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့များကို သမ္မတ က တွေ့ဆုံခြင်း၊ ပြစ်တင် ဝေဖန်မှုကို အနည်းငယ်သည်းခံလိုက်လျောလာခြင်း၊ ပြန်လည် သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကိစ္စ အပေါ် တိုင်ပင်ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ခြင်း စသည်တို့ ပါဝင်သည်။

အခြား လက္ခဏာ တစ်ခုမှာ အနောက်နိုင်ငံမီဒီယာများကို တိုက်ခိုက်သည့် စာတမ်းများကို စာမျက်နှာ ထက်ဝက်မျှ နေ့စဉ်ဖေါ်ပြပေးနေသည့် နိုင်ငံပိုင် သတင်းစာများမှ ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။

ရန်ကုန် အခြေစိုက် သံတမန်များက အစိုးရ၏ ပြောင်းလဲရေးလေသံ ထွက်လာခြင်းကို အံ့အားသင့်မိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြသော်လည်း ပိုမို အဓိကကျ၍ ကြီးမားသော ပြောင်းလဲ တိုးတက်မှုများ ကို မြင်တွေ့လိုသည်ဟု ပြောကြားကြသည်။

အနောက်သံတမန်တစ်ဦးက “ယခုအချိန်အထိတော့ မဆိုးပါဘူး၊ ဆက်လက် ပြောင်းလဲတိုးတက်မှုနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အကောင်း ဖက်က မြင်တယ်လို့ ဆိုနိုင်ပေမယ့် စောင့်ကြည့်ရဦးမှာပါ” ဟု မှတ်ချက်ပေးသည်။

လွှတ်တော်အမတ်များကြားတွင်လည်း အလားတူ သုံးသပ်လျက် ရှိသည်။ ပါတီအာဘော်နဲ့ မဆိုင်ဘဲ လွှတ်တော်အမတ်တွေရဲ့ ပုဂ္ဂလိက မှတ်ချက်ကတော့ အခြေအနေဟာ အရင်ကထက်ပိုပြီး အကောင်းဖက်ကို ရောက်လာနေတယ်ဆိုတဲ့ အချက်ပါပဲဟု ပြောကြားသူမှာ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ ခေါင်းဆောင် လွှတ်တော်အမတ် ဦးအေးမောင် ဖြစ်သည်။

ယခု အပြောင်းအလဲများကို သမ္မတ ဦးသိန်းစိန်က သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခြင်းလား (သို့) သူ၏ ဆရာဖြစ်သူ အာဏာစက် ပြင်းသော၊ ယခင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခိုင်း၍ ပြုလုပ်ခြင်းလား ဆိုသည့် အချက်မှာမူ သဲကွဲစွာ မသိကြရပါ။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုကို ဗြိတိန်နိုင်ငံခြားရေးဌာနက ကြိုဆိုလိုက်သလို ပွင့်လင်းမြင်သာသော ဆွေးနွေးမှုဖြင့် တွေ့ဆုံမည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ကို ထောက်ခံသည်ဟု ဝါရှင်တန်က ထုတ်ဖေါ်ပြောကြားလိုက်သည်။

စေ့စပ်ညှိနှိုင်းရေး အချက်ပြမှုကို လက်ခံကာ အခွင့်အလမ်းကို ဖမ်းဆုပ်ခြင်းသည် အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်ခြင်းပင် ဖြစ်သည်ဟု ကုလ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောကြားခဲ့သည်။

လက်ခံရေးအတွက်တွန်းအား

မြန်မာအစိုးရသည် ၎င်းတို့ မရှုံးနိမ့်လိုသည့် နောက်တစ်ကြိမ် ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အလို ၂၀၁၄ တွင် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ လုပ်ခွင့်ရရေးအတွက် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံကို စည်းရုံးရန် ကြိုးစားနေခြင်းသာ ဖြစ်သည်ဟု ယုံကြည်ကြောင်း Harvard University မှ မြန်မာ နိုင်ငံရေးသိပ္ပံ ပညာရှင် ဦးဝင်းမင်းက ပြောကြားသည်။

အာဆီယံ အိမ်ရှင်ဖြစ်ရေးသည် အရေးကြီးသည်ဟု အစိုးရက ယူဆရသည့်အကြောင်းမှာ အရေးယူဒဏ်ခတ်မှု Sanctions များ လျှော့ပေါ့ခြင်း၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများထံမှ အကူအညီရ လာနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေမည့် နိုင်ငံတကာ လက်သင့်ခံမှု အနေအထားတစ်ရပ်ကို ကိုယ်စားပြု နေခြင်းတို့ကြောင့် ဖြစ်ကြောင်း ဦးဝင်းမင်းက သုံးသပ်ပြောကြားသည်။

တစ်နှစ်အတွင်း ၂၀% တန်ဖိုးတက်ကာ လယ်သမားများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ဘဏ်ချေးငွေ မဆပ်နိုင်သော လုပ်ငန်းများကို များစွာ ထိခိုက် နစ်နာစေခဲ့သည့် ကျပ်ငွေပြဿနာကို မည်သို့ကိုင်တွယ်မည် ဆိုသည့်အပေါ် တိုင်ပင်ဆွေးနွေးရန် အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကိုယ်စားလှယ် အဖွဲ့ကို အောက်တိုဘာလတွင် လာရောက်ရန် မြန်မာအစိုးရက ဖိတ်ခေါ်ထားပြီး ဖြစ်သည်။

