13 October 2010

မန္တလေး-မိုးကုတ်လမ်းပိုင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသောကြောင့် ရေလွတ်ရာသို့ ယာယီရွှေ့ပြောင်းသူများမြင်ကွင်းပုံရိပ်



မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်နေ့များက ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့သည့် နည်းတူ အောက်တိုဘာလ ၁၁ ရက်နေ့၊ ၁၂ ရက်နေ့ များတွင်လည်း ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ ၈ ရက်နေ့ နှင့် ၉ရက်နေ့များက မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ မန္တလေး၊ အမရပူရမြို့ များ အနီးတစ်ဝိုက်၌ စံချိန်တင်မိုးရေချိန်များဖြင့် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆည်များ၊ချောင်းများ၊အင်းအိုင်များရေပြည့်ရေလျှံမှုများဖြစ်ကာမန္တလေးမြို့ပေါ်ရှိရပ်ကွက်အများအပြားတွင်လည်း ရေလွှမ်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာလ ၁၀ ရက်မှစ၍ မိုးရွာသွန်းမှု ရပ်ဆိုင်းသွားခဲ့သော်လည်း မြန်မာပြည်အလယ်ပိုင်းတွင် မိုးရွာသွန်းခြင်း ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ရာ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်၊ မြင်းခြံမြို့နယ်၊ တံတားဦးမြို့နယ်များ၌ ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။


မြန်မာပြည် အလယ်ပိုင်း၌ မိုးဆက်လက် ရွာသွန်းနေမှုကြောင့် မန္တလေးတိုင်းဒေသကြီးမှ မန္တလေး၊ ပုသိမ်ကြီး၊ အမရပူရ၊ တံတားဦး၊ မတ္တရာ၊ စဥ့်ကူး၊ စဥ့်ကိုင်၊ မြစ်သား၊ မြင်းခြံစသော မြို့နယ်များအပြင် စစ်ကိုင်းတိုင်းဒေသကြီးမှ ညောင်ပင်ဝန်း၊ မုံရွာ၊ မကွေးတိုင်း ဒေသကြီးမှ ပခုက္ကူ၊ မင်းဘူး၊ ရေနံချောင်းစသော မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှု များရှိခဲ့သည်ဟု သိရှိရပါသည်။

"ကျွန်တော်တို့ ည ၂ နာရီမှာ ဘောင်ကြီးတံတားကို ရောက်တယ်။ ရောက်တော့ လမ်းမပေါ်ရေတွေ လျှံနေတဲ့အတွက် သွားလို့မရတော့ဘူး။ ရေပြန်ကျတဲ့အထိ စောင့်ရုံပဲရှိတော့တယ်။ ကျွန်တော်တို့လိုပဲ တခြား ကုမ္ပဏီကားတွေနဲ့ စဥ့်ကူးလိုင်းကား တွေလည်း ရေပြန်အကျကို စောင့်နေကြတယ်"ဟု ငါးအိုးရွာသို့သွားမည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါသည်။

မန္တလေး-မိုးကုတ် ကားလမ်းပိုင်း မတ္တရာမြို့နယ်အတွင်းသာမက စဥ့်ကူးမြို့နယ်အတွင်း၌လည်း ကားလမ်းပေါ်တွင် ရေလျှံလျက်ရှိကြောင်း သိရသည်။ မိုင်တိုင် ၃၇ တွင်ရှိသော တရော်ပင်ကျေးရွာ၊ မိုင်တိုင် ၄၂ တွင်ရှိသော ညောင်ဝန်းကျေးရွာ၊ မိုင်တိုင် ၄၉ နှင့် ၅၀ အကြားရှိ လက်ပံလှတို့တွင်လည်း ရေကြီးရေလျှံလျက် ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်မှစ၍ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မိုင်တိုင်အမှတ် ၂၄ မိုင် ၇ ဖာလုံရှိ ဘောင်ကြီးတံတားမှ မိုင်တိုင်အမှတ် ၂၅ မိုင် ၇ ဖာလုံရှိ တံငါတံတားအထိ ရေပြင်အကျယ် တစ်မိုင်ခန့် ရေလွှမ်း မိုးမှုကြောင့် မန္တလေး-မိုးကုတ် ကားလမ်းကို ယာယီရပ်နားထားရကြောင်း သိရှိရသည်။




"ရေကတော့ လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက စတက်လာတာပါ။ ကားလမ်းပေါ် ရေမကျော်သေးတော့ သွားလို့လာလို့ ရသေးတယ်။ ဒါပေမယ့် အောက်တိုဘာလ ၁၁ ရက်နေ့ ညသန်းခေါင်လောက်က စပြီးရေကတက်လာတော့ လမ်းတွေပါ ကျော်သွားတယ်။ လမ်းမပေါ် အနက်ဆုံးနေရာမှာ ငါးပေလောက် အထိရှိတယ်။ ရေစီးကလည်းသန်တော့ လမ်းမပေါ်မှာ ဖြတ်သန်းသွားလာဖို့ မလွယ်တော့ဘူး။ တချို့ ယောက်ျားကြီးတွေ ရေထဲဖြတ်သွားတုန်း ဟန်ချက်ပျက်ပြီး မျောသွားလို့ လိုက်ဆယ်ရတာတွေရှိတယ်။ အခုတော့ စက်လှေတွေကိုပဲ အသုံးပြုပြီး သွားနေရတယ်။ ဘောင်ကြီးတံတားနဲ့ တံငါးတံတားအကြား လူတစ်ယောက် ကို စက်လှေခ ကျပ် ၁၀၀၀ ပေးမှရတယ်"ဟု ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသူ မီးသတ်ရဲဘော် တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ တွင် ရေများတက်လာသည့်အတွက် ဘောင်ကြီးချောင်းဘေးတွင် ယာယီတဲများဖြင့် နေထိုင်လျက်ရှိကြောင်း၊ စားသောက်ရေးအတွက် မတ္တရာမြို့ပေါ်ရပ်ကွက်များမှ ဆန်များ၊ ထမင်း ထုပ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။




"လက်ပံလှမှာ လက်ပံလှ စည်ပင်သာယာဈေး အပါအ၀င် အိမ်ခြေ ၃၀၀ လောက် ရေနစ်မြုပ်သွားတယ်။ ပိုဆိုးတာက လက်ပံလှအ၀င် ပြည်စိုးအောင် ရပ်ကွက်မှာရှိတဲ့ တံတားတစ်စင်းနဲ့ နံကပ်နှစ်ထပ်အိမ်တစ် လုံးရေထဲပါသွားတယ်"ဟု လက်ပံလှမှ ဒေသခံတစ်ဦးက ပြောသည်။

