28 August 2011

အေအေပီပီ တွဲဘက်အတွင်းအရေးမှူး ကိုဘိုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

ရေကာတာ၏ဆိုးကျိုးခံနေရသောပြည်သူများအတွက် လှုပ်ရှားမှုလက်စွဲစာအုပ်

DamFighter'sGuideBurmese
ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

မြန်မာပြည်မှာ အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလား

Foreign Relationg Blog မှ Joshua Kurlantzick၏ ဆောင်းပါးကို Y C မှ ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

မြန်မာ့နိုင်ငံရေးအတွက်တက်ကြွစွာလှုပ်ရှားသူ(Activist) များနှင့် နိုင်ငံသားအများစုသည် သံသယဖြစ်စရာများနှင့် အငြင်းပွားစရာများ ပြည့်နှက် လျက်ရှိသည့် ဒီမိုကရေစီရွေးကောက်ပွဲ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ကျင်းပသည့် အချိန်မှစ၍ ပြည်တွင်းနိုင်ငံရေး အခြေအနေ အရပ်ရပ်ကို မျက်ခြည်မပြတ် စိတ်ဝင်တစား စောင့်ကြည့်လေ့ လာခဲ့ကြသည်။ မြန်မာပြည်ကို ဆယ်စုနှစ်များစွာ တင်းကြပ်စွာ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရ လက်ထက်နှင့် အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အာဏာရရှိလာသော စစ်တပ်ကျောထောက်နောက်ခံ အရပ်ဘက်အစိုးရလက်ထက် ကွာခြားမှုများ ရှိနိုင်ခြင်း ရှိ၊မရှိနှင့် အပြောင်းအလဲများ ဖြစ်ပေါ်ဖန်တီးနိုင်ခြင်းရှိ၊ မရှိဟူသောကိစ္စကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲနောက်ပိုင်း လအတန်ကြာကာလအတွင်း အပြောင်းအလဲဖြစ်မည့် အရိပ်လက္ခဏာ အနည်းငယ်မျှသာ မြင်တွေ့ခဲ့ကြရသည်။ သို့သော် မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများ အဆိုအရ အစိုးရသစ်အဖွဲ့တွင် သမ္မတဖြစ်လာသူ ဗိုလ်ချုပ်ကြီးဟောင်းနှင့် ယခင်ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးသမား တစ်ဦးအဖြစ် နာမည်ကောင်းထွက်သူဖြစ်ပြီး ၎င်းအား တန်ပြန်ပါဝါ ချိန်ခွင်လျှာမျှရန် ထားရှိသော သဘောထား တင်းမာသည့် အုပ်စုအား တွန်းလှန် ခဲ့ရကြောင်းသိရသည်။ Asia Times Oline ၏ ရေးသားဖော်ပြချက်တစ်ရပ်တွင် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင် မြင့်ဦးသည် သမ္မတဦးသိန်းစိန် အကောင်အထည်ဖော်ခဲ့သည့် စစ်မှန်သော ပြောင်းလဲမှုများပြုလုပ်မည့် လမ်းစဉ်မှန်သမျှကို ထိထိရောက်ရောက်ပင် ကဖျက်ကယလုပ်ခဲ့သည်။ ထို့ပြင် ၎င်းသည် ကက်ဘိနက်အစည်းအဝေးများ၌ အစိုးရအဖွဲ့ဝင်များကို ရာထူးမှထုတ်ပစ်ခြင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ မလုပ်ရန် သတိပေးခြင်းအစရှိသည်တို့ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ Asia Times အဆိုအရ ယခုလို ဖြစ်ရပ်မျိုး ပေါ်ထွက်ရန် ယခင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက ရည် ရွယ်ချက်ရှိရှိ ဒီဇိုင်းဆင်ထားခြင်း ဖြစ်ဖွယ်ရှိသည်။

အချို့သော စောင့်ကြည့်လေ့လာသူများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်း၏နေရာကို ဦးသိန်းစိန်နှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ အပြိုင်အဆိုင်ရယူအောင် တင်မတကာလွှတ်ထားခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။ အကယ်၍ ထိုနှစ်ယောက်၏ အာဏာယှဉ်ပြိုင်မှုများပြင်းထန်လာပြီး စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာပါက စစ်တပ်ကပြန်လည် အာဏာသိမ်းပိုက်နိုင်ကာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာစ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်း လည်း ရပ်တန့်သွားနိုင်သည်ဟု အချို့က စိုးရိမ်လျက်ရှိသည်။ ထိုသို့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်၌ အဟန့်အတား၊ အပိတ်အဆို့များ ရှိနေခြင်းကြောင့် အမေ ရိ ကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအားဆက်လက်တိုးမြင့်ခဲ့ခြင်းဖြစ်သည်။

သို့သော် မကြာသေးခင် ရက်သတ္တပတ်အတွင်းမှာပင် အပြုသဘောရှုမြင်၍ရနိုင်သည့် အရိပ်လက္ခဏာအချို့ ထွက်ပေါ်လာသည်ကို တွေ့ရပြန် သည်။ ဤအနေရာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကျွန်တော်ယခင်ကရေးသားခဲ့သလိုပင် အရိပ်ပြလာသည့် အရာမှန်သမျှကို လက်သင့်ခံရမည် ဖြစ်သော်လည်း လက်တွေ့ကျကျမမြင်တွေ့ရသေးသမျှ မျက်စိမှိတ် ယုံကြည်၍မရဟုပင်ဆိုချင်သည်။ အတိတ်သမိုင်းကြောင်းကိုကြည့်ပါက မြန်မာ အစိုးရသည် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ တစ်စုံတစ်ခု ရယူလိုသည့်အခါတိုင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဟု ကတိကဝတ်များပြုခဲ့ပြီး အမှန်တကယ်တွင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။ ယခုတစ်ကြိမ်တွင်လည်း ၂၀၁၄ ခုနှစ်၊ အာဆီယံဥက္ကဌရာထူးရရှိရေး၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပ အပါအဝင် အရှေ့တောင်အာရှဒေသမှ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး အစရှိသည် တို့ကြောင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လတ်ရှိအချိန်အထိ ရရှိထားသော တိုးတက်ဖြစ်ထွန်းမှုများကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် အဟန့်အတားလုပ်မှု၊ အကြမ်းဖက် နှိမ်နင်းမှုတို့နှင့် ကြုံတွေ့ရခြင်းမရှိဘဲ နယ်ခရီးများ သွားရောက်နိုင်သည်သလို သူမ၏ NLD ပါတီသည်လည်း ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နိုင်အောင် ပြန်လည်မှတ်ပုံတင်ခွင့် ပြုခြင်း ခံထားရသည်။ ပို၍ အကောင်းမြင်နိုင်သော ကိစ္စများတွင် အစိုးရကိုယ်တိုင်က ပြည်ပြေးများအနေဖြင့် စစ်မှန်သော ပြုပြင် ပြောင်းလဲမှုများ အမှန်တကယ် လုပ်ဆောင်လိုပါက အမိမြေသို့ ပြန်လည်ဝင်ရောက် လာစေလိုသည့် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်ကို တွေ့ရသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ မြန်မာနိုင်ငံတစ်ဝန်းသို့ ဆက်လက် ခရီးသွားရောက်ပြီး ဟောပြောမှုများ လုပ်ကိုင်သွားကာ သူမ၏ အမျိုးသားဒီမိုကရေစီပါတီလည်း ပြန်လည်ပေါ်ထွန်းလာနိုင်မည်ဆိုပါက ယင်းဖြစ်ရပ်သည် စစ်မှန်သောပြောင်းလဲမှု အရိပ်လက္ခာဏာဟုပင် ရှင်းရှင်း လင်းလင်း ဆိုနိုင်ပါသည်။

27 August 2011

NLD လူငယ်လုပ်ငန်းများဖော်ဆောင်ရေးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင်ကွယ်လွန်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများဖော်ဆောင်ရေးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင် အသက် (၅၁) နှစ်သည် ယနေ့ညနေ (၅)နာရီတွင် ကင်ဆာရောဂါဖြင့် အင်ယားရိပ်သာလမ်းရှိ နေအိမ်တွင်ကွယ်လွန်သွားပါသည်။

ကိုဘမောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ နိုင်ငံရေးလောကသို့စတင် ၀င်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲကချုပ်မရမ်းကုန်လူငယ်လုပ်ငန်းအဖွဲ့ ၊ မရမ်းကုန်းမြို့နယ်စည်းရုံးရေး အဖွဲ့၊ ရန်ကုန်တိုင်းလူငယ်အကူအညီပေးရေး အဖွဲ့ နှင့် ဗဟိုလူငယ်လုပ်ငန်းများဖော်ဆောင်ရေး အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အဖွဲ့ချုပ်မှပေးအပ်သည်တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။

ကိုဘမောင်သည် အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်ရင်း ဒီမိုကရေစီလှုပ်ရှားမှုများနှင့် လူမှုရေးလုပ်ငန်းများ လှုပ်ရှားဆောင်ရွက်သောကြောင့်(၃) ကြိမ်တိုင်တိုင် အာဏာပိုင်များ၏ ထိမ်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။

ကိုဘမောင်၇ဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲဘော် မှန်သမျှ ကိုဘမောင်ကို ချစ်ခင်လေးစားကြပါတယ် ။ အင်မတန်မှသဘောကောင်းပြီး အနစ်နာ ခံတက်သူမို့  အဖွဲ့ ချုပ်မှာ (ကို ဘ) ဆိုပြီးလူချစ် လူခင်ပေါသူ တစ်ယောက်ဖြစ်ပါတယ် ။

မကွယ်လွန်မှီနောက်ဆုံးအချိန်အထိ အဖွဲ့ချုပ်၏ ဗဟိုလူငယ်လုပ်ငန်းများဖော်ဆောင် ရေးတွင် လုံခြုံရေးနှင့်စည်းကမ်းထိန်းသိ မ်းရေး တာဝန်ယူပြီးဒေါ်အောင်ဆန်းစုကြည် ၏လုံခြုံရေးလူငယ် တာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့ပါတယ်။ကွယ်လွန်ချိန်တွင် သား(၁)ယောက်၊ သမီး (၃)ယောက်ကျန်ရစ်ခဲ့ပါတယ်။

သနားစရာကောင်းသော ကလေးငယ်များ ဈေးကောင်းရနေ


တောင်ဒဂုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြှိုနယ်တို့လို အခြေခံလူတန်းစား များ နေထိုင်ရာ မြို့နယ်အချို့ တွင် အသက် ၄-လ၊ ၅-လအရွယ်၊၆နှစ်အရွယ်နှင့်၊၇-နှစ်အရွယ် ဝန်းကျင်ရှိ ပိန်လှီနေသော ကလေးငယ်များကို တစ်ရက်လျှင် ငှားရမ်းခ ငါးထောင်ပေးပြီး လူစည် ကားရာနေများတွင် တောင်းရမ်းခိုင်းခြင်းမျိုးများ ရှိနေကြောင်း သိရသည်။ လက်၊ခြေထောက်များတွင် မီးလောင်ဒဏ်ရာ၊ ပိန်လီနေသောခန္ဒာကိုယ်၊ ညစ်ပတ်ပြီးပေတီပေစုတ်ဖြစ်နေသောပုံစံမျိုးဆိုလျှင် အဆိုပါကလေး ငယ်ကို ဈေးကောင်းပေး၍ငှားပြီး လူကြီး များမှ တစ်နေ့တာစားဝတ်နေရေးအတွက် အလေအလွင့်ကလေးငယ်များကိုဗန်းပြကာ တောင်းရမ်းနေကြကြောင်း တောင်ဒဂုံမြို့နယ်မှ မျက်မြင် ကိုယ်တွေ့ တွေ့သူတစ်ဦးကပြောသည်။ “ကျွန်တော်တို့ တောင်ဒဂုံမှာရှိတဲ့အမှိုက်ပုံနားမှာ မိသားစုတွေတန်စီးပြီးနေကြတယ်။

အဲ့မှာဆိုရင် ကလေးအကြီးအသေးပေါ်မူတည်ပြီး ကလေးတွေကိုငှားပြီး တစ်ရက်ကိုဘယ်လောက်ပေး မယ်ဆိုပြီးငှားတယ် ပြီးတော့ တောင်းရမ်းခိုင်းနေတာကို ကျွန်တော်လည်းအမှတ်မထင်တွေ့မိတာပေါ့၊ ကျွန်တော်တောင်စိတ်မကောင်းတော်တော်ဖြစ်သွားတယ်” ဟု တောင်ဒဂုံမြို့နယ်နေ အသက်၃၀-ဝန်းကျင်ရှိကိုညီညီကပြောသည်။

ကလေးငယ်တွေရဲ့ စာရိတ္တမဏ္ဍိုင်ကိုအချိန်မှီပြုပြင်ပေးသင့်ကြောင်း၊ အမှိုက်ကောက်ခြင်းဖြင့် စားဝတ်နေရေးဖြေရှင်းနေရသော ကလေးငယ်များသည် မိဘ၏ခိုင်းစေချက်ဖြင့်သံတိုသံစများ၊ ပလပ်စတစ်များ ကောက်နေရသောကြောင့် ပညာရေးမှာနှောင့်နှေးသွားရပြီး စာရိတ္တမဏ္ဍိုင်များ ပျက်စီးကာ ခိုး၊၀ှက်၊ လုယူခြင်း မျိုးရှိနေကြောင်း သိ ရသည်။ ကလေးငယ်အများစုသည် ကြုံရာကျပမ်းအလုပ် များကိုလုပ်ကိုင်ကာ ပိုက်ဆံရသည်နှင့် စာရိတ္တများလည်း အလိုလို ပျက်စီး ယိုယွင်းလာခြင်းမျိုးရှိကြောင်း လှိုင်သာယာမြို့နေသူတစ်ဦးကပြောသည်။

“ကလေးတွေကစာသင်ပြီး ကြီးပြင်းရမယ့် အရွယ်မှာ မကြီးပြင်းရဘဲ အလုပ်လုပ်ပြီးကြီးပြင်းလာရသော စည်းကမ်းဆိုတာလည်းမသိ၊ လူ့ကျင့်ဝတ်ဆိုတာလည်းမသိတော့ သူတို့ရဲ့ စိတ်ဓာတ် တွေက ကြမ်းတမ်းလာတာပေါ့။ အဲ့တော့သူများပစ္စည်း ခိုးမယ်၊ ၀ှက်မယ်၊လိမ်ပြောမယ်၊ လူဆိုး၊ သူခိုးလေးတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် သူတို့ရဲ့စာရိတ္တမဏ္ဍိုင်ကို အချိန်မီပြုပြင်ပေးသင့်တယ်”ဟု လှိုင်သာယာနေ ကျောင်းဆရာတစ်ဦးက ပြောသည်။

ကျောင်းတတ်ချင်တယ် သူငယ်ချင်းတွေနဲ့ကစားချင်တယ်။ လှိုင်သာယာမြို့နယ်အတွင်းရှိ အမှိုက်ပုံ အချို့တွင် ရောင်း ရနိုင်ဖွယ်ရှိသော ပစ္စည်းများကို လိုက်လံကောက်နေသော၊ အသက်၆နှစ် အရွယ်ကလေးငယ်မှာ နေ့လည်စာ၊ ညနေစာဟူ၍ တစ်နေ့တာ အတွက် စားဝတ်နေရေး ဖြေရှင်းနေရသော်လည်း အများနည်းတူ ကျောင်းတက်ချင်ကြောင်း အမှိုက်ကောက်ခြင်းကို ငြီးငွေ့နေပုံဟန်ဖြင့် မျက်မှောင်ကြုတ် ကာပြောပြခဲ့သည်။

“သားကဒီလှိုင်သာယာဘက်မှာ ကော်ဘူးတို့၊ပလပ်စတစ်ဘူးတို့၊ ပြန်ရောင်းလို့ရမယ့်ဟာလေးတွေ ကောက်ပါတယ်၊ သားက ကျောင်းမနေရသေးဘူး၊ ဒါပေမဲ့ ကျောင်းတတ်နေတဲ့ ကျွန်တော့်လိုအရွယ်မြင်ရင်၊ ကျွန်တော်လည်း သူတို့လို ကျောင်းတတ်ချင်တယ်၊သူငယ်ချင်းတွေနဲ့ ဆော့ချင်တယ်”ဟုလက်တစ်ဖက်မှ ပစ္စည်းအတိုအတွာ များထည့်ထားသော ဆာလာအိတ် အဖြူကို ဆွဲကိုင်ကာ ကျန်တစ်ဖက်ဖြင့် နှာခေါင်းကို ပွတ်သက်ရင်းပြောသည်။ အဆိုပါကလေးသည် မွေးချင်းမောင်နှမ-၂ယောက် ရှိပြီး အကြီးဆုံး အကို ဖြစ်သောကြောင့် ညီမအငယ်လေးနှင့်မိခင်ကို ရှာဖွေကျွေးမွေးရန် အတွက် အလုပ်လုပ်ရကြောင်း သိရသည်။ “သားက အကြီးဆုံးပေါ့ ညီမလေးကလသားဘဲရှိသေးတယ်။ အဖေကမရှိတော့ဘူး၊သားက ဘဲအမေနဲ့ညီမလေးကို ရှာကျွေးရတာပေါ့၊