လအတန်ကြာ မလှုပ်ရှားမှုကြောင့် စောင့်ကြည့်သူတို့ ဒေါသများ ဆူဝေလာချိန်တွင် အစိုးရက ပို့ကုန်လုပ်ငန်းများကို အခွန်လျှော့ပေးခြင်း၊ စိုက်ပျိုးရေး ချေးငွေ ထုတ်ပေးရန် ကတိပြုခြင်း၊ သန်းပေါင်းများစွာသော လယ်သမားများကို ဈေးနှုန်းအာမခံခြင်းတို့ ပြုလုပ်ခြင်းသည် “နေ့စဉ် စားဝတ်နေ ရေး ကိစ္စအပေါ် အကိုင်အတွယ် မှားသွားပါက ၁၉၈၈ နှင့် ၂၀၀၇ ကဲ့သို့ သွေးမြေကျ အရေးတော်ပုံများ ထပ်ဖြစ်ပွားနိုင်သည်” ကို စိုးရိမ်ပူပန်နေခြင်း ဖြစ် ကြောင်း ညွှန်ပြနေသည်။

ဝါရှင်တန် Georgetown University မှ မြန်မာ့ရေးရာ အကဲခတ် David Steinberg က ပြောကြားသည်မှာ “အထူးသဖြင့် နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးခြင်းကဲ့သို့သော သိသာထင်ရှားသည့် အလျှော့ပေးမှုများ မရှိခြင်းသည် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုတို့ မကြာမီအတွင်း ပေါ်ထွက် လာရန် မရှိဟု ဆိုလိုရာ ရောက်သည်” ဟူ၍ ဖြစ်သည်။

သို့သော်လည်း ယခု ပြသသည့် လက္ခဏာများမှာ အရေးကြီးသည့် အချက်ပြမှု များ ဖြစ်သောကြောင့် မြန်မာအစိုးရအား သူကိုယ်တိုင် သက်သေ ပြဖို့ အခွင့်အရေးပေးရမည်ဟု Steinberg က ပြောကြားသည်။

ကျွန်တော်တို့ မြင်နေရတဲ့ ပြောင်းလဲမှု အလားအလာဟာ အရင်တုန်းက မမြင်ဘူးခဲ့တဲ့အရာတွေ ဖြစ်ပါတယ်၊ ဒါကို ဟန်ဆောင်ပြောင်းလဲမှုလို့ ယူဆသူတွေဆီက သဘောကွဲလွဲဝေဖန်မှုတွေ အများကြီးရှိပါလိမ့်မယ်၊ ဒါပေမယ့် ဒီကိစ္စဟာ ဟန်ဆောင်လှည့်စားမှုလို့ ဆိုဦးတော့၊ အမှန်တကယ် ဖြစ်လာ နိုင်တဲ့ အလားအလာကိုတော့ ကျွန်တော်တို့ အနည်းဆုံး ပွင့်လင်းစွာ လက်သင့်ခံရမှာပါ” ဟု Steinberg က ပြောကြားလိုက်သည်။

KNUခေါင်းဆောင် မန်းငြိမ်းမောင်ကို မြန်မာအစိုးရ ဖမ်းမိ



ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပို့ဆောင်လိုက်သဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း မိသားစုဝင်များ၊ လုပ်ဖော် ကိုင်ဖက်များက ပြောသည်။မန်းငြိမ်းမောင်သည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ပြည်ဝင်ခွင့် မပြုဘဲ တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း၊ တရုတ်အာဏာပိုင်များက သူ့ကို ကူမင်းလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယခင်လက ရန်ကုန်သွားမည့် လေယာဉ်တစီးဖြင့် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မန်းငြိမ်းမောင်၏ သားကြီးဖြစ်သူက “အဖေ့ သတင်းကြားရတာ သိပ်မကောင်းဘူး၊ ကျနော်တို့ နောက်ဆုံးသိရတဲ့ သတင်းက အဖေ မြန်မာထောက်လှမ်းရေးလက်ထဲ ရောက်သွားပြီလို့ ကြားသိရတယ်” ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီကို ပြောသည်။

မန်းငြိမ်းမောင်သည် ထိုင်းမြန်မာနယ်စပ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက မန်းငြိမ်းမောင်သည် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲများနှင့် ပတ်သက်၍ သွားရောက်လေ့လာခဲ့သေးကြောင်း စစ်ရေး လေ့လာသူများ အဆိုအရ သိရသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC)တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

KNU တာဝန်ရှိသူများကလည်း မန်းငြိမ်းမောင်၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်သည်ဟု ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သည့် သူ့မိသားစုဝင်များက ပြောသည်။

မန်းငြိမ်းမောင် မြန်မာပြည်တွင် အဖမ်းခံရပါက သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အကြီးအကျယ် နှိပ်စက်ခံရဖွယ်ရှိသည်ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဆိုသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည်အကျဉ်းစခန်း၊ ထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။

ကိုကိုးကျွန်းအကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့သည်။ သို့သော်လည်း ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။

ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း မန်းငြိမ်းမောင် ပါဝင်ခဲ့သည်။

သတင်း...သန်းထိုက်ဦး (Burma Freedom )

စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်


















စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်

ကမ္ဘာမြေပြင်သို့ ရောက်လာခဲ့ပြီးသည့်နောက် အမျိုးမျိုး အဖုံဖုံ ဝေဖန်ရှုံ့ချ ကဲ့ရဲ့ပြစ်တင် တိုက်ခိုက်ထိုးနှက်ခြင်း လောကဓံတွေအကြား လူးလိမ်ရုန်းကန် လောင်မြိုက်ခြင်းတည်း ဟူသော သောကပင်လယ်အကြား မှတ်ကျောက်အတင်ခံပြီး ကျောခြင်းကပ် ရင်ခြင်းအပ် ကြံ့ကြံ့ခံကာ လူသားတို့အတွက် လူပီသစွာ မေတ္တာတရားကို လက်ကိုင်ပြုပြီး သီလလုံစွာ ပေးဆပ်ခဲ့သော သူမနှင့် ကျွန်တော်တို့ဖြတ်သန်းခဲ့သော နှစ်ပေါင်း (၃၀) တိတိနေ့ (သို့) ပုလဲရတုနေ့မြတ်ကို ၃၁.၈. ၂၀၁၁ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကျင်းပပြု လုပ်ခဲ့သည်။

ယင်း ပုလဲရတုနေ့မြတ်တွင် ကျွန်တော်တို့နှင့် လက်တွဲဖော်လက်တွဲဖက်၊ ရဲဘော်ရဲဖက်များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ အပေါင်းအသင်း မိတ်ဆွေများ၊ အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ မိဘဖြစ်သူ ဦးစိန်တင် + ဒေါ်မြသန်းနှင့် ဆွေမျိုးသားချင်းများ စုံညီစွာ တက်ရောက်အားပေးကြ သည်။ OK ရှမ်းအိုးစည် တီးဝိုင်းအဖွဲ့မှလည်း မေတ္တာဖြင့် လာရောက်တီးခတ် ဖျော်ဖြေကာ သီးစုံ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင်ဟင်းချိုနှင့် ရေခဲမုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ မင်္ဂလာနေ့မြတ် အထိမ်းအမှတ်အဖြစ် အသည်းပုံကိတ်မုန့်၊ ပုလဲလုံးလေးများ စီရီထားသော ကိတ်မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ကျော်သူ + ရွှေဇီးကွက်တို့၏ ရဲဘော်ရဲဖက်၊ မိတ်ဆွေ တစ်ချို့၏ ပုလဲရတုနေ့မြတ်အဖြစ် ဂုဏ်ပြုရေးသားထားသော ကဗျာ၊ စာသားတချို့ဖြင့် အမှတ် တရများ ရေးသားပေးခဲ့ကြသည်။ ထို့အပြင် ကြွရောက်လာကြသော အနုပညာရှင်များဖြစ်သော ဦးဝင်းငြိမ်း၊ ဦးရဲလွင်၊ ကိုနေ၀င်း၊ အနဂ္ဂ၊ သံသာဝင်း၊ မေခလာ၊ မင်းထင်ကိုကိုကြီး၊ မင်းလူ၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မသီတာ (စမ်းချောင်း)၊ ကိုမျိုး (မြန်မာစာ)၊ ကိုမြတ်ဆွေ၊ မိုက်တီးတို့မှ နှုတ်ခွန်းဆက် မင်္ဂလာစကားများကို ပြောကြားပေးခဲ့သည်။ ယင်းအခမ်းအနားတွင် အသည်းပုံ ကိတ်မုန့်ကိုလှီး၍ မည်သူကပို၍ချစ်ကြောင်း ပြသရန် ဆရာမ ဒေါ်သန်းမြင့်အောင်မှ တောင်းဆိုမှု ကြောင့် ကိုကျော်သူသည် အသည်းပုံကိတ်မုန့်ကို မလှီးရက် ကြောင်းဟုပြောဆိုကာ ရွှေဇီးကွက်၏ ပါးပြင်အား အနမ်းဖြင့် မည်မျှချစ်ကြောင်း သက်သေပြလိုက် သည့်အတွက် ပရိသတ်များ ပွဲကျကာ လက်ခုပ်လက်ဝါးများ တီးခတ်၍ သြဘာပေးခဲ့ကြသည်။ ဧည့်ပရိသတ်များ နှုတ်ခွန်းဆက်၍ ပြန်လည်ထွက်ခွာသွားချိန်တွင် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၏ ဂုဏ်ပြု သီဆိုပေးထားသော “စည်းခြားမရ နိုင်သူ” သီချင်းအား ကျော်သူ + ရွှေဇီးကွက်တို့ ငယ်စဉ်သမီး ရည်းစားဘ၀မှ ယခုအချိန်ထိ အနှစ် (၃၀) ဖြတ်သန်းခဲ့သော ပုံရိပ်လွှာများဖြင့် ဖော်ကျူးထားသော DVD အချပ်အား လက်ဆောင်အဖြစ် ၄င်း၊ အနှစ် (၃၀) ပြည့် အထိမ်းအမှတ်ထုတ်ထားသော T-Shirt အင်္ကျီအား အမှတ်တရအဖြစ် ပြန်လည်၍ ပေးအပ်ပါသည်။