မန္တလေး-မိုးကုတ် ကားလမ်းအပိုင်း မတ္တရာမြို့နယ်အတွင်းတွင် သြဂုတ်လအတွင်းက တစ်ကြိမ်၊ စက်တင်ဘာလအတွင်းက တစ်ကြိမ်ရေ လွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ယခုဖြစ်ပွားသည့် ရေလွှမ်းမိုးမှုသည် ယခင်အကြိမ်များ ထက် များပြားကြောင်း သိရှိရသည်။

လက်ရှိကာလသည် မိုးလွန်ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး မိုးလွန်ကာလအတွင်း မုန်တိုင်းနှင့် မိုးကောင်းခြင်းတို့အပေါ်တွင် မူတည်၍ ဒေသအချို့တွင် ရေကြီးရေလျှံမှုများကို ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ပထမပတ်အတွင်း ရေကြီးရေလျှံမှုများ ကြုံတွေ့ရသည့်နည်းတူ ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင်လည်း ယင်းသို့ ကြုံတွေ့ခဲ့ဖူးကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

၂၀၀၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ ညနေခင်းမှ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ခင်းအထိ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်နှင့် အနီးတစ်ဝိုက်တွင် မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ခြင်း နှင့် အထက်ပိုင်းဒေသများ၌ မိုးကောင်းခဲ့ခြင်းတို့ကြောင့် ဒုဋ္ဌ၀တီမြစ်၊ ဇော်ဂျီမြစ်၊ မူးမြစ်၊ ပန်းလောင်ချောင်းတို့တွင် ရေလျှံခဲ့သည်။ ကင်းတားဆည်၊ ငပြောင်းဆည်တို့တွင်လည်း ရေထုထည်များလာမှုကြောင့် ရေလွှတ်ပေးခဲ့ရသည်။

ထို့ကြောင့် ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်နှင့် အမရပူရမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် ရေနစ်မြုပ်ခြင်း၊ ကူမဲမြို့နယ်တွင် ရပ်ကွက်များသို့ ရေများ ၀င်ရောက်ခြင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ နေပြည်တော်-မန္တလေး ရထား လမ်းပိုင်းရေကျော်ခြင်း၊ ရန်ကုန်-မန္တလေး ကားလမ်း ရေကျော်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ထူးခြားမှုအနေဖြင့် ဧရာဝတီမြစ်၊ ချင်းတွင်း မြစ်စသော မြစ်ကြီးများ၌ မြစ်ရေကြီးမှုများ ဖြစ်ပေါ်ခြင်းမရှိခဲ့ဘဲ ပဲခူးမြစ်နှင့် ဒုဋ္ဌ၀တီမြစ်တို့တွင်သာ စိုးရိမ်ရေမှတ် ရောက်ရှိခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်။ ဒုဋ္ဌ၀တီမြစ်သည် ၂၀၁၀ ပြည့်နှစ်အတွင်း စိုးရိမ်ရေမှတ် အထက်သို့ နှစ်ကြိမ်တိုင် ရောက်ရှိခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့တို့တွင် အသီးသီး ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ်သည် ပြီးခဲ့သော ၂၀၀၆ ခုနှစ်ဝန်းကျင်မှ ကြုံတွေ့လာရသည့် ရေကြီးရေလျှံမှုများ ပြားသည့်ဖြစ်စဉ်များကို ထပ်မံကြုံ တွေ့လာရခြင်းဖြစ်ကာ မြစ်ကြီးများ တွင် မြစ်ရေကြီးခြင်းများအစား မြစ် ငယ်များ၊ ချောင်းများတွင် ရေကြီး ရေလျှံခြင်းများ၊ လျှပ်တစ်ပြက် ရေကြီးခြင်းများ များပြားသည့် နှစ်တစ်နှစ်လည်းဖြစ်သည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းသည် လာနီညာနှစ်ဘက်သို့ ယိမ်းနေသည့် အနေအထားတွင်ရှိလာပြီး မိုးလွန်မုန်တိုင်း ဖြစ်ပေါ်မှု၊ မိုးများမှု စသည်တို့ ကြုံတွေ့လာရကာ အောက်တိုဘာလ ပထမပတ်အတွင်း စတင်ဖြစ်ပေါ်သည့် မုန်တိုင်း၏ နောက်ဆက်တွဲ သက်ရောက်မှုများကြောင့်လည်း အလယ်ပိုင်းဒေသ၌သာမက ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ် ဒေသများတွင်ပါ မိုးသည်းထန်ခြင်းများကို ကြုံတွေ့ခဲ့ရသည်။

လာမည့် နိုဝင်ဘာလအတွင်းတွင်လည်း မိုးလွန်မုန်တိုင်းကို ကြုံနိုင်ခြေရှိသည့်အတွက် မုန်တိုင်းနှင့် မိုးများခြင်းကြောင့် ဖြစ်ပေါ်သော သက်ရောက်မှုအချို့ကို ကြုံရနိုင်သည်ဟု news-eleven. ဂျာနယ်တွင်ဖော်ပြထားပါသည်.

ကမ္ဘာကျော် အကျဉ်းသားအများစု အာရှတွင် ရှိသည်


တချို့မှာ အကျဉ်းကျနေဆဲဖြစ်ပြီး တချို့က သေဆုံးသွားကြပြီ ဖြစ်သည်။
ပူပူနွေးနွေး နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘိုကို ထိပ်ဆုံးတွင် တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယ နေရာတွင် ဖော်ပြထားသည်။


လျူရှောင်ဘို (Liu Xiaobo) (၁၉၅၅ - )

အကျဉ်းကျဆဲ။

ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်။ မကြာခဏ ထိန်းသိမ်းခံရသူ လျူ သည် ယခု ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသည်။


ဒေါ်အောင်ဆန်းစုကြည် (၁၉၄၅ - )

အကျဉ်းကျဆဲ။

ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ထိန်းသိမ်း ခံနေရသည့် အချိန် ကာလပေါင်းမှာ ၁၅ နှစ် ရှိသည်။




တောင်အာဖရိက ခေါင်းဆောင် မင်ဒဲလား (၁၉၁၈ - )

လူဖြူအစိုးရက သူ့ကို ၂၇ နှစ် ကြာ ထောင်ချခဲ့သည်။

အကျဉ်းကျစဉ် လူဖြူအစိုးရနှင့် တွေ့ဆုံဆွေးနွေးသည်။ ထောင်မှ လွတ်ပြီး ရွေးကောက်ပွဲဝင်သည်။ အနိုင်ရပြီး သမ္မတ (10 May 1994 – 14 June 1999) ဖြစ်လာသည်။


အိန္ဒိယခေါင်းဆောင် မဟတ္တမ ဂန္ဒီ (၁၈၆၉ - ၁၉၄၈)