တစ်ခါတစ်ခါ ဆို သား လမ်းဘေးပလပ်ဖောင်းမှာဘဲအိပ်တယ်။ နေ့လည်စာမစားဘူး ညနေ အိမ်ပြန်ချိန်ကြမှ အမေနဲ့ ညီမလေးနဲ့မှ အတူတူ စား တာ”ဟု အကိုကြီးအဖရာကဲ့သို့မိသားစု ကို ကျွေးမွေးစောင့်ရှောက်နေပုံ ကိုပြောပြခဲ့သည်။ အမှိုက်ကောက ခြင်း ဖြင့် တစ်နေ့ ရောင်းရငွေမှာ သုံးထောင်၊ လေးထောင်သာ ရရှိပြီး တစ်ချို့နေ့များတွင် တစ်ရာတောင်မရသော နေ့များရှိသောကြောင့် စားရေး တွင်လည်း အခက်အခဲရှိနေကြောင်း သိခဲ့ရသည်။

စာနာ ထောက်ရှု စုပေါင်း ပြု လွတ်လပ်သော သူငယ်ချင်းများ အင်အားစု အတွက် အသုံးပြုရန် ဖော်ပြခြင်း ဖြစ်ပါသည်။

သတင်း...ဝင့်သင်ဇာကျော် ( Myit Makha Mediagroup )

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများအား ဥပဒေသစ်နှင့်အညီခန့်အပ်သွားရန်ရှိကြောင်း ကြားသိရ

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများကို ယခုနှစ်မကုန်ခင် ဥပဒေသစ်ပြဌာန်းပြီး ပြန်လည်ရွေးချယ် ခန့်အပ်သွားရန် ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် အသိုင်းအ၀ိုင်းမှ သိရသည်။

ကျင်းပလျှက်ရှိသည့် လွှတ်တော်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုနိုင်ရေး အတွက် ကိုယ်စားလှယ် များ ဆွေးနွေးနိုင် ရန် ပြည်ထောင်စုလွှတ်တော် စတင်သည့်ရက်ပင် ပေးအပ်ထားပြီး ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တို့ ပြောကြားချက်အရ သိရသည်။

အတည်ပြုထားခြင်းမရှိသေးသည့် အဆိုပါ ဥပဒေကြမ်းတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုတို့ကို ပြည်သူများ တိုက်ရိုက်ရွေးချယ်ခန့်အပ်သည့် ဆယ်အိမ်မှုများမှ လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်သွားမည့် ပုံစံဖြစ်ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှုးတွေကိုပြည်သူတွေက တိုက်ရိုက်ရွေးချယ်တဲ့ ပုံစံမဟုတ်ပေမယ့် ပြည်သူတွေ ရွေးချယ်တဲ့ သူတွေ(ဆယ်အိမ်မှုး) ကတစ်ဆင့် ရွေးချယ်မှာဆိုတော့ ဒီမိုကရေစီကျင့်စဉ်တွေ ပိုပြီးလာတယ် လို့တော့ ပြောနိုင်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက ပြောသည်။

ရွေးကောက်ပွဲအပြီးနောက်ပိုင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးခန့်အပ်ထားရေးနှင့် ပတ်သတ်၍ အငြင်းပွားဖွယ်ရာ အခြေအနေတို့ ပေါ်ထွက်လာပြီးနောက် ယခုဥပဒေထွက်ပေါ်လာရေး လွှတ်တော် တွင် ဆွေးနွေး ရန် ဖြစ်တည်လာခြင်း ဖြစ်သည်။

ကျင်းပလျှက်ရှိသည့် ပြည်သူ့လွှတ်တော် စတုတ္ထနေ့အစည်းအဝေးတွင် သင်္ကန်းကျွန်းမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ရပ်ကွက်အုပ်ချုပ်ရေးမှုးများ တာဝန်ပေးအပ်က ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၉ ပါ အများကြည်ညိုလေးစားပြီး အကျင့်သိက္ခာ သမာဓိရှိသူ ဆိုသည့်အချက်နှင့် ဆန့်ကျင်သူများ ပါနေကြောင်း၊အဘယ့်ကြောင့် ယခုကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ အဖြစ် တာဝန်ပေးအပ်ခြင်းကို သိရှိလိုကြောင်း မေးခွန်းအဖြစ် တင်သွင်းမေးမြန်းခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် အစောပိုင်းက နိုင်ငံတော် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် ပြည်တွင်း စီပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် လာမည့်လွှတ်တော်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးခန့်အပ်ရေးနှင့် သက်ဆိုင်သော ဥပဒေတစ်ရပ် တင်သွင်းသွားရန်ရှိနေကြောင်း ပြောကြားခဲ့သည်။

သတင်း....နေလင်း(မြစ်မခ)

အာဏာပိုင်တွေ မတရားသဖြင့် (၆၅)နှစ်အမိန့်ချထားသော နိုင်ငံရေးအကျဉ်းသာကိုဌေးကြွယ် အားရပ်တည်ပေးမည့် အင်္ဂလန်ဒုတိယဝန်ကြီးချုပ်



Htay Kywe is currently serving a 65-year prison sentence in a cell measuring 8 feet by 10 feet simply because he organised peaceful protests in burma in 2007. tha,s why i m doing what i can to highlight his case, Deputy Prime Minister Nick Clegg said.

သတင်းပေးပို့ ပေးသော အားဘီ အားကျေးဇူးတင်ရှိပါသည်.။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် အဆိုကို တပ်မတော်သားကိုယ်စားလှယ်များ ထောက်ခံ


သြဂုတ် ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဟု နာမည်ပြောင်းလဲ တင်သွင်းသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရေးအဆိုကို ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ထောက်ခံ လိုက်ကြောင်း သိရှိရသည်။

ဆက်လက်၍ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့် ဆက်လက်ထုတ်ပေးရန် အတွက် ပြည်သူ့လွှတ်တော်က ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးကိုကို မှတဆင့် နိုင်ငံတော် သမ္မတကြီးထံ အဆိုပြုလိုက်ကြောင်း ပြည်သူ့လွှတ်တော် သတင်းရပ်ကွက်မှ တဆင့်သိရသည်။

အဆိုပါအကြံပြုလွှာသည် သြဂုတ်လ ၂၅ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းခဲ့သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များက ဝိုင်းဝန်းထောက်ခံခြင်း၏ ရလဒ်ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို ဒီမိုကရေစီပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်းထားသည့် ဒီမိုမိတ်ဆွေပါတီများ အစုအဖွဲ့မှ ၁၃ ဦး၊၂၀၁၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ၂ ဦးက ဆွေးနွေးထောက်ခံခဲ့ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ထပ်မံ ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို အနိုင်ရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၂ ဦးက နိုင်ငံရေးအကျဉ်းသားများ ကိစ္စရပ်ကို တည်ဆဲဥပဒေများဖြင့် ထောက်ပြပြောဆိုမှုများ ပြုလုပ်ကာ ထောက်ခံခဲ့သော်လည်း တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးက မိမိတို့နှင့်တိုက်ပွဲများတွင် လက်တွဲခဲ့ကြသည့် ရဲဘော် များလည်း အကျဉ်းထောင်အတွင်း ရှိနေကြောင်း မိမိတို့ အနေဖြင့် ယင်းရဲဘော်ရဲဘက်များကို အကျဉ်းကျနေရာမှ လွတ်စေလိုကြောင်း တခဲနက် ထောက်ခံ ဆွေးနွေးခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“တပ်မတော်က ကိုယ်စားလှယ် နှစ်ယောက်က ဦးသိန်းညွှန့်တင်တဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အဆိုကို လွှတ်တော် ခဏနားပြီး ပြန်တက်တဲ့အချိန်မှာ အဆိုတင်တော့ တော်တော်အံ့သြသွားတယ်”ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော အကျဉ်းသားများဟု အခေါ်အဝေါ်ပြောင်းထား သည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို တပ်မတော်က ထောက်ခံသည့် ကိုယ်စားလှယ်များမှာ ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြား ချက်ဖြင့် ပြည်သူ့လွှတ်တော် တက်ရောက်နေသည့် တပ်မတော်သားကိုယ်စားလှယ်များတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ဗိုလ်မှူးကြီးတစ်ဦးနှင့် ဒု-ဗိုလ်မှူးကြီး တစ်ဦး ဖြစ်ကြောင်း သိရသည်။