နေ့လည်ပိုင်းတွင် အသင်းသူ/သားများနှင့် ၀န်ထမ်းများအား ဦးကျော်သူမှ ပန်းပေါင်းစုံ မြတ်စွာဘုရား (၃) ဆူအား မဲဖောက်၍ ကုသိုလ်ပြုခဲ့ကာ ပုလဲလုံးလေးများ စီရီထားသောကိတ်မုန့် အား အသင်းသူ/သားများအား ကျွေးမွေးကာ အနှစ် (၃၀) ပြည့် ပုလဲရတု အမှတ်တရအဖြစ် စုပေါင်း၍ မှတ်တမ်းဓါတ်ပုံကို ပျော်ရွှင်စွာရိုက်ကူး၍ အခမ်းအနားအား အဆုံးသတ်ခဲ့ပါသည်။

31 August 2011

မသမာမှုများကြောင့် မလေးရှားသံရုံး မဲစနစ်ဖြင့်သာ ဗီဇာထုတ်ပေးတော့မည်

မလေးရှား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့ဗီဇာ လျှောက်ထားရာတွင် မသမာမှုများရှိနေသောကြောင့် မလေးရှားသံရုံးမှသာ မဲနှိုက်သည့်စနစ်ဖြင့် တိုက်ရိုက် ကိုင်တွယ် ထုတ်ပေးသွားတော့မည် ဖြစ်ကြောင်း မိုးယံပြည်ပ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီမှဒါရိုက်တာ ဦးကျော်ထင်ကျော်က ပြောသည်။

ယခုနှစ်မတ်လမှစ၍ မလေးသံရုံးအနေဖြင့် တစ်နေ့လျှင် အလုပ်သမားဗီဇာအားလူ ၂ဝဝ အထိသာ ကန့်သတ်ထုတ်ပေးခဲ့ပြီး ကုမ္ပဏီတစ်ခုလျှင် လူ ၁၅ ဦးနှုန်း သတ်မှတ်ခဲ့သည့်အတွက်အေဂျင်စီများမှာ ဗီဇာရရှိရန် ညအိပ်စောင့်ဆိုင်း ယူရသည်အထိ ဖြစ်ခဲ့သည်။ ယင်းသို့ အဆင်မပြေမှုများကြောင့် ဇွန်လအတွင်းကုမ္ပဏီများ တွေ့ဆုံညှိနှိုင်းကာ သံရုံးပြင်ပ၌ မဲနှိုက်ပြီး မဲပေါက်သည့်ကုမ္ပဏီများမှာ ရက်အလိုက် အလှည့်ကျဗီဇာရယူရန် စီစဉ်ဆောင်ရွက်ခဲ့ရာမှ အဆိုပါ ပြဿနာများ ပေါ်ပေါက်လာ ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

”အားလုံးအဆင်ပြေအောင်လို့ ကုမ္ပဏီကြီးတွေက တမင်ခေါင်းခံပြီး ဒီစနစ်ကိုလုပ်ခဲ့တာ။ မမှန်မကန် လုပ်စားနေသူတွေကို သိပေမယ့်ငဲ့ညှာပြီး နေခဲ့ကြတာပါ။ အခုကတော့ ပေါက်မဲတုံကင် ရောင်းစားတာ၊ လိုင်စင်မရှိဘဲ သူများကုမ္ပဏီအတွက် ပွဲစားပုံစံနဲ့ အုပ်စုလိုက်လုပ်စားနေတာတွေကို သံရုံးမှာတိုင်ကြားမှုတွေ ရှိလာတဲ့ အတွက် အေဂျင်စီအားလုံးကိုခေါ်ပြီး သူတို့ တရားဝင်အသိပေးတယ်။ သူတို့ကိုယ်တိုင် မဲစနစ်နဲ့ စိစစ်ဆောင်ရွက် သွားတော့မှာပါ”ဟု ၄င်းကရှင်းပြသည်။

ယင်းကိစ္စအား ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် မလေး ရှားသံရုံးနှင့် တရားဝင်မှတ်ပုံတင် ချိတ်ဆက်ထားသော လိုင်စင်ရအေ ဂျင်စီ ၉၃ ခုအား ဖိတ်ကြားကာ အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ ၂ဝ၁၁ ခု၊ စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ အပတ်စဉ် သောကြာနေ့တိုင်း မလေးသံရုံး၌ ကုမ္ပဏီ ၈ဝ တက်ရောက်မဲနှိုက်ခွင့် ရမည်ဖြစ်ပြီး တစ် ရက်လျှင် ကုမ္ပဏီ ၂ဝ နှင့် ကုမ္ပဏီတစ်ခုလျှင် လူ ၂၅ ဦးနှုန်းဖြင့် ဗီဇာတိုးမြှင့်ထုတ်ပေးသွားမည်ဖြစ် ကြောင်း ၄င်းထံမှ သိရသည်။ သို့ရာတွင် ကုမ္ပဏီများအနေဖြင့် ၄င်း တို့လျှောက်ထားမည့် လုပ်သားများ နှင့် ပတ်သက်သည့်အလုပ်ခေါ်စာ (Calling) ၊ မလေးပြည်ထဲရေးဝန် ကြီးဌာနမှ နိုင်ငံခြားသားလုပ်သား ခေါ်ယူခွင့်ပြုစာ (KDM) စသည့်လိုအပ်သော အထောက်အထားအစစ် အမှန်များ ပြည့်စုံစွာတင်ပြနိုင်မှသာ မဲနှိုက်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