ဗြိတိသျှ အုပ်ချုပ်မှု အဆုံးသတ်ရေး လှုပ်ရှားမှုများကြောင့် အကြိမ်ကြိမ် ထိန်းသိမ်းခံရသည်။

အသက် ၇၈ နှစ်အရွယ်တွင် လုပ်ကြံခံရသည်။




မာတင်လူသာကင်း (၁၉၂၉ - ၁၉၆၈)

ပြည်သူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် အကြိမ် ၃၀ ခန့် ထိန်းသိမ်းခံရသူ ဖြစ်သည်။ အသက် ၃၉ နှစ် အရွယ်တွင် လုပ်ကြံခံရသည်။

အမေရိကန်တွင် နှစ်စဉ် ဇန်န၀ါရီလ၏ တတိယမြောက် တနင်္လာနေ့ကို မာတင်လူသာကင်းနေ့အဖြစ် သတ်မှတ်ထားသည်။


Andrei Sakharov (၁၉၂၁ - ၁၉၈၉)

ဆိုဗီယက် နျူကလီးယား သိပ္ပံပညာရှင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ။




ချက်ခေါင်းဆောင် ဗားကလက်ဟာဗဲလ် (၁၉၃၆ - )

ချက်သမ္မတနိုင်ငံ အာဏာရှင် အစိုးရ လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းသူ။



အီရန် စာနယ်ဇင်းသမား Akbar Ganji (၁၉၆၀ - )

၂၀၀၀ ပြည့်နှစ်မှ အစပြုပြီး ၆ နှစ်ကြာ အကျဉ်းချခံရသည်။



ဖိလစ်ပိုင် နိုင်ငံရေးသမား အကွီနို (၁၉၃၂-၁၉၈၃)

ထောင်ထဲတွင် ၇ နှစ်၊ ပြည်ပတွင် ၃ နှစ်ကြာနေထိုင်ခဲ့ပြီး ပြည်တော်ပြန်သည့်နေ့ လေယာဉ်ပေါ်မှ အဆင်းတွင် ပစ်သတ်ခံရသည်။ သူလုပ်ကြံခံရမှုကြောင့် လူထု အုံကြွပြီး အာဏာရှင် မားကို့စ် အစိုးရ ပြုတ်ကျသည်။ သူ၏ ဇနီး ကိုရာဇန် အကွီနိုလည်း နိုင်ငံရေး လောကသို့ ၀င်ရောက်သည်။




ဗီယက်နမ် ခေါင်းဆောင် ဟိုချီမင်း (၁၈၉၀ - ၁၉၆၉)

တရုတ်နိုင်ငံတွင် တနှစ်ကျော်ကြာ အကျဉ်းကျခဲ့သည်။


ရင်းမြစ်...မိုးမခ

မဲဆန္ဒရှင်စာရင်း တရွက်ကို ကျပ် ၂၀၀ နှုန်းနဲ့ ကူးယူရမယ်လို့ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်က ပြော

လူ ၁၀ ဦးပါတဲ့ မဲဆန္ဒရှင်စာရင်း တရွက်ကို ကျပ် ၂၀၀ နှုန်းနဲ့ ကူးယူရမယ်လို့ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်က ပြောနေတာကြောင့် ငွေအမြောက်အမြား ကုန်ကျမယ့်အရေး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ တော်တော်များများ အခက်ကြုံနေပါတယ်။ အဲဒါကြောင့် အခမဲ့ ကူးယူခွင့်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) က တောင်းဆိုထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်တွေရဲ့ စာရင်းကို ဘာကြောင့် အခမဲ့ မပေးနိုင်တာလဲ။ အခမဲ့ မရနိုင်လို့ နိုင်ငံရေးပါတီတွေရော ဘယ်လို အခက်ကြုံနေသလဲဆိုတာ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အတွက် မဲဆန္ဒရှင်တွေရဲ့ စာရင်းကို ရဖို့က အရေးကြီးတဲ့ ကိစ္စပါ။ ဒီစာရင်းကိုရမှ မဲပေးကြဖို့ မဲဆန္ဒရှင်တွေဆီကို ပါတီတွေကနေ ဖိတ်ဖို့ လုပ်ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက မဲဆန္ဒရှင် စာရင်းကို ပါတီတွေအနေနဲ့ အခမဲ့ ကူးယူခွင့် ရပါတယ်။ အခုတော့ လူ ၁၀ ဦး အမည်စာရင်းပါတဲ့ စာရွက်တရွက်ကို ကျပ် ၂၀၀ နဲ့ ကူးပေးမယ်လို့ ရပ်ကွက် ကော်မရှင်ရုံးတွေက ပြောနေလို့ နိုင်ငံရေးပါတီ အများစုက မတတ်နိုင်ဘဲ ဖြစ်နေပါတယ်။

ဒီမိုကရက်တစ် ပါတီကတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီကို အကြောင်းကြားထားတယ်လို့ ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“အဲဒီစာရင်းက ခါတိုင်း ရွေးကောက်ပွဲတွေမှာဆိုရင် ကျနော်တို့ နိုင်ငံရေးပါတီတွေကို အခမဲ့ပေးတယ်၊ ဒါမှမဟုတ်ရင်လည်း ၉၀ ခုနှစ်တုန်းကဆိုရင် ကူးယူခွင့် ပေးတယ်။ စာအုပ်ပေးပြီး အပြင်မှာ ကျနော်တို့ဘာသာ ကူးယူလို့ ရတယ်။ အခုတော့ အဲဒီလို ကူးယူဖို့ ကျနော်တို့ကို ခွင့်မပေးဘူး။ ကိုယ်သိချင်တဲ့ နာမည်လောက်ပဲ သူတို့က ပေးတယ်။ ပြီးတော့ သွားပြီး ဓာတ်ပုံရိုက်လို့လည်း မရဘူး။ သူတို့က ကူးပေးမယ်ပေါ့လေ။ တမျက်နှာဆိုတာ လူ ၁၀ ယောက်ရှိတယ်။ အဲဒီ တမျက်နှာကို ၂၀၀ ပေးရမယ်ဆိုတော့ ကျနော့် မဲဆန္ဒနယ်ဆိုရင် လူ ၁၀၀,၀၀၀ ရှိတယ်။ အဲဒါကို ကူးခ သိန်း ၂၀ ကျမယ်။