“နာမည်မပြောဘဲ ကိုယ်ပိုင်နံပါတ်ပြောပြီး အဆိုကို ဆွေးနွေးတော့ ဘယ်သူမှန်းမသိဘူး”ဟု ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

တပ်မတော်မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရေးအတွက် တခဲနက်ထောက်ခံခြင်းသည် ပြည်သူ၏ ယုံကြည်မှု ပျက်ယွင်းနေသည့် တပ်မတော်၏ ဂုဏ်သရေ ကို ပြန်အဖတ် ဆယ်နိုင်ခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်ပြသည်။

“ဒီအတိုင်းဆို ပါတီရယ်၊ တပ်မတော်ရယ် တစ်တွဲတည်းဆိုတာ ပေါ်သွားတဲ့အပြင် တပ်မတော်ရဲ့ ခရီးလမ်းကိုလည်း ဖြောင့်ဖြူးစေတယ်”ဟု ဆက်လက်ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းစကို အမိအရ ကိုင်ဆွဲနေသည်ကို မြင်နေရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးကသုံးသပ်သည်။

လွှတ်တော်အစည်းအဝေးများကို သြဂုတ် ၂၂ ရက်နေ့က နေပြည်တော်တွင် စတင်ကျင်းပခဲ့ပြီး လွှတ်တော်ရေးရာကော်မတီ ၈ ခုကို ယခင် အစိုးရ အရာရှိကြီးများအား ဥက္ကဋ္ဌ ရာထူးပေးကာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို စောင့်ကြည့်ရန် တာဝန်ပေးခဲ့သည်။

သတငိး....YC(KS)

နိုင်ငံပိုင်သတင်းစာများ ပုဂ္ဂလိကနှင့်ယှဉ်ပြိုင်ရန် ပြင်ဆင်

နိုင်ငံပိုင်သတင်းစာများသည် ပုဂ္ဂလိကအား သတင်းစာထုတ်ဝေခွင့် ပေးမည်ဆိုပါက ယှဉ်ပြိုင်မှု အဆင်ပြေစေရန် ရည်ရွယ်၍ သတင်း တင်ဆက်မှု ပုံစံများကို သြဂုတ်လဆန်းမှ စတင်ကာ ပြောင်း လဲနေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဆိုသည်။

“အခုလောလောဆယ်တော့ သတင်းတွေကို ကဏ္ဍအစုံပါဝင်စေချင်လို့ ပြင်ပက စာမှုရှင်တွေကို ဖိတ်ခေါ်နေပါတယ်”ဟုဆိုသည်။

ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် စီးပွားရေးကဏ္ဍကို အဓိကထား အားပြုထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်သတင်းစာ ဖြစ်သည့်အတွက် အစိုးရမှ ချမှတ်ထားသော မူဝါဒများအရသာ လုပ်ဆောင်သွားမည် ဖြစ်ပြီး စာဖတ်သူများအတွက် အကျိုးရှိစေမည့် နေ့စဉ်သတင်းစာကောင်းတစ်ရပ်အဖြစ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“ပုဂ္ဂလိကကိုလည်း သတင်းစာထုတ်ခွင့် ပေးမယ်ဆိုတော့ သတင်းစာတွေရဲ့ ပုံစံတွေ တင်ဆက်ပုံတွေလည်း ပြောင်းရတော့မှာပေါ့။ ဒါမှ ယှဉ်ပြိုင် နိုင်မှာ” ဟု မြန်မာ့သတင်းစဉ်မှ သက်တမ်းရင့်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

နိုင်ငံပိုင်သတင်းစာများတွင် တာဝန်ထမ်းဆောင်သူများက နီးစပ်ရာ သတင်းထောက်များအား သတင်းတစ်ပုဒ်လျှင် နှစ်ထောင်ကျပ်မှ ခုနှစ် ထောင်ကျပ်အထိ စာမူခပေးမည်ဟု ပြောဆိုကြောင်း နိုင်ငံပိုင်သတင်းစာများတွင် သတင်းရေးသားပေးရန် ကမ်းလှမ်းခြင်းခံရသူ ပြည်တွင်း သတင်းထောက် အသိုင်းအဝိုင်းက သိရသည်။

နိုင်ငံပိုင်သတင်းစာများ၏ နောက်ဖုံးတွင် ပါရှိသည့် ပြည်ပမီဒီယာများအား တိုက်ခိုက် သည့် ကြွေးကြော်သံများအား သြဂုတ်လ ဒုတိယရက် သတ္တပတ်မှစတင်ကာ ဖယ်ရှားလိုက်ပြီးကြောင်း သိရှိရသည်။

သတင်း...YC(KS

26 August 2011

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဥပေက္ခာပြုသွားမည် မဟုတ်ဟု ဦးဌေးဦးက မစ္စတာကွင်တားနားအား ပြောဆိုခဲ့

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံတည်ဆောက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဥပေက္ခာပြုသွားမည် မဟုတ်ပဲ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားမည်ဟု အဆိုပါပါတီ အထွေထွေအတွင်းရေးမှုး ဦးဌေးဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ မြန်မာ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမက်အိုဟေး ကွင်တားနားနှင့်တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၃ ရက်က နေပြည်တော် လွှတ်တော်အဆောက်အအုံ ဧည့်ခန်းမဆောင်တွင် မစ္စတာကွင်တားနားနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ် ဦးဌေးဦးက မစ္စတာ ကွင်တားနားကို ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဗိုလ်ချုပ်ရဲ့သမီး၊ လွတ်လပ်ရေးဖခင်ရဲ့ သမီးကို ဘယ်တော့မှ ပြစ်ပါယ်မှုမရှိဘူး၊ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ပြစ်ပြစ် ခါခါလုပ်ဖို့ မရှိဘူးဆိုပြီး ဦးဌေးဦးက မစ္စတာကွင်တားနား မေးတာကို ဖြေသွားပါတယ်”ဟု အဆိုပါတွေ့ ဆုံပွဲ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ ဦးစိုင်းဆောင်ဆီက ပြောသည်။

လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကွင်တားနားသည် မြန်မာနိုင်ငံအရေးနှင့် ပတ် သတ် ပြီး ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို စိတ်ဝင်တစားရှိနေသည်ဟုလည်း ဦးစိုင်ဆောင် ဆီက ပြောသည်။

“ဦးဌေးဦးနဲ့ ဦးသိန်းဇော်ကို သူကမေးတာဗျ။တိုင်းပြည်တွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုသဘောထားသလဲ ဆိုပြီး” ဟု ဦးစိုင်ဆောင်ဆီက ပြောသည်။

အမျိုးသားနိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရသူ ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံး အကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်အစိုးရသစ်နှင့် ထိတွေ့ဆက်ဆံမှု အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် (ယခင်ဆက် ဆံရေးဝန်ကြီးဖြစ်ခဲ့ သူ) နှင့် နှစ်ကြိမ်တွေ့ ဆုံခဲ့သကဲ့သို့ အစိုးရသစ်အဖွဲ့အကြီးအကဲ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်လည်း ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော သဘောထားအမြင် များ ဘေးဖယ် ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တစ်ကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင် ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ကြံ့ခိုင်ရေးပါတီကလည်း အထက်ပါ အတိုင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ပါတီသဘောထားကို ပြောကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

`ပြောတဲ့ အတိုင်း အမှန်တကယ်လုပ်တယ်ဆိုရင်တော့ ပြောစရာမရှိဘူးပေါ့၊ ပြောသာပြောပြီး မလုပ်ခဲ့ရင်တော့ ပြည်သူလူထုရဲ့ ယုံကြည်မှု နဲ့ ပိုပြီးဝေးဝေး သွားနိုင် တယ်ဆိုတာ နိုင်ငံရေး ပါတီကြီးတခုအနေနဲ့ သတိပြုသင့်တယ်`ဟု ရန်ကုန်မြို့မှ ဗဟိုတရားရုံးရှေ့နေ ဦးသန်းထွန်းက သုံးသပ် ပြောဆိုခဲ့သည်။