”တကယ် ကောင်းပါတယ်။ ဘယ်သူမှ မမှန်မကန်လုပ်လို့ မရတော့ဘူး။ ကျွန်တော်တို့အတွက် လည်း ပိုပြီးအသက်ရှူချောင်သွားမယ်။ အခုက တစ်ရက်ကိုမှ လူ ၂ဝဝ ပဲ ပေးတာ။ အဲဒီအချိန်ဆို တစ်ရက်ကို လူ ၅ဝဝ အထိ ရလာ တော့မယ်။ နောက်ပိုင်းမှာ သံရုံးကလည်း လိုအပ်တဲ့ဝန်ထမ်းအင်အား ထပ်ဖြည့်ပြီး တစ်နေ့ကို အလုပ်သမား ဗီဇာ ၈ဝဝ လောက်အထိ ပေးဖို့မှန်းထားတယ်လို့ ပြောပါတယ်။ ဒီအတိုင်းဆို အခြေအနေတွေ ပြန်ကောင်းလာနိုင်ပါတယ်” ဟု ၄င်းကသုံးသပ်သည်။

ထို့အပြင် ယင်းစနစ်အကောင် အထည်ပေါ်လာပါက လက်ရှိတွင် နေ့စဉ်အလှည့်ကျ တန်းစီစောင့် ဆိုင်းရသော အေဂျင်စီဝန်ထမ်းများ အတွက်လည်း အဆင်ပြေ သွားမည် ဖြစ်ကြောင်း ၄င်းက ”သူတို့လည်း တော်တော်ပင်ပန်း ကြပါတယ်။ ငါးလနီးပါးကို နေ့တိုင်းသွားရတယ်။ တစ်ခါတလေ ညလုံးပေါက် မအိပ်ရဘူး။ လူအလဲအလှယ် နဲ့ တောက်လျှောက် ဒုက္ခခံခဲ့ကြရတာလေ။ ခု စီစဉ်တဲ့အတိုင်းသာဆို သူတို့အတွက်လည်း အိုကေသွားပြီ”ဟု ထပ်လောင်းဆိုသည်။

လက်ရှိအချိန်တွင် မလေးရှားမှ လုပ်သားခေါ်ယူမှုများ ရှိနေသော်လည်း နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများ ကျဆင်းမှုနှင့် ငွေကြေးကျပ်တည်းမှုများကြောင့် သွားရောက် လိုသူ နည်းပါးလျက်ရှိကြောင်း သိရသည်။

”ပြဿနာက တစ်ခုမဟုတ် တစ်ခု ကြုံနေရတာပဲ။ ဒီမှာ သွား ချင်သူတွေပြုံကျပြီဆိုမလေးဘက် အလုပ်ခေါ်စာရတာနဲ့၊ ခေါ်ယူခွင့်ပြုစာ မကျတာနဲ့၊ ဗီဇာမရသေးတာနဲ့။ အခုလိုချင်ပြန်တော့လည်း ဒီမှာ သွားချင်တဲ့သူ ရှားနေပြန်ရော။ အဓိကကတော့ကျပ်ငွေက တန်ဖိုး မြင့်လာတယ်သာပြောတာ လက် ထဲမှာ ငွေမရှိကြဘူး။ မလေး ထွက်တဲ့အများစုက ချေးငှားပြီး လုပ်ကြတဲ့ သူတွေလေ။ အရင်လို မြန်မြန်ဆန်ဆန် မထွက်ရတဲ့ အခါကျတော့ သူတို့ အကြာကြီး မစောင့်နိုင်ကြတော့ဘူး။ ဒီမှာပဲ ရရာဝင်လုပ်ကုန်ကြတယ်” ဟု ယင်းပုဂ္ဂိုလ်က ပြောသည်။

၎င်းအပြင် မလေးရှားနိုင်ငံ တွင် ဇူလိုင်လမှစကာ တရားမဝင် နိုင်ငံခြားသားလုပ်သားများအား လွတ်ငြိမ်းချမ်းသာခွင့် ပြု၍ ပြည်တော်ပြန်ခွင့် ပေးခြင်းနှင့် တရားဝင်လုပ်သားအဖြစ် ဆောင် ရွက်ပေးခြင်းတို့ကို အကောင် အထည်ဖော်လျက်ရှိရာ အဆိုပါ အခြေအနေ၏ရိုက်ခတ်မှုကြောင့်လည်း အခက်အခဲများရှိနေဆဲဖြစ်ကြောင်း ယင်းအသိုင်းအဝိုင်းမှသုံးသပ်သည်ဟု Popular News ဂျာနယ် တွင် ဖော်ပြပါရှိသည်.။

ရန်ကင်း၊ သစ္စာကံဘဲလမ်းပေါ်က ဆိုင်ခန်း(၂၀)ကျော်ရဲ့အလုပ်အကိုင် အခွင့်အလမ်းများအတွက် အသနားခံစာ တင်မည်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊သစ္စာ(ကံဘဲ)လမ်းမပေါ်ရှိ မြန်မာ-သိပ္ပံနှင့်နည်းပညာ သုတေသနဦးစီးဌာန၊၀န်ထမ်း သာရေးနာရေး ထောက်ပံမူကော်မတီမှ ပိုင်ဆိုင်သော ဆိုင်ခန်း(၂၀)ကျော်အား စက်တင်ဘာလ ကုန်မှစတင်၍ ဖယ်ရှားခိုင်းလျက်ရှိရာ အဆိုပါဆိုင်ခန်းငှားရမ်းသူများမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကုန်သည့်အထိ ဆက်လက် အငှားချပေးရန်အတွက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ထံသို့ အသနားခံစာတင်သွင်းမည်ဖြစ်ကြောင်း ဆိုင်ခန်းငှားရမ်း အသုံးပြုသူများထံမှ သိရှိရသည်။