“အဲတော့ ကျနော်တို့က ဘယ်လုပ်နိုင်မလဲ။ ကျနော်တို့က ငွေ ၅၀၀,၀၀၀ တင်ဖို့တောင် မနည်းလုပ်ယူရတာ။ အဲဒါတွေ မလုပ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ လုပ်နိုင်တဲ့ အခြေအနေ မရှိတဲ့အကြောင်း သူတို့ကို ရှင်းပြတယ်။ ကျနော်တို့ကို အခမဲ့ ပေးဝေပါ။ ငှားပြီးတော့ ကူးယူခွင့် ပေးပါ။ ဒီလိုမှ အပြင်ကို မငှားနိုင်ဘူး ဆိုရင်လည်း ကျနော်တို့ အဲဒီရုံးမှာ သွားပြီး ကူးမယ်။ ကူးလို့ ကြာတယ်ဆိုရင်လည်း ကျနော်တို့ ဓာတ်ပုံရိုက်ပြီးယူမယ်။ ဒါမှမဟုတ်ရင်လည်း အသံသွင်းပြီးတော့ ယူမယ်။ ကျနော်တို့ ဒီမှာ အခက်အခဲ တွေ့နေပါတယ်။ အဲဒါ အစီအစဉ် လုပ်ပေးပါဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ဆီကို စာတင်လိုက်တာပေါ့ဗျာ။”

ဦးသုဝေဟာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်အရွေးခံမယ့်သူပါ။ မင်္ဂလာတောင်ညွန့်မြို့နယ်ထက် မဲဆန္ဒရှင်ဦးရေ များတဲ့ မြို့နယ်တွေလည်း တော်တော်များများ ရှိပါတယ်။ တချို့နေရာတွေဆို မဲပေးနိုင်သူ ဦးရေဟာ ၆၀၀,၀၀၀ လောက် ရှိပါတယ်။ အဲဒီစာရင်း ရဖို့ဆိုရင် ငွေတွေ အမြောက်အမြား ကုန်ကျပါလိမ့်မယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးအတွက် ကော်မရှင်က သတ်မှတ်ထားတဲ့ အသုံးစရိတ်က ကျပ်သိန်း ၁၀၀ ပဲ ရှိတာပါ။ မဲဆန္ဒရှင်စာရင်း မိတ္တူရနိုင်ဖို့ ကိစ္စတခုတည်း အတွက်နဲ့ ကျပ်ငွေ သိန်း ဆယ်ဂဏန်းနဲ့ ချီပြီး သုံးစွဲဖို့ ဆိုတာက တော်ရုံတန်ရုံ နိုင်ငံရေးပါတီတွေအတွက် မဖြစ်နိုင်တဲ့ ကိစ္စပါ။

လုံခြုံရေး အခြေအနေကို အကြောင်းပြပြီးတော့ မဲစာရင်းကို ဓာတ်ပုံရိုက်ခွင့်လည်း မပေးနိုင်ဘူး ဆိုတာကြောင့် မဲစာရင်း အခမဲ့ပေးဖို့ ပြီးခဲ့တဲ့ ၂ ရက်က ရွေးကောက်ပွဲ ကော်မရှင်ဆီ အကြောင်းကြားစာ သူတို့ ပို့ရတဲ့အကြောင်း ဦးသုဝေက ဆက်ပြီး ရှင်းပြပါတယ်။

“သူတို့က ရပ်ကွက်တွေမှာ ဒီစာရင်းတွေ ပို့တာကိုး။ ရက်ကွက်မှာ သွားတောင်းတော့လည်း သူတို့မှာ အမိန့်က သူတို့ဆီမှာ ကူးပါ။ ဒါပဲ၊ သူတို့ကတော့ အမိန့်ပဲ။ ညွှန်ကြားချက် အတိုင်းပဲ လိုက်နာတာကိုးဗျ။ ကျနော်တို့က အဲဒီလိုဆိုရင် ဓာတ်ပုံရိုက်ပြီး ကူးပါရစေဆိုတော့ သူတို့ရဲ့ လုံခြုံရေးအရ ကူးခွင့်မပေးဘူးလို့ ပြောတယ်။ အဲဒါကြောင့် ကျနော်တို့က စာတင်ရတာ။”

အခုချိန်ထိတော့ ရွေးကောက်ပွဲ ကော်မရှင်ဘက်ကနေ မဲဆန္ဒရှင်စာရင်း အခမဲ့ ကူးခွင့်ပေးမလား၊ မပေးဘူးလား ဆိုတဲ့ကိစ္စ အကြောင်းပြန်မလာသေးပါဘူး။ နောက်လထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ပြိုင်နိုင်ဖို့အရေး မကြာခင်တုန်းကမှ နိုင်ငံရေးပါတီ ဖွဲ့ခွင့်ရခဲ့တဲ့ သူတွေအတွက် အချိန်အခက်အခဲအပြင် ငွေကြေး အခက်အခဲကလည်း တော်တော်ကြုံနေကြရတာပါ။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်းကျပ်မှု အမျိုးမျိုးနဲ့ ကန့်သတ်မှုတွေကြားမှာ နိုင်ငံရေးပါတီတွေ ဘောင်ဝင်အောင် ကြိုးစားနေကြရတဲ့ အချိန်မှာ ငွေကြေးချို့တဲ့မှုကြောင့် သူတို့ရဲ့ လုပ်ငန်းတွေကို လျှော့ချထားပြီး အသုံးစရိတ်တွေကို အကြီးအကျယ် ချွေတာနေရတဲ့ နိုင်ငံရေးပါတီတွေလည်း တော်တော်များများ ရှိနေပါတယ်။

သတင်း..VOA

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ရွေးကောက်ပွဲ မဲထည့်ရန် အတွက် လ၀ကမှ မလုပ်မနေရ မှတ်ပုံတင် အတင်း လုပ်ခိုင်းကာ ငွေးကောက်ခံ

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အသက် ၁၈ နှစ်ပြည့်သူများကို ရွေးကောက်ပွဲတွင် မဲထည့်ရန် အတွက် လူဝကမှ မလုပ်မနေရ မှတ်ပုံတင် အတင်း လုပ်ခိုင်းကာ ငွေးကောက်ခံနေကြောင်း သတင်း ရရှိသည်။

လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) မှ မှတ်ပုံတင်လုပ်ခ အတွက် တဦးလျှင် ကျပ် ၆၀၀၀ ကနေ ၁၀၀၀၀ အထိ ကောက်ခံနေကြောင်း ကျောက်တော်မြို့ခံတဦးက ယခုကဲ့သို့ ပြောသည်။

“လ၀က က လုပ်ခိုင်းတာပါ။ အိမ်ထောင်စု စာရင်းမှာ ပါပြီး မှတ်ပုံတင် မရှိသူတွေကို လုပ်ခိုင်းတာ ဖြစ်ပါတယ်။ အရင်ရှိတဲ့ သူတွေတော လုပ်စရာမလိုဘူး။ အဲဒီမှာ ဓါတ်ပုံရိုက်ခနဲ့ လျှောက်လွှာ ဖြည့်ခ ဆိုပြီး ကျပ် ၆၀၀၀ ကနေ ကျပ် ၁၀၀၀၀ အထိ ပေးရတယ်။ မလုပ်လို့ကို မရဘူး။ အတင်း လုပ်ခိုင်းတာ ဖြစ်ပါတယ်။”