သတင်း....နေလင်း(မြစ်မခ)

မြန်မာတိုင်းဂျာနယ်မှ အယ်ဒီတာနှင့် သတင်းထောက်များ ဆယ်ဦးထက်မနည်း အစုလိုက်နှုတ်ထွက်

အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်ဖြစ်သော မြန်မာတိုင်းဂျာနယ်မှ အယ်ဒီတာများနှင့် သတင်းထောက် ၁၂ဦးခန့် ရုတ်တရက် တပြိုင်တည်း နှုတ်ထွက်မှုတစ်ရပ် ပြီးခဲ့သည့် အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း အဆိုပါတိုက်မှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

နှုတ်ထွက်ကြသူများသည် ယခင်စက်မှု ၁ ၀န်ကြီးဟောင်း ဦးအောင်သောင်းသား ပိုင်ဆိုင်သည့် IGE ကုမ္ပဏီမှ ထုတ်ဝေမည့် သတင်းစာစောင်တွင် သွားရောက် လုပ်ကိုင်မည့်သူများ ပါဝင်သလို များမကြာမီ ထုတ်ဝေမည့် သတင်းဂျာနယ် တစ်စောင်တွင် ကူးပြောင်း လုပ်ကိုင်မည့် သူများလည်း ပါဝင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“သုံးပုံနှစ်ပုံလောက်က အိုင်ဂျီးအီးမှာ လုပ်မှာ လစာကောင်းကောင်း ပေးတာရယ် တခြားအကြောင်းတွေရယ် ရှိမှာပေါ့ သေချာချာတော့ မသိဘူး”ဟု ထွက်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်လို့ အထက်ပါသတင်းထောက်က မှတ်ချက် ပြုပြောဆိုသည်။

မြန်မာတိုင်းဂျာနယ်ပိုင်ရှင် ဒေါက်တာ တင်ထွန်းဦးသည် မီဒီယာလုပ်ငန်းကို စိတ်ဝင်စားသော် လည်း ငွေရေးကြေးရေးနှင့် ပတ်သက်လျှင် စီးပိုးသူ တစ်ဦးဖြစ်ကြောင်း အထူးသဖြင့်စာမူခပေးရာတွင် ကပ်စီးနည်းလွန်းသူဖြစ်ကြောင်း လွန်ခဲ့သည့်ငါးနှစ်ခန့်က ဒေါက်တာတင်ထွန်းဦး စွယ်စုံ မီဒီယာဂရုမှ ပိုင်ဆိုင်သော ပြည်မြန်မာ ဂျာနယ်တွင် လုပ်ကိုင်ခဲ့သူတစ်ဦးက ဆိုသည်။

“ဘာသာပြန် စာမူတစ်ပုဒ်ချင်းကို ပေတံနဲ့ တိုင်းပြီးတော့ ဘယ်နှစ်လက်မအတွက်ဆို ဘယ်လောက်ဆိုပြီး ပေးတယ် တော်တော်ဆိုးတယ် ခံရတဲ့လူက အောင့်သက်သက်နဲ့”ဟု ၎င်းက ဝေဖန်ပြောဆိုသည်။

မြန်မာတိုင်း ဂျာနယ်ကို ပူးတွဲပိုင်ဆိုင်သည်ဆိုသော(စာတည်မှူးလည်းဖြစ်သူ) သြစတေးလျှလူမျိုး မစ္စတာ ရော့(စ်)ဒန်ကီလေသည် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ လူမူရေးပြဿနာများနှင့် အရေးယူခံရပြီးနောက် မြန်မာတိုင်းဂျာနယ်ကို ဒေါက်တာ တင်ထွန်ဦး တစ်ယောက်တည်းကသာ ပိုင်ဆိုင် တော့သည်ဟု မြန်မာစာနယ်ဇင်းလောကတွင် ပြောဆိုမှုများ ရှိသည်။

မြန်မာကွန်ဆိုလီဒိတ်တက် မီဒီယာမှထုတ်ဝေသည့် မြန်မာတိုင်း(မ်) သတင်းနှင့် စီးပွားရေးဂျာနယ်တွင် စာတည်းမှူး၊ ထုတ်ဝေရေး၊ ကြော်ငြာနှင့် သတင်းထောက်များအပါအ၀င် အယ်ဒီတာအဖွဲ့တွင် ၀န်ထမ်းအင်အား အယောက် ၄၀ ခန့် ရှိသည်။

သတင်း...မိဖြူ

ပြည်တွင်းသတင်းဂျာနယ်နှစ်စောင် နောက်ဆက်တွဲတင်ခွင့်ပိတ်

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းသမီး ဒေါ်မမပိုင် Hot News Journal နှင့် ရွှေသံလွင် ဦးကျော်ဝင်း၏ ထောက်ပံ့မှုဖြင့် ရပ်တည် နေသော Envoy Journal တို့သည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်သဖြင့် နောက်ဆက်တွဲစာမူ တင်သွင်းခွင့်ကို ပိတ်ပင် လိုက်ကြောင်း သိရသည်။

စာပေစိစစ်ရေး၏ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခြင်း ဖြစ်ကြောင်း စာပေစိစစ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သြဂုတ်လ ၁၅ ရက်ထုတ် Hot News Journal အတွဲ(၂)၊ အမှတ်(၅၃)နှင့် သြဂုတ်လ ၁၈ ရက်ထုတ် Envoy Journal အတွဲ(၂)၊ အမှတ်(၁၇) တို့သည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ စည်းကမ်းများကို ဖောက်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီဂျာနယ်နှစ်စောင်ကို နောက်ဆက်တွဲစာမှုတင်ခွင့် ပိတ်တဲ့ကိစ္စကို ဂျာနယ်တိုင်းကို ထုတ်ပြန် ချက်တစ်စောင်စီ ပေးထားပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ယင်း ထုတ်ပြန်ချက်တွင် စည်းကမ်းချိုးဖောက်မှုများသည် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ အဆင့် ဆင့် ပြောင်းလဲကျင့်သုံးလာသည့် စာပေစိစစ် ရေးမူများကို လိုက်နာလျက်ရှိသော စာစောင်များအတွက် မျှတမှု မရှိသည့်အတွက် ဤကဲ့သို့ အရေးယူခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Envoy Journal မှ သတင်းထောက်တစ်ဦးက “အန်တီစု ခရီးစဉ်သတင်း ဖော်ပြတဲ့နေရာမှာ ဓာတ်ပုံတစ်ပုံပဲ ခွင့်ပြုတာကို ကျွန်မတို့က သုံးပုံ တင်လိုက်တယ်လေ။ အဲဒီကိစ္စကြောင့် ကျွန်မတို့ အရေးယူခံရတာ”ဟု ဆိုသည်။

နောက်ဆက်တွဲစာမူ တင်ခွင့်အား သြဂုတ်လ ၁၈ ရက်မှစ၍ ပိတ်ပင်လိုက်ကာ၊ မည်သည့် အချိန်တွင် ပြန်လည်ခွင့်ပြုမည်ကို မသိရှိသေးကြောင်း ကာယကံရှင်ဂျာနယ်များမှ တာဝန်ရှိသူများက တစ်ညီတစ်ညွတ်တည်း ဆိုသည်။

အစိုးရသစ် တက်ပြီးကာလတွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ သတင်းဂျာနယ်နှင့် အခြားဂျာနယ်များအား ကဏ္ဍအလိုက် အုပ်စုများခွဲကာ စည်းကြပ်ခဲ့ပြီး အချို့ဂျာနယ်များကို ကာလအနည်းငယ် ပိတ်ပင်ခဲ့သည့် ဖြစ်ရပ်များ ရှိကြောင်း သိရသည်။

သတင်း.....YC(KS)

25 August 2011

အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးနှင့် မျက်နှာချင်းဆိုင်လမ်းဘေးရှိ သက်တမ်းရင့်သစ်ပင်ကြီး ပြိုကျ လူ ၄ဦး ဒဏ်ရာရ