“ကျွန်တော်တို့ဆိုင်ခန်းတွေမှာ သွင်းကုန်အစားထိုးထုတ်လုပ်တဲ့လုပ်ငန်းအများစုပါဝင်တော့ အရောင်း ဆိုင်တွေလျော့လိုက်ရင် ထုတ်လုပ်တဲ့ နေရာကလူတွေလည်း လျော့ချရမှာဖြစ်တဲ့အတွက် အလုပ် အကိုင်အခွင့် အလမ်းလေးကို စဉ်းစားပေးဖို့အတွက် ဒီဘဏ္ဍာနှစ်မကုန်ခင်အထိ သက်တမ်းတိုးပေးဖို့ တောင်းဆိုချင်တာပါ” ဟု အဆိုပါဆိုင်ခန်းများရှိ ကိုယ်တိုင်ထုတ်လုပ်ရောင်းချသည့် အထည်ချုပ် လုပ်ငန်းရှင် ဦးကိုကိုဦးက ပြောသည်။

ပြောင်းရွှေ့ဖယ်ရှားပေးရမည့် ဆိုင်ခန်းများမှ သွင်းကုန်အစားထိုးကိုယ်တိုင်ထုတ်လုပ်ဖွင့်လှစ်ရောင်းချ သည့် အထည်ဆိုင်၊ ဖိနပ်ဆိုင်၊ ကိတ်မုန့်ဆိုင်၊ ဆောက်လုပ်ရေးအလှဆင်အရောင်းဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်၊ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်နှင့် စားသောက်ဆိုင်များပါဝင်သည့် ဆိုင်ခန်း(၂၃)ခန်း ပါဝင်ကြောင်းသိရှိရသည်။

မြန်မာသိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာ ၀န်ထမ်းများသာရေး၊ နာရေးထောက်ပံ့မှုကော်မတီပိုင် သစ္စာ(ကံဘဲ့)လမ်းမပေါ်ရှိ ဆိုင်ခန်းများအား၂၀၁၁ခုနှစ်စက်တင်ဘာလ၃၀ရက် မှ ဆက်လက်ငှားရမ်းခြင်းမပြုရန်
ပြည်ထောင်စုဝန်ကြီးရုံးမှညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ၀န်ထမ်းများ သာရေးနာရေး ထောက်ပံ့ မှု ကော်မတီ၏ သြဂုတ်လ ၂၂ရက်နေ့အစည်းအဝေးမှတ်တမ်းအရသိရှိရသည်။

“နိုင်ငံတော်အနေနဲ့ တင်ဒါစနစ်နဲ့ ရောင်းဝယ်ထားတာမျိုး၊ စီမံကိန်းအဆောက်အဦးချက်ချင်း ဆောက် လုပ်မယ့် စီမံကိန်းမျိုးမရှိဘူးဆိုရင် ဒီအတိုင်းခွင့်ပြုတာက အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းရတာပေါ့၊ ကျွန်တော်တို့အနေနဲ့ သက်တမ်းတိုးခွင့်ပဲ တောင်းတာပါ။နိုင်ငံတော် အတွက် ဒီဆိုင်ခန်း တွေက အနှောက်အယှက်မဖြစ်ဘူးဆိုရင် ဒီဘက်ဂျက်နှစ်ကုန်အထိ ဖွင့်လှစ်ခွင့်ရဖို့ အသနားခံစာတင်သွားမှာ ပါ”” ဟု ဆိုင်ခန်းများသက်တမ်းတိုးမြင့်ရရှိရန်အတွက် ဆိုင်ခန်းအားလုံးကိုယ်စား စီစဉ်ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

အဆိုပါဆိုင်ခန်း(၂၃)ခန်းအနေဖြင့် ဆိုင်ခန်းပြောင်းရွှေ့မှု အပေါ်သက်တမ်းတိုး လိုသည့် ကိစ္စအ တွက် ပြည်ထောင်စုဝန်ကြီး၊သက်ဆိုင် ရာ တိုင်းဒေသကြီးကိုယ်စားလှယ်၊နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ အသ နား ခံစာတင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊တက္ကသိုလ်၊ကောလိပ်၊သိပ္ပံကျောင်းများပိုင် ဆိုင်ခန်း (၁၉၈) ခန်းအနက် တက္ကသိုလ်၊ကော်လိပ်သိပ္ပံကျောင်းများ စည်းကမ်းထိန်းသိမ်းရေး နှင့် သက်သာချောင်ချိ ရန်အတွက်ဖွင့်လှစ်ပေးထားသော စားသောက်ဆိုင်များမှအပ ကျန်ဆိုင်ခန်းများအား ဆက်လက်ငှားရမ်းခြင်း မပြုကြောင်း၊ အဆိုပါဆိုင်ခန်းများအား(၂၀၁၁- ၂၀၁၂) ဘဏ္ဍာနှစ် အတွက် လစာကျသင့်ငှားရမ်းခငွေအား(၁၉.၈.၂၀၁၁)ရက်နေ့ နောက်ဆုံးထားလက်ခံခဲ့ပြီးမှ (၂၂.၈.၂၀၁၁) ရက်တွင် ပြည်ထောင်စုဝန်ကြီးရုံး၏ ညွှန်ကြားချက် အဆက်လက်ငှားရမ်းခြင်းကို ခွင့်မပြုတော့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း....ကြယ်စင်(မြစ်မခ)