ယခု လုပ်ပေးနေသည့် မှတ်ပုံတင်များမှာ ရွေးကောက်ပွဲတွင် မဲထည့်ရန်အတွက် ယာယီသာ ဖြစ်ကြောင်း သိရသည်။

“ခရီးလွန်နေသူတွေ၊ နိုင်ငံခြားသွားပြီး အလုပ်လုပ်နေသူတွေအတွက်လည်း လုပ်ခိုင်းတယ်။ အခုလုပ်တာက အိမ်ထောင်စုစာရင်းအရ သူတို့ လိုက်ပြီး လုပ်ခိုင်းနေတာ။” ဟုသူက ဆက်ပြော သည်။

ကျောက်တော်မြို့နယ်ထဲမှ တချို့ကျေးရွာများတွင် မိသားစုလိုက် ရန်ကုန်သို့ပြောင်းရွေ့ သွားသည်မှာ ကြာပြီ ဖြစ်သော်လည်း သူတို့၏အမည်များကို ကျေးရွာ မဲစာရင်းတွင် တွေ့နေရကြောင်း ရခိုင် အမျိုးသားတိုး တက်ရေးပါတီ ကျောက်တော်ရုံးမှ တာဝန်ရှိသူ တဦးကပြောသည်။

ယခုကဲ့သို့ အိမ်ထောင်စု တခုလုံး ရန်ကုန်ကို ပြောင်းရွှေ့သွားကြသူများ၏ စာရင်းများပါ မဲစာရင်းတွင် ထပ်ပါလာသဖြင့် မဲမသာမူများ ပေါ်ပေါက်နိုင်ကြောင်း လေ့လာသူများက ပြောသည်။

တဘက်တွင်လည်း ကျောက်တော်မြို့နယ် တွင်ရှိကြသည့် အသက် ၁၈ နှစ် ပြည့်ပြီးသူ မူဆလင် အမျိုးသားများကို မှတ်ပုံတင် ထုတ်ပေးခြင်း မရှိသော်လည်း ရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရမည်ဟု သတင်း ထွက်ပေါ်နေကြောင်း ကျောက်တော်မြို့မှ ထမင်းဆိုင်ပိုင်ရှင်တဦးက ပြောသည်။

သတင်း...နိရဉ္စရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် နအဖ၏၂၀၁၀ရွေးကောက်ပွဲကိုမဲပေးဖို့ငြင်းဆို

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုတာဟာ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လွဲချော်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြလိုက်သလို ရွေးကောက်ပွဲမှာ သူမဲပေးမှာ မဟုတ်ဘူးလို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောလိုက်တယ်လို့ သူ့ကို ဒီကနေ့ သွားတွေ့ခဲ့တဲ့ ရှေ့နေတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် အကြောင်းကြားစဉ် အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုတဲ့အကြောင်း မကြာသေးခင် ရက်ပိုင်းကပဲ နေအိမ်မှာ သွားရောက် အကြောင်းကြားခဲ့တဲ့ အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ဥပဒေကြောင်းနဲ့ လွဲချော်နေတယ်လို့ ပြန်လည်ထောက်ပြခဲ့တာပါ။ ဒါကလည်း ပြီးခဲ့တဲ့ မတ်လက စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေထဲမှာ ပြစ်ဒဏ် ကျခံနေရသူများဟာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိမလို မဲပေးပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားတာမို့ အခု သူ့ကို မဲပေးခွင့် ပေးလိုက်တာဟာ ဥပဒေအရ ကြည့်မယ်ဆိုရင် လွဲချော်နေတယ်လို့ ပြောကြောင်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားတွေ့ခဲ့တဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာ စကားရပ်တခု ပါတယ်။ ထောင်ဒဏ် ကျခံနေရသူ၊ အဲတော့ တရားရုံး တရုံးရုံးက ပြစ်ဒဏ် စီရင်ထားသူကို ဆိုလိုသည်တဲ့။ ထိုသူက အဲဒီ ချမှတ်တဲ့ ပြစ်ဒဏ်ကို မကျေနပ်လို့ အယူခံထားသူလည်း ပါဝင်သည်လို့ ဆိုတော့ ဒေါ်စုက အဲဒီအထဲ ပါနေတာပေါ့။ အခု အယူခံထားတာလည်း မကျေနပ်လို့ အယူခံထားတာ။ အဲတော့ သူက ထောင်ဒဏ်ကျခံနေရသူ ဆိုတဲ့ဘက်မှာ သွားပါတဲ့သဘော ဖြစ်နေတယ်။ ဒေါ်စုက သူ့မှာ Voting Right၊ မဲပေးပိုင်ခွင့် မရှိဘူးဆိုပြီးတော့ အဲဒါကို ရှင်းပြလိုက်တယ်။”

ဒါ့အပြင် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအပေါ် အထူးအယူခံလွှာကို လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ တရားရုံးချုပ် ရန်ကုန်မှာ ကြားနာမှာမို့ ဒီအယူခံလွှာ ကိစ္စအတွက် ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ၂ ဦး ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

“အဓိကတော့ ကျနော်တို့ ပြင်ဆင်လာခဲ့ကြတာနဲ့ ရေးသား လျှောက်လဲချက်ကို ဒေါ်စုကို သွားပြတာ။ အဲတော့ သူကလည်း အဲဒီဟာကို ကျနော်တို့နဲ့ ဖတ်လည်း ဖတ်ကြည့်တယ်၊ ဆွေးနွေးလည်း ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့မှ အချက် လေးငါးချက်ပဲ ထပ်ပြီးတော့ ဖြည့်သင့်တယ်လို့ ပြောတယ်။ ဖြည့်ပေးစေချင်တယ်လို့ ပြောတယ်။ အဲတော့ အဲဒီ လေးငါးချက် ကျနော်တို့ဆီမှာ ပါတယ်။ ကျန်တဲ့ဟာတွေလည်း ရှင်းပြခဲ့တယ်။”