ရန်ကုန်မြို့၊ရွေဂုံတိုင် အုတ်လမ်းအနီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့ မျက်နှာချင်ဆိုင် လမ်းတစ်ဖက်ရှိ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီး သည် ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခနှ်ုတွင် လဲပြိုမှု ဖြစ်ခဲ့ရာ လူ၎ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ရွှေဂုံတိုင် လမ်းမပေါ် ဖြတ်သန်းသွားနေသော ၁၀၇ ဟိုင်းလတ်ကားနှင့် ရွှေဧည့်သည်မှန်လုံကားတို့မှာ ပြိုကျသော သစ်ပင်၏ အကိုင်းအခက်များကြောင့် အဆိုပါ ကားနှစ်ဆင်းပေါ်မှ လူ ၄ ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြိုလဲကျလာသော သစ်ပင်ကြောင့်၁၀၇ လိုင်း ကားခေါင်းပိုင်းပိကာ ယာဉ်ဘေးနှင့် ဘေးမှ ခရီးသည် ၂ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ ရွှေဧည့်သည် မှန်လုံကားမှာလည်း ရှေ့ကားမှန် ခွဲကာ ယာဉ်မောင်း တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဓိက ပြိုလဲခံရသည့် လက်ဖက်ရည်ဆိုင်မှ လူများထိခိုက်မှု မရှိသော်လည်း သစ်ပင်ပြိုကျမှု ကြောင့်ရွေဂုံတိုင် လမ်းပေါ် သွားလာနေသည့် ခရီးသည်တင်ယဉ်များ မှခရီးသည်အချို့ ထိခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

`အဲဒီ သစ်ပင်အောက်မှာဖွင့်ထားတဲ့ ဆိုင်ထဲက လူတွေကတော့ ဘာမှ မဖြစ်လိုက်ဘူး။ သစ်ပင်က သစ်ပင်အောက်မှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ပေါ်ကိုလဲ ကျပြီး ကားလမ်းမပေါ် ရောက်လာတာ လိုင်းကားပေါ်က ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေတော့ ထိခိုက်ဒဏ်ရာတော်တော်လေးရသွားတယ်´ ဟု သစ်ပင်လဲကျသည့် နေရာမျက်နှာချင်းဆိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင်ရောက်ရှိနေသူတစ်ဦးက ပြောသည်။

အဆိုပါ သစ်ပင်ပိမှု ဖြစ်ပွားသည့် လက်ဖက်ရည်ဆိုင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လှုပ်ရှားမှု များကို စောင့်ကြည့်မှု ရှိနေသည့် ပြည်တွင်းထောက်လှမ်းရေး အသိုင်းအ၀ိုင်း တို့ဖြင့် ပုံမှန်စည်းကားတက်သည့် ဆိုင်ဖြစ်သော်လည်း ပြိုကျမှု ဖြစ်ပွားခဲ့သည့် အချိန်မှာ လာရောက်သူနည်းပါးတက်သေးသည့် နံနက်ပိုင်းစောစောဖြစ်သဖြင့် ယခုကဲ့သို့ အန္တရယ် ကင်းလွတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပတ်ဝန်းကျင် နေထိုင်သူတို့က ပြောသည်။

“အဖွဲ့ချုပ်မှာ ဆောင်ရွက်မှု တစ်စုံတစ်ရာရှိနေချိန်ဆို အချိန်ရွေးချယ်မှု မရှိပဲ အဲ့ဆိုင်လေးမှာ လူပြည့်နေတက်တယ်။ဒီနေ့တော့ အဖွဲ့ချုပ်မှာ ပုံမှန်နေ့တစ်နေ့ပဲ ဖြစ်နေတော့ မနက်စောစော စောင့်ကြည့်သူနည်းနေတာက ထိခိုက်မှုတွေကို နည်းပါးသွားစေတာပေါ့” အဆိုပါပတ်ဝန်းကျင် အနီးဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

ယခုလဲပြိုသွားသည့် အပင်သည်နာဂစ်ကာလတွင်း ကြံခိုင်မှု ထိခိုက်ခံထားရသည့် အပင်ဖြစ်ပြီး နာဂစ်တိုက်ခတ်စဉ်က ကိုင်းကျိုးကြထားသည့် အပင်ဖြစ်ကြောင်း သိရသည်။

``သစ်ပင်က သက်တမ်းရင့်နေသလို နာဂစ်ဒဏ်လည်းထိထားတယ်။အပင်လဲလာပြီး ကြည့်တော့ အမြစ်တွေမှာ ပိုးကိုက်ထားလို့ ဆွေးနေတယ်´ ဟု အဆိုပါပတ်ဝန်းကျင်တွင်နေထိုင်သူ တစ်ဦးကပြောသည်။

အဆိုပါကုက္ကိုလ်ပင်သည် မျိုးစေ့တစ်ခုတည်းမှ ညီညောင်အပင်အဖြစ် နှစ်ပင်ခွထွက်ပေါ်နေခြင်း ဖြစ်ပြီး ယခုလဲပြိုသည့် အပင်မှာ ကားလမ်းမဖက်ခြမ်းရှိ အပင်ဖြစ်ပြီး ယင်းအပင်နှင့် တစ်ဆက်တည်းဖြစ်တည်နေသည့် အပင်ကျန်ရှိနေသေးကြောင်း အဆိုပါအပင်လဲပြိုလာနိုင်သည့် အန္တရယ် ရှိနေသေးကြောင်း ပတ်ဝန်းကျင် နေထိုင်သူတို့က ပြောကြားကြသည်။

သတင်း..အောင်ကိုကိုလတ်(မြစ်မခ)

လူ့အခွင့်ရေးကိစ္စ တိုးတက်မှု မြန်ဆန်မည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်




မြန်မာနိုင်ငံ၌လူ့အခွင့်ရေးပိုမိုရရှိလာစေရန် မစ္စတာ ကင်တားနားနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးနောက် လူ့အခွင့်ရေးကိစ္စနှင့် ပတ်သက်၍ မြန်ဆန်စွာ တိုးတက် လာလိမ့်မည် ဟုမျှော် လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တားနားသည် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် ယနေ့ ညနေ ၃ နာရီခွဲက ၁ နာရီကျော်ကြာ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ အင်မတန်ကြေနပ်မှုရှိပါတယ် ” ဟုဆိုသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်ရေး အပြည့်အဝ ရရှိရန်အတွက်လိုအပ်ကြောင်း၊ ယင်းအတွက်ဆက်ပြီး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

“လူတစ်ယောက်ကြောင့်ပြောင်းလဲမှုတော့ မဟုတ်ပါဘူး။မြန်မာသူမြန်မာသားတွေကြောင့် ပြောင်းလဲမှာပါ” ဟု၎င်းကဆက်လက်ပြောဆိုသည်။

တွေ့ဆုံမှု၏ အသေးစိတ်ကိုမူ မစ္စတာကင်တားနားက အပြန်ခရီးစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မစ္စတာကင်တားနားကပြောကြားသည်။

မစ္စတာ ကင်တားနားသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး နံနက်ပိုင်းတွင် အင်းစိန် အကျဉ်းထောင်သို့ သွားရောက်ခဲ့ ကြောင်း၊ စက်တင်ဘာလတွင် ပြုလုပ်မည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သော အစီရင်ခံစာကို တင်သွင်းသွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း... Peace Press

အစိုးရသစ်နှင့် မီဒီယာလွတ်လပ်ခွင့်

အစိုးရသစ် စတင်တာဝန်ယူယူခြင်း နိုင်ငံတော် သမ္မတဦးသိန်းစိန် တိုင်းပြည်သို့ ပြောကြားသည့် မိန့်ခွန်းတွင် မီဒီယာလွတ်လပ်ခွင့် ဟူသော စတုတ္ထမဏ္ဍိုင် အကြောင်းကို ထည့်သွင်းပြောကြားသွားခဲ့သည်ကို တွေ့ရပြီး အစိုးရသစ်မဖွဲ့စည်းမှီ ရွေးကောက်ပွဲ အကြိုကာလကပင် သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်သည့် ဖြေလျော့မှုအချို့ကို လည်းတွေ့ခဲ့ရပြီးဖြစ်သည်။

ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် မီဒီယာလွတ်လပ်မှု ပိုမိုရရှိလာမည်ဟု မျှော်လင့်ခဲ့ကြပြီး အမှန်တကယ်လည်း မီဒီယာ လွတ်လပ်ခွင့်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များနှင့် လုံးဝကွဲပြားစွာရရှိခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။ သို့ရာတွင် လွတ်လပ်စွာရေးသား ဖော်ထုတ်ခွင့်ဟူသော သစ်သီးကို အာသာငမ်းငမ်းတပ်မက်လာခဲ့သည့် မြန်မာ့မီဒီယာလောကသည် အစိုးရမှ ဖြေလျော့ တန်သမျှ ဖြေလျော့နေ သည့်တိုင် အာသာ မပြေနိုင် သေးဟုဆိုရ မည်ဖြစ်ပြီး ထိုအချက်ကို အပြစ်မတင်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်သူလူထုအတွင်း၌ နှစ်ပေါင်းများစွာ ပြန်လှန်မပြောဝံ့ဘဲ ကြိတ်မှိတ်ခံစားခဲ့ရသော ဒုက္ခများ၊ ဝေဒနာများအတွက် ရင်ဖွင့် စရာများ၊ ဟစ်ကြွေးစရာများ မှာ ပြော၍မကုန်နိုင်အောင်ပင် ရှိနေကြရာ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်ဟူသော မျှော်လင့် ချက် ရောင်ခြည်လေးသန်းလာချိန်တွင် မျိုသိပ်ထားရသမျှ စိတ်လွတ်ကိုယ်လွတ် အားပါးတရ ရင်ဖွင့်လိုကြ၊ ဒီမိုကရေစီ အစိုးရဆိုသူ အား တိုင်တည်လိုကြသည်။

ဤတွင် ပြည်သူ့အသံကို ကိုယ်စားပြုရသည့် မီဒီယာသည် ပြည်သူတို့၏ ထောင်သောင်းချီသော အသံပေါင်းစုံကို အားကြိုးမာန်တက်ရေးသားတင်ပြ လိုသည်မှာ အပြစ်တင်ရမည့် ကိစ္စမဟုတ်တော့ပေ။ သို့ရာတွင် ဒီမိုကရေစီရပြီ ဟုဆိုတိုင်း၊ အရပ်သားအစိုးရတက်လာပြီဆိုတိုင်း မိမိတို့သည် အမှန်တရားကို ထုတ်ဖော်ခြင်းဖြစ်၍ ရေးချင်ရာရေး၍ ရပြီဟု မယူဆအပ်ပေ။ ဤသည်မှာ အစိုးရကို ဖော်လံဖား လုပ်ခြင်းမဟုတ်၊ မရှိတာထက် မသိတာခက်ဆိုသကဲ့သို့ပင် မိမိတိုင်းပြည်၏ အခြေအနေကို သဘောပေါက် နားလည်သင့်သည့် အခြေအနေလည်းဖြစ်သည်။

တိုင်းပြည်ကား စစ်အစိုးရမှ ပုဂ္ဂိုလ်များ ၊ တနည်းအားဖြင့် မီဒီယာလွတ်လပ်ခွင့်ကို နားခါးခဲ့ကြသူများ၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီစနစ်ကို စတင်ကူးပြောင်းခဲ့ရခြင်းဖြစ်သည့်အားလျော်စွာ ထိုပုဂ္ဂိုလ်ကြီးများ အနေဖြင့်လည်း ရင်တထိတ်ထိတ်ဖြင့် ခွင့်ပြု ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် စစ်သားဘဝမှ သမ္မတဘဝသို့ ကူးပြောင်းခဲ့သည့် အနှီပုဂ္ဂိုလ်ကြီးများကို ဒီမိုကရေစီ ဒေါင်ဒေါင်မြည် နိုင်ငံကြီးများမှ သမ္မတကြီးများ၊ အစိုးရဝန်ကြီးများကို ဝေဖန်သကဲ့သို့ပြောင်ပြောင်တင်းတင်းဝေဖန်နိုင်သည့် အခြေအနေကို မမျှော်လင့်သင့်သေးသည့် အခြေအနေလည်း ဖြစ်သည်။

ယခင်က မည်သူ့ကိုမျှ မဝေဖန်ရဟူသော နေရာတွင် မင်းတုန်းမင်းကြီး၏ “ နန်းတွင်းအရာရှိများမကောင်းလျှင် ယင်းတို့ကိုရေး၊ ငါမကောင်းလျှင်၊ ငါ့ကိုရေး၊ မိဖုးရားမကောင်းလျှင် မိဖုရားကိုရေး” ဟူသကဲ့သို့ သတင်းလွတ်လပ်ခွင့်မျိုး မရသေးသည့်တိုင် အစိုးရသစ်အနေဖြင့် “ နိုင်ငံတော်ဝန်ထမ်းများမကောင်းလျှင် ယဉ်ယဉ်ကျေးကျေး နှင့် သက်သက်ညှာညှာ သက်သေသက္ကာယ ခိုင်လုံစွာရေး၊ ငါတို့မကောင်းလျှင် မရေးနှင့်ဦး တိုးတိုးတိတ်တိတ် လာပြော၊ နောက်တော့ပြင်ပါ့မယ် ” ဆိုသည့် အခြေအနေတစ်ရပ်ကိုတော့ လက်ခံသည့် အခြေအနေတော့ ရှိလာသည်ဟုဆိုရမည်။ မည်သို့ပင်ဆိုစေကာမူ သတင်းမီဒီယာအနေဖြင့် အစိုးရနှင့် အစိုးရအဖွဲ့၏ မူဝါဒများအပေါ် လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပါသည်။ သို့ရာတွင် ငါ့စကား ငါ့နွားရရ ပြောဆိုခြင်းထက် အကျိုးအကြောင်းခိုင်လုံစွာ ရေးသားတင်ပြနိုင်လျှင် ပိုကောင်းသည်။ ဒီမိုကရေစီ ဆိုသည်မှာ အစိုးရကို ဆဲဆိုခွင့်၊ ရိုင်းပျစွာရေးသားခွင့်မဟုတ်သည်ကို သတိချပ်ရာသည်။

သမ္မတဦးသိန်းစိန် အစိုးရ၏ မူဝါဒများကို ဝေဖန်ရာတွင် အမေရိကန်သမ္မတ အိုဘားမား၏ အစိုးရအဖွဲ့နှင့် ခိုင်းနှိုင်း ဝေဖန်လျှင် မတရားရာ ကျမည်။ အိုဘားမားနှင့် အမေရိကန်မီဒီယာ တနည်းအားဖြင့် ယင်းအစိုးရနှင့် ယင်းနိုင်ငံ၏ မီဒီယာတို့ကား ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းသုံးရာကျော်ဖြတ်သန်းခဲ့ရသော လူ့အဖွဲ့အစည်းကြီးတွင် ကျင်လည်ခဲ့ရခြင်းဖြစ်ရာ အစိုးရမှ မီဒီယာ၏ ဝေဖန်မှုကို လက်ခံနိုင်စွမ်းရှိမှုနှင့် မီဒီယာ၏ မျှတသော ဝေဖန်မှုဟူတည်း ဟူသော အပေးအယူနှစ်ခုမှာ ညီညွတ်မျှတ နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာ့မီဒီယာလောကသည် ဒီမိုကရေစီ ဒေါင်ဒေါင်မြည်နိုင်ငံကြီးများကဲ့သို့ လွတ်လပ်စွာ မရေသေး ပါဟုဆိုလျှင် မြန်မာ့ဒီမိုကရေစီစနစ်သည် လသားမျှပင် ရှိသေးသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရာသည်။ မြန်မာ့ မီဒီယာလွတ် လပ်ခွင့်ကား အခြားဒီမိုကရေစီ နိုင်ငံများနှင့်ယှဉ်လျှက် ကကြီးကခွေးသာ ရှိသေးသည်ဟု ဆိုငြားအံ့၊ မြန်မာ့ဒီမိုကရေစီ သည်လည်း စလုံးရေ စပင်ရှိပါသေးသည်ဟု ဆိုရမည်သာ။

နိုင်ငံတွင် အဆင်သင့် မဖြစ်သေးသည့် မူဝါဒတစ်ရပ်ကို ဝေဖန်နေလျှင် ရေးသားထောက်ပြနေလျှင် အစိုးရအတွက် အခက်အခဲဖြစ်ပေမည်။ ယခုအချိန်သည် တိုင်းပြည်ကို ပြန်လည် တည်ဆောက်နေရသေးချိန်ဖြစ်ရာ အစိုးရကို ထိန်းကျောင်းတည့်မတ်ဖို့ထက် လမ်းလျှောက်သင်ကာစ အစိုးရကို ကူညီဖေးမသည့် အရေးအသားမျိုးဖြစ်သင့်သည်။ အဂတိလိုက်စားမှု မကောင်း ဆိုသည်မှာ လူတိုင်းသိသော အရာတစ်ခုဖြစ်သည်။