နယ်စပ်မှ တရုတ် စစ်ကားများ ဆက်တိုက် ပို့နေ

တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် စစ်ထရပ်ကားများ ယခုရက်ပိုင်းအတွင်း နယ်စပ်ရွှေလီမြို့ သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံဖက်သို့ သယ်ပို့နေသည်ဟု တရုတ်မြန်မာနယ်စပ် ရွှေလီမြို့ခံများက ပြောသည်။

ယခုတင်သွင်းလာသည့် ကားများမှာ E-2000ပုံစံ Lotton အမျိုးအစားများဖြစ်ပြီး တစီးလျှင် တရုတ်ယွန်ငွေ ခြောက်သောင်းကျော် တန်ဘိုးရှိကာ လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင် တင်ပို့နေခြင်း ဖြစ်သည်ဟု မြို့ခံ မျက်မြင်တဦးက ယခုလိုပြောသည်။



တရုတ်နိုင်ငံမှရသည့် စစ်ကားများ (ဓါတ်ပုံ MG/SHAN)

“ဟိုတလောက မြန်မာပြည်ဖက်ကို သွင်းတဲ့ အဲဒီကားတွေကို နမ့်ဖတ်ကာနားမှာ ဆော်လိုက် တယ်လေ။ ပြီးခဲ့တဲ့ သုံးလေးရက်ကပဲ။ အဲဒီနောက်ပိုင်း ခဏ နားထားပြီးတော့ အခုဒီနေ့ ပြန်ပို့နေတာ။ ဒီနေ့မနက်ကို တောက်လျှောက် ပို့နေပြီ။” စုစုပေါင်း စစ်ကားအစီးရေ လေးရာခန့် တင်ပို့မည်ဟု သိရကြောင်းနှင့် ယခင်အပတ်က အစီး နှစ်ရာကျော် တင်ပို့ခဲ့ပြီး လက်ရှိတွင် အစီး တစ်ရာကျော် ကျန်ရှိနေသည်။

ထို့အပြင် ကားအချို့အား စစ်သုံးမိုးကာများ ဖုံးအုပ်ထားပြီး “အထဲမှာတော့ ကားအပိုပစ္စည်းတွေ ပါမယ်ထင်တယ်။ သုံးထပ်သားပြား သေတ္တာ အကြီးကြီးတွေ ပါတယ်။” ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။

နယ်စပ်ရှိ အခြား ကုန်သည်တဦးကလည်း လွန်ခဲ့သည့် (၅) ရက်ခန့်က တရုတ်နယ်စပ်မှ မန္တလေးဖက်သို့ တင်ပို့လာသည့် စစ်ကား ယာဉ်တန်းအား KIA က တိုက်ခိုက်လိုက်သည့်အတွက် ယခုအခါ နယ်စပ်မြို့များ ဖြစ်သည့် မူဆယ်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာနှင့် (၁၀၅) မိုင် အနီးတ၀ိုက် တွင် အစိုးရတပ်မှ စစ်အင်အားများ တိုးမြင့်ချထားသည်ကို တွေ့ရသည်ဟု ယခုလိုပြောသည်။

“အဲဒီနေ့က ကချင်စစ်သားနဲ့ တိုက်ပွဲဖြစ်တာ ဗမာ စစ်သား ခြောက်ယောက်လောက် ကျတယ်။ နောက်တနေ့ဆိုရင် မူဆယ် ခရိုင်ထဲက ဒီ နမ့်အွန် မော်တောင်း၊ အဲဒီမှာ ဖြစ်တာက ရဲတယောက် သေသွားတယ်။ အဲဒီမှာ ဖြစ်ပြီး တစ်ပတ်လောက်ကြာတော့ စစ်တပ်တွေက ထိုးတက်လာတယ်။”



တရုတ်နိုင်ငံမှရသည့် စစ်ကားများ (ဓါတ်ပုံ MG/SHAN)

ထို့အပြင် “အခုက (၁၀၅) မိုင်ကျော်သွားရင် ကောင်းဝက်၊ ကောင်းဝက်ကနေ နမ့်ဖတ်ကာအထိ ဆိုရင် ဒီလမ်း တောက်လျှောက်မှာပဲ ကျနော်တို့ ခန့်မှန်းကြည့်တာ (၁၀၀၀) လောက်တော့ ရှိနိုင်တယ်။ အဲဒီနေရာမှာ သူတို့ ချထားတာ များတယ်။” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နမ့်ခမ်းမြို့မှ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့သို့ သွားရာ လမ်းကြောင်း တလျှောက်တွင် မကြာခန ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကာ ယခုလ (၂၈) ရက်နေ့မှ စတင်၍ အစိုးရတပ်ဖွဲ့များ အင်အား ဖြည့်တင်းလာနေသည်။