မနှစ် သြဂုတ်လ ၁၁ ရက်နေ့က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်အတွက် မူလ အင်းစိန်တရားရုံးမှာ ၀င်ခဲ့တဲ့ အယူခံကိုလည်း ပယ်ချခဲ့သလို ရန်ကုန်တိုင်း တရားရုံးမှာ မနှစ် စက်တင်ဘာ ၄ ရက်နေ့က တင်တဲ့ အယူခံလွှာကိုလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ ပလပ်ခဲ့ဖူးတာမို့ ၂ ကြိမ်ထိ လက်မခံဘဲ ရှိထားခဲ့ပြီး အခုတော့ တရားရုံးချုပ်မှာ အထူးအယူခံလွှာ လက်ခံ မခံ ကြားနာမှာလည်း ဖြစ်ပါတယ်။

ဒါဟာလည်း စစ်အစိုးရက ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေနဲ့ အစားထိုးခဲ့တယ်လို့ ကြေညာထားပြီးကာမှ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာမှာ အခြေခံဥပဒေဟောင်းကို အသုံးပြုထားတာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ထောက်ပြပါတယ်။

“အင်မတန် အရေးကြီးတဲ့အချက်၊ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ၈၈ ခုနှစ်က ရပ်ဆိုင်းသွားတယ် ဆိုတာကို ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချခဲ့တယ်။ အဲဒါက ကျနော်တို့ရဲ့ အမြတ်၊ အောင်ပွဲ၊ အဲလို ပြောနိုင်တယ်။ သို့သော် တရားသူကြီးက အဲဒီနေရာလေးမှာ အဲဒီလမ်းကြောင်းပေါ် ရောက်ပြီးကာမှ ပြန်ပြီးတော့ ဂကွေ့ ကွေ့ပြီးတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅ ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလ အခွင့်အရေးတွေပေါ့ဗျာ၊ Fundamental Rights တွေ ကန့်သတ်တာပေါ့။ လှည့်ပတ်ပြီး ထွက်သွားတာ။”

ရှေ့နေ ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအတွက် လိုအပ်တာတွေကို ထပ်မံဖြည့်စွက်ပြီးရင် အမှုကို ကြားနာမယ့် အောက်တိုဘာ ၁၈ ရက် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

သတင်းရင်းမြစ်...VOA

အမှိုက်ကပေး တဲ့ ဝေဒနာ

လမ်းဘေး တစ်နေရာတွင် ရေးသား ထားသည့် “အမှိုက်မပစ်ရ” ဟူသော ဆိုင်း ဘုတ် အောက် တွင် အမှိုက် ပုံကြီး ရှိနေ သည်။ လူတိုင်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိ အနည်းနှင့်အများ ရှိနေသှောလည်း မိမိတို့ သုံးစွဲပြီး စွန့်ပစ် ပစ္စည်း အချို့ကို အလွယ် တကူ စွန့်ပစ် သည့် အလေ့ အကျင့်ကို ဖျောက် ဖျက် မရနိုင် သေးပေ။

မိမိပစ်လိုက်သော အမှိုက်တစ်စမှ ပတ်ဝန်းကျင် အတွက် ကြီး ကြီး မားမား ထိခိုက်စေမည်မဟုတ်ဟု တွေးထင်သော လူမျိုး များလာ သောကြောင့် လမ်းတကာနှင့် မြောင်းများတွင် အမှိုက်များ စုပုံနေသည်ကို မြင်တွေ့နေရသည်။ ထို အကျိုးဆက်ကြောင့်မြောင်း များမှာ အမှိုက်များဖြင့် ပိတ်ကာ ရေစီး ရေလာ မကောင်း တော့သဖြင့် မိုးရွာသွန်းမှု များလျှင် လမ်းများပေါ်တွင် ရေလျှံ ခြင်းကို ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် အများဆုံး ကြုံတွေ့လျက် ရှိသည်။ ရေဆိုးရေညစ်များတွင် ခြင်၊ ယင် များ ပေါက်ဖွားလာကာ မလိုလားအပ်သော ရောဂါများ ဖြစ်ပွားစေခြင်း စသည့်ဆိုး ကျိုးများကို ခံစားရ မည် ဖြစ်သည်။

ရပ်ကွက်တိုင်းတွင်ရှိသော ညနေ ၆နာရီမှ မနက် ၆ နာရီအထိ ပစ်ရသော အမှိုက်ပုံမှာ ည ၇ နာရီ လောက်အချိန်တွင် ကြီးမားသော အမှိုက်ပုံအဖြစ် ပြောင်းလဲသွားသည်။ လူနေမှု ထူထပ်လာခြင်းသည်လည်း အကြောင်းရင်း တစ်ခုဖြစ်သည်။ အမှိုက်များမှာ အသုံး ပြုပြီး မလိုအပ်သော စွန့်ပစ် ပစ္စည်းများ ဖြစ်သည့် ကုမ္ပဏီများမှ ထွက်သော အမှိုက်၊ ကျောင်းခန်း များမှ ထွက်သော အမှိုက်၊ လူနေအိမ်များမှ ထွက်သော အမှိုက်၊ စားသောက်ဆိုင်များနှင့် ယာဉ်များမှ ထွက်ရှိသော အမှိုက်များအားလုံးပါဝင်သည်။

အမှိုက်တွင် ဆွေးမြေ့လွယ်သည့်အမှိုက်နှင့် ဆွေးမြေ့ရန် ခက်ခဲသည့် အမှိုက်ဟူ၍ နှစ်မျိုးရှိရာ ဆွေးမြေ့ရန်လွယ်ကူသည့် အမှိုက်မှာ တစ်ရာသီမိုးကျသည်နှင့် ဆွေးမြေ့သွားပြီး ယင်းတို့ကိုသဘာဝ မြေဆွေးအဖြစ် ထုတ်လုပ်နိုင်သည်။ ဆွေးမြေ့ရန် မလွယ်သည့် အမှိုက်တွင် ကျွတ်ကျွတ်အိတ်နှင့် ပလတ်စတစ်များ အဓိက ပါဝင်နေ သည်။ ၎င်းတွင်ပါရှိသော ဓာတုဗေဒ ပစဿစည်းများ အပေါ်ယံမြေဆီလွှာ ပျက်စီးစေနိုင်ပြီး မြေထုညစ်ညမ်းမှုကို ကြုံတွေ့ရနိုင်သည်။