ထိုကိစ္စကို အထောက်အထားနှင့်တကွ တိုင်ကြားလျှင် အရေးယူပါမည်ဟု လည်းအစိုးရ က ကြေညာထားပြီးဖြစ်သည်။ ထိုကဲ့သို့ အဂတိ လိုက်စားမှု အကြောင်းသာ ရေးသားရလျှင် မြန်မာပြည်တွင် ထုတ်သည့် ဂျာနယ်အားလုံး၏ စာမျက်နှာအားလုံးတွင် တစ်နှစ်လောက် နေရာယူသွားဖွယ်ရှိသည်။ အမှန်တရားကို ရေးသား ခြင်းဖြစ်သော်လည်း အဂတိလိုက်စားမှုဖြင့် အစိုးရက အရေးယူလျှင် တစ်တိုင်းပြည်လုံးရှိ ဝန်ထမ်းမှန်သမျှ ထုတ်ပယ်ရန်သာ ရှိတော့သည်။ ထိုသို့ထုတ်ပယ်ခဲ့လျှင် ဗျူရိုကရေစီ ယန္တရား ပြိုသွားမည်၊ သာမန်လဘက်ရည်ဖိုးဖြင့် ပြီးနိုင်သည့် ရုံးလုပ်ငန်းတစ်ခု သည် လေး ငါးရက်ခန့်ကြာ သွားသည့် ကြိုးနီစနစ် မျိုးပြန်ဖြစ်သွားနိုင်သည်။

ထို့ကြောင့် မီဒီယာအနေဖြင့် ထောက်ပြပြောဆိုသင့် သည်မှာ ဝန်ထမ်းများ အဂတိလိုက်စားခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည့် လစာငွေမလုံလောက်မှု၊ ပြည်သူ့အုပ်ချုပ်ရေး ပညာရပ်များ ခေတ်နှင့်လျော်ညီစွာမရှိမှု စသည်တို့ကို ထောက်ပြပြောဆို၍ လစာငွေမြှင့်တင်ပေးရေး၊ အစိုးရဝန်ထမ်းများ အရည်အသွေးတိုး တက်မြင့်မားရေး၊ ကြိုးနီစနစ်တွင် မလိုလားအပ်သည့် ဥပဒေများ လျော့ချရေးနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ် များကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရေးများကို ရေးသား အကြံပြုရမည်။ ထိုသို့ တစ်ဖက်ကလည်း အဂတိ လိုက်စားမှု လျော့ချနိုင်ရန် အကြံပြုရေးသားသလို အစိုးရမှ အဂတိလိုက်စားသည့် ဝန်ထမ်းကို အရေးယူသည့် သတင်းများကို အသိအမှတ် ပြုဖော်ပြသင့်သည်။

အဂတိ လိုက်စားမှုကို မီဒီယာလွတ်လပ်ခွင့် ဟူသော အယူအဆစွဲကိုင်၍ ရေးကောင်းတိုင်းရေးနေလျှင် တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ မနည်းမနော အလုပ်ပြုတ်သည့် သတင်းများသည် ဂုဏ်ယူစရာမဟုတ်၊ စာစောင်ရောင်းအားတက် သော်လည်း တစ်နိုင်ငံလုံး သူခိုးချည်းဟူ၍ နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းဖွယ်ရာသာ ဖြစ်ပေလိမ့်မည်။

သြဂုတ်လ ၂၂ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မီဒီယာများ၏ ဝေဖန်အကြံပြုမှုကို ခံယူသွားမည်ဟု ကတိပေးခဲ့သည်။ ပြုပြင်ပြောင်းလဲမှုကို လိုလားသည့် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌလည်း ရှိနေချိန်တွင် ပြည်ပန်းညို ချိုပါလျှက် ဆားကဖျက်ဟူသော ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးလည်းရှိနေသေးသည်ကို သတိပြုရဦး မည်။ အနှီပုဂ္ဂိုလ်ကြီးကြား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၏ မိန့်ခွန်းကိုပင် ကန့်သတ်ဆင်ဆာဖြတ်နိုင်သည့် အခွင့်အာဏာရှိပြန်ရာ သတင်းသမားတို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရသည့်အချက်မှာ ဝမ်းနည်းစရာတော့ မဟုတ်ပေ။

မီဒီယာကို မီဒီယာနှင့် ပြန်တိုက်ရမည်ဟု ကြွေးကြော် ထားသည့် ဦးကျော်ဆန်း၏ အစိုးရသစ်လက်ထက် သတင်းစာရှင်းလင်းပွဲများကို အသေအချာ လေ့လာကြည့်ပါက ယခင် အစိုးရဟောင်းလက် ထက်နှင့် ထူးမခြားနားဖြစ်သည်ကို သတိပြုမိပေလိမ့်မည်။ သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ယခင်အစိုးရဟောင်း မှ လေသံများကို စွန့်လွှတ်၍ အပြုသဘောဆောင်သည့် မိန့်ခွန်းများ ပြောဆို လာကြချိန်တွင် ပြန်ကြားရေးဝန်ကြီးမှာ အပြောင်းအလဲမရှိဟု ဆိုရမည်ဖြစ်ပြီး ထိုသို့ အပြောင်း အလဲမရှိခြင်းမှာလည်း တမင်တကာပင် လုပ်ယူထားခြင်းဖြစ်သည်ကို သတိပြုရမည်။ ဦးကျော်ဆန်းကား အပြောင်းအလဲ ပြုလုပ်လိုသူမဟုတ်။

ပြည်သူ၏ အမြင်တွင် အစိုးရသစ်မှာ အပြောင်းအလဲမရှိ၊ ယခင်စစ်ဗိုလ်ချုပ်ဟောင်းများသား ဆက်လက်အုပ်ချုပ်မည်၊ စစ်အစိုးရနှင့် ဘာမှ မထူးဟူသော မက်ဆေ့ကို တမင်တကာပေးနေသည်။ အကြောင်းမှာ ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်နေကြသူများကို လက်လျော့အားပျက် သွားစေရန်ဖြစ်သည်။ အပြောင်းအလဲမရှိဟု ယူဆသူများပြားလေလေ ဒီမိုကရေစီ အခြေခံအုတ်မြစ် တည်ဆောက်နိုင်မှု အားပျော့လေဖြစ်ရာ ထိုသို့ ဒီမိုကရေစီ စံနှုန်းများ အားပျော့လာသည်နှင့်အမျှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတွက် စံနှုန်းများတည်ဆောက်နိုင်မှုလည်း အားလျော့သွားပေလိမ့်မည်။ ထို့ကြောင့် မြန်မာ့မီဒီယာ အနေဖြင့် ပြန်ကြားရေးဝန်ကြီး၏ ပရိယာယ်အတွင်း မသက်ဆင်းမိရန်လိုအပ်ပြီး လက်ရှိ အခြေအနေကို စိတ်ပျက်အားလျော့ခြင်းမပြုဘဲ တိကျမှန်ကန်သော သတင်းများကို လိမ်မာပါးနပ်စွာ ထုတ်ပြန်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

နိဂုံးချုပ်ဆိုရပါမူ လက်ရှိအခြေအနေကား နိုင်ငံတော်မှာ ဒီမိုကရေစီ ဒေါင်ဒါင်မြည်မဖြစ်သေး။ ဒီမိုကရက်တစ် စံနှုန်းများတည်ဆောက်နေသေးချိန် ပင်ဖြစ်ရာ အခြားတိုင်းပြည်များနှင့် မနှိုင်းယှဉ်အပ်ပေ။ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ရေးသားပိုင်ခွင့် ဟူသော ဆန္ဒကို အသာမြိုသိပ်၍ နိုင်ငံတည်ဆောက်ရေးအတွက် တစ်နည်းအားဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် အစိုးရနှင့်သာမက ပဉ္စမမဏ္ဍိုင်ဖြစ်သော ပြည်သူလူထုကြီးနှင့် လက်တွဲဆောင်ရွက်နေသည့် စတုတ္ထမဏ္ဍိုင်အဖြစ် ခံယူထားရမည့် အခြေအနေပင်ဖြစ်သည်။

ဆောင်းပါး...Y C