ယခင် စစ်အစိုးရအုပ်ချုပ်စဉ်ကလည်း တရုတ်နိုင်ငံလုပ် စစ်ကားများကို မြန်မာပြည်သို့ မကြာခန တင်ပို့နေပြီး နယ်စပ်တလျှောက် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အသုံးပြုခဲ့သည်။

သတင်း..ဇော်ကြီး(သတင်းနှင့်မီဒီယာ ကွန်ယက်)

မြို့ပေါ် ဒုက္ခသည် (၅၂၇၆) ဦး၏ စားဝတ်နေရေးကို အသင်းတော်များ တာဝန်ယူနေ


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒူဝါ ငန်ဆိုင်း။

ပြည်နယ်အစိုးရက ဒုက္ခသည် ၅၀၀၀ ကျော်အတွက် စားဝတ်နေရေးတာဝန်ယူခြင်း မဟုတ်ဘဲ အသင်းတော်များ ကသာ အဓိက တာဝန်ယူခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGO) သတင်းရပ်ကွက်က သိရသည်။

သြဂုတ်လ (၂၇) ရက် မြစ်ကြီးမြို့တော်ခန်းမတွင် ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်၏ ရှင်းလင်းပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ကျေးလက်ဒေသများမှ လုံခြုံရေးအရ ပြောင်းရွှေ့လာကြသည့် ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့နှင့် အဖွဲ့အစည်းများက စခန်းများဖွင့်လှစ်နေရာချထားမှု၊ စားဝတ်နေရေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးမှု၊ ကျန်းမာရေးစောင့်ရှောင့်မှုနှင့် ပညာသင်ကြားခြင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောဆိုသွားသည်ဟု သြဂုတ် (၂၉) ရက်ထုတ် မြန်မာအစိုးရ သတင်းစာတွင်ဖော်ပြထားသည်။

“အစိုးရက သတင်းစာရှင်းလင်းပွဲမှာ (၁၃)ခု ဖွင့်ထားတယ်လို့ပြောတယ်။ တကယ်တမ်း သူတို့ဖွင့်ထားတာ မဟုတ်ဘူး။ အသင်းတော်တွေဖွင့်ထားတာ။ အသင်းတော်တွေဖွင့်ထားတာကို အနှောင့်အယှက် မ ပေးဘူး။ ဒါမဲ့ လိုအပ်တာတွေ လာရောက်ကြည့်ရှု ဖြည့်ဆည်းပေးတာမျိုး လုပ်တယ် ပြည်နယ်အစိုးရက။

”သြဂုတ်လ တတိယအပတ်နောက်ဆုံးစာရင်းအရ ၀ိုင်းမော်မြို့ပေါ်တွင် အိမ်ထောင်စု (၇၉၁) ခုမှ ဒုက္ခသည် ကျား/မ ပေါင်း (၂၉၈၉) ဦး၊ မြစ်ကြီးနားမြို့ပေါ်တွင် အိမ်ထောင်စု (၅၅၅)ခုမှ ဒုက္ခသည် ကျား/မပေါင်း (၂၂၈၇) ဦး ရောက်ရှိနေပြီဟု မြို့ပေါ် NGO သတင်းရပ်ကွက်နှင့် နီးစပ်သူများက ဆိုသည်။

ဒုက္ခသည်ပေါင်း (၅၂၇၆) ဦးအား ၀ိုင်းမော်မြို့ပေါ်တွင် နေရာ (၁၀) ခု၊ မြစ်ကြီးမြို့ပေါ်တွင် နေရာ (၁၅) ခု တွင် ရပ်ကွက်/ကျေးရွာ ခရစ်ယာန်အသင်းတော်များက ကိုယ်ထူကိုယ်ထပြုလုပ်ပြီး ရပ်ကွက်တွင်း အလှူခံကာ နေ့စဉ် ဒုက္ခသည်များ၏အစားအသောက်အတွက် စီစဉ်ဆောင်ရွက်ပေးကြလျက်ရှိသည်ဟု သိရသည်။

ဒုက္ခသည်များအား INGO အဖွဲ့အစည်းများ အကူအညီ မ ပေးနိုင်သော် လည်း မေတ္တာဖောင်းဒေးရှင်းက ထောက်ပံ့နေသည်။ ထို့အပြင် ငြိမ်းဖောင်းဒေးရှင်းမှလည်း ဒုက္ခသည်ကလေးသူငယ်များအတွက် စာရေးကိရိယာများထောက်ပံ့နေသည်ဟု သိရသည်။

သို့သော် ပြီးခဲ့သည့် နှစ်ပတ်ကစတင်ကာ ပြည်နယ်ဝန်ကြီးချုပ်၏ တိုက်တွန်းချက်အရ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Program)မှ ဒုက္ခသည်များအတွက် ဆန်အိတ် (၃၀၀) ဖြန့်ဝေသွားရန်ရှိသည်ဟု လည်း ၀န်ကြီးချုပ်နှင့်နီးစပ်သူများမှတဆင့် သိရသည်။

ထို့ပြင် ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများမှ ဒုက္ခသည်များနေထိုင်ရာ အသင်းတော်များသို့ လာရောက် တွေ့ဆုံမှု ထောက်ပံ့မှုများလည်းရှိသည်။

ဇွန် (၉)ရက်မှ စတင်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ယခုချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် ဒုက္ခသည် (၅၀၀၀) ကျော် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့ပေါ်သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။

သတင်း..Jade Land