မြို့ပြနေထိုင်သူများ၏ အမှိုက်ပစ်မှု စနစ်နှင့်နယ်များတွင်နေထိုင်သော အမှိုက်ပစ်မှုစနစ်မှာ အနည်းငယ်ကွဲပြားသည်။ ရန်ကုန်မြို့နေထိုင်သူများမှာ အမှိုက်ပုံရှိရာသို့ အမှိုက်များသွားပစ်ခြင်း၊ လပေးစနစ်ဖြင့်အမှိုက်များကို နေ့စဉ်လာရောက် သိမ်း၍ ပစ်စေ ခြင်း၊ စည်ပင်သာယာရေးမှ လမ်းတစ် လျှောက်တွင် တွန်းလှည်းဖြင့် လာရောက်သိမ်းသဖြင့် လမ်းဘေးတွင် စုပုံထားရှိခြင်း၊ အမှိုက်ကို အိမ်တိုင် ရာ ရောက်တွန်းလှည်းဖြင့် အနည်း အများပေါ်မူတည်ကာ ပိုက်ဆံပေး၍ စွန့်ပစခြင်း၊ စည်ပင်မှသတ်မှတ်ပေးထား သော အုတ်ကန်များတွင် ပစ်စေခြင်းစသော နည်းများဖြင့် အမှိုက်ကို စွန့်ပစ်လျက်ရှိသည်။

ကျွန်မတို့ရပ်ကွက်မှာတော့ အမှိုက်ကို တွန်းလှည်းနဲ့ အိမ်တိုင်ရာရောက် ပိုက်ဆံပေးပြီး ပစ်ရတဲ့ အသည်တွေတော့ မရှိဘူး။ လမ်းထိပ်က အမှိုက်ပုံကိုပဲ သွားရောက်ပစ်ရတယ်။ နေ့စဉ်မပစ် ရပေမယ့် ၃ ရက်တစ်ခါ လောက် တော့ပစ်ရတယ်။ ပုပ်သိုးပြီး အနံ့ထွက်တဲ့ ပစ္စည်းတွေဆိုရင် တစ်ရက်တစ်ခါပဲပစ်တယ်။ အမှိုက် ပုံကတော့ ညနေ ၆ နာရီကနေ စပစ်ရ တော့ပြောင်ရှင်းနေတဲ့ နေရာက ခဏတွင်းမှာ အကြီးကြီးဖြစ် သွားတယ်။ အနားရောက်တာနဲ့ အနံ့အသက်ဆိုးရွားပြီး ကြာကြာမနေနိုင်ဘဲပြန်ပြေးရတယ်” ဟု ကမာရွတ်မြို့နယ် နေ အိမ်ရှင်မ တစ်ဦးက ပြောသည်။

နယ်များတွင်မူ အမှိုက်ပစ်လျှင် ခြံများထဲတွင် တွင်းများတူးပြီး ပစ်ကြပြီး တွင်းပြည့်သွားလျှင် မြေကြီးနှင့် ပြန်ဖို့ကြပြီး လအတန်ငယ်ကြာလျှင် ၎င်းအမှိုက်ကျင်းကို တူးဖော်၍ မြေဩဇာအဖြစ် အသုံးပြုလေ့ရှိသည်။ တချို့နယ်များတွင်မူ အမှိုက်များကို စုပုံမီးရှို့ကြပြီး တချို့မှာ လယ်ယာမြေထဲတွင် သွားပစ်၍ ချောင်းမြောင်းများ တွင်ပစ်ကြသူများလည်းရှိသည်။

“ကျွန်မတို့နယ်မှာတော့ ပလတ်စတစ်အိတ်၊ ကျွတ်ကျွတ်အိတ်တွေ သိပ်မသုံးကြဘူး။ အင်ဖက်ပဲ သုံး တယ်။ အမှိုက်ပစ်ဖို့ ကျတော့ လယ်မြေ ထဲမှာပဲ ပစ်ကြတယ်။ တစ်ခါတလေလည်း လယ်ထဲမှာပဲ ပစ်ကြတယ်။ မြေဆွေးအဖြစ်လည်း ရတယ်။ ကျွတ်ကျွတ်အိတ်ဆိုတာကတော့ တစ်ခါ တစ်လေမှ မြို့တက်ဈေးဝယ်တဲ့ အခါ ပါလာတာဆိုတော့ အဲ့ဒီအိတ်ကိုပဲ သေသေချာချာသိမ်းထားပြီး အပြန် ပြန်ရေဆေးပြီး ပြန်သုံးကြတယ်” ဟု ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အရိုးကုန်းကျေးရွာမှ ရန်ကုန် မြို့သို့ အလုပ်လာ လုပ်သူ မသူဇာက ပြောသည်။

ရန်ကုန်မြို့တွင် ၂၀ဝ၇ ခုနှစ်အတွင်း နောက်ဆုံးကောက်ယူခဲ့သော အမှိုက်စစ်တမ်းအရ မီးဖိုချောင် ထွက် အမှိုက်မှာ ၇၃.၂၇ ရာခိုင်နှုန်း၊ ပလတ် စတစ်အမှိုက် ၁၇.၇၅ ရာခိုင်နှုန်း ခြံထွက် အမှိုက် ၃.၆၆ ရာခိုင်နှုန်း၊ စက္ကူ အမှိုက်၂.၁၄ ရာခိုင်နှုန်း၊ အဝတ်စ အမှိုက် ၁.၁၄ ရာခိုင်နှုန်း၊ ဖန် အမှိုက် ဝ.၄၅ ရာခိုင် နှုန်းနှင့် အခြား အမှိုက် ၁.၂၉ ရာခိုင်နှုန်းအသီးသီးရှိသည်ဟု ဩဂုတ်လ ပြည်တွင်း ဂျာနယ် တစ်စောင်၌ ဖော်ပြထားသည်။ အမှိုက် ပုံများမှ ပြန်လည် အသုံးပြုရသော ပစ္စည်းများကို ရှာဖွေ စုဆောင်း ရောင်းချသူများ လည်း ရှိ နေသည်။

“ကျွန်တှောတို့ကတော့ လမ်း ဘေးအမှိုက်ပုံရှိတဲ့ နေရာတွေကို လိုက်ကောက်ပါတယ်။ အချို့ပစ္စည်း တွေကတော့ ရေဆေးပြီး ပြန်သုံးလို့ရတာတွေ ရှိတယ်။ ကျန်တဲ့ သံတိုသံစ၊ ရေသန့်ဘူးခွံတွေ၊ ပလတ်စတစ်ခွက် တွေရောင်းရတဲ့ ပိုက်ဆံက တစ်နေ့ ကို တစ်ထောင်ကျော်တဲ့နေ့လည်း ရှိတယ်၊ တစ် ထောင့်ငားရာလောက်ရတဲ့နေ့လည်း ရှိတယ်” ဟုလမ်း ဘေး အမှိုက်ပုံများတွင် ရောင်းရမည့် အရာများကို လိုက် ကောက်၍် ရောင်း ချသူအသက်၁၅ နှစ် အရွယ် ကလေးတစ်ဦး ကပြောသည်။

ယင်းအမှိုက်ပုံဘေးမှ ဖြတ်သန်းသွားလာသူများသည် အမှိုက်ပုံမှ ထွက်သော အနံ့အသက်ဆိုးများကြောင့် နှာ ခေါင်း ပိတ်သွားသူကသွား၊ အမှိုက်ပုံကိုကျော်သွားစေရန် ခြေလှမ်းအမြန် လှမ်းသူက လှမ်းနှင့် အမှိုက်ပစ်ရန်လာသူများလည်း အဝေးမှနေ၍ အမှိုက်လှမ်းပစ်ကြသည်။ အမှိုက်ပုံတွင်မူ အမှိုက်အတွင်း ရှာဖွေနေကြသော ကလေးများနှင့် အမှိုက်များစုစည်းနေသော စည်ပင် ဝန်ထမ်းများက အမှိုက် ကို အကာအကွယ်မပာဘဲ ကိုင်တွယ်ထိတွေ့နေကြသည်။

အဆိုပါစွန့်ပစ်ပစ္စည်း များနှင့် ပတ်သက်၍ ကျန်းမာရေး ရှုထောင့်အရ အထွေထွေရောဂါကု ဆရာဝန်ကြီးတစ်ဦးက “အမှိုက်က ထွက်တဲ့ အနံ့ဆိုးတွေ ပုပ် ပြီးထွက်လာ တဲ့ အနံ့တွေက ကန့် ဓာတ် တွေပါဝင်တဲ့ အဲ့ဒီအနံ့တွေ ခဏတဖြုတ် ဖြတ်သွား ဖြတ်လာရှုရှိုက်မိ ရုံနဲ့ရုပ်ပိုင်း ဆိုင်ရာ တော့ ဘာ ရောဂါ မှမဖြစ်စေပါ ဘူး။ ရေမွှေးနံ့ကို ရသလို အပုပ်နံ့ကို လည်း အနံ့အသက်တစ်ခု အနေနဲ့ ရမှာ ပါ။ အကာအကွယ် မပါဘဲ ထိတွေ့ကိုင်တွယ်ပြီး အစားအစာတွေ စားမယ်၊ ဟိုကုတ် ဒီကုတ်တွေလုပ်မယ်ဆိုရင် တော့ ဘက်တီးရီး ယား ပိုးတွေက ကိုယ်ခန္ဓာထဲ ဝင်ရောက်သွားတဲ့အခါ အရေပြားနဲ့ ပတသက်တဲ့ရောဂါ၊ အဓိက အူလမ်း ကြောင်း ရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်စေနိုင်ပါတယ်” ဟု ၎င်းကဆို သည်။

စွန့်ပစ်ပစ္စည်းများမှာ အညစ်အကြေး ပေါင်းစုံ စွဲကပ်စေနိုင်သဖြင့် ထိတွေ့ ကိုင်တွယ်ရာတွင် အကာအကွယ်များ ဖြစ်သော လက်အိတ်၊ နှာခေါင်းစည်း များဖြင့်ကိုင်တွယ်ရ မည်ဖြစ်ပြီး အမှိုက်များမှ ပါလာသောအပ်များ၊ ပုလင်းကွဲများဖြင့် ထိခိုက်မှုမရှိအောင် ဂရုစိုက် ကိုင်တွယ်ရမည်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

စည်ပင်သာယာရေးကော်မတီမှ အမှိုက်သယ်ယာဉ်များ ၊ဝန်ထမ်းများဖြင့် နေ့စဉ်လိုက်လံသိမ်းယူရာ ရန်ကုန်မြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်း သိမ်းဆည်းရရှိသော အမှိုက်များမှာ တစ်နေ့လျှင် တန်ချိန် ၁၅၀ဝ မှ ၁၆၀ဝ ကျော်အထိ ရှိပြီး လူတစ်ဦးနေ့စဉ် စွန့်ပစ်လိုက်သော အမှိုက်ပမာဏမှာ ဝ.၃၂ ကီလိုဂရမ် ရှိကြောင်း ၂ နှစ် တစ်ကြိမ် အမှိုက်ကောက်ယူမှု စစ်တမ်းများတွင် ဖော်ပြထားသည်။ ယင်းအမှိုက်များကို လှိုင် သာယာ မြို့နယ်ထိန်ပင် သုသာန် နောက်တွင် ဧက၃၀ဝ ရှိသော မြေနေရာထားရှိ၍ တစ်ဧက နီးပါးရှိသည့် ကန်ပေါင်း ၁၂ ကန်တူးထားသည်။ မြောက်ဒဂုံမြို့နယ်ထားဝယ် ချောင်ရှိ အမှိုက်ပစ်ရန် နေရာတွင် ရန်ကုန် အရှေ့နှင့် တောင်ပိုင်းမှ အမှိုက်များကို မြောက်ဒဂုံသို့ သွားရောက်စွန့်ပစ်စေပြီး အနောက်နှင့် မြောက်ပိုင်းမှထွက်ရှိသော အမှိုက်များကို ထိန်ပင်သို့ သွားရောက်စွန့်ပစ်သည်။

“အခု လတ်တလောမှာ ကမ္ဘာကြီး ပူနွေးလာတာ သစ်တောတွေ ပြုန်းတီးတာ၊ ရေထွက် သယံဇာတတွေ လျော့နည်းလာတာ၊ ရာသီဥတု ဖောက်ပြန်လာတာတွေကို သတင်းတွေ တီဗီတွေမှာ မကြာခဏတွေ့မြင် နေရတယ်။ အဲ့ဒီ အကြောင်းအရင်း တွေအကုန် လုံးက သဘာဝ ဂေဟ စနစ်ကြီး ပျက်စီးလာတာကြောင့် အဓိကဖြစ်တာပါ။ ဂေဟစနစ်ကြီး ပျက်စီးရခြင်းအကြောင်း အရင်းမှာ အမှိုက်က အဓိက ပါဝင်နေတယ်။ မြို့တော်သန့်ရှင်းသပ် ရပ်ဖို့အတွက်နဲ့ သဘာဝဂေဟ စနစ်ကို ဒီ့ထက်ပို မပျက်စီးစေဖို့အတွက် ပြည်သူတွေအနေနဲ့ အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့လိုတယ်။ သက်ဆိုင်ရာတွေကလည်း အမှိုက်စွန့်ပစ်စနစ်ကို ပိုမိုကောင်း မွန်အောင်စီစဉ်ဆောင်ရွက်ဖို့ လိုပါတယ်။ အမှိုက်စွန့်ပစ်ရန် နေရာ တွေကိုလည်း တိတိကျကျ သတ်မှတ်ပြီးတော့ နေရာတိုင်းလိုလိုမှာ အမှိုက်ပုံးတွေလုံလောက်စွာ ထားရှိရမယ်။ ပြည်သူတွေအနေနဲ့ကလည်း အမှိုက်ကို စည်းကမ်းရှိရှိနဲ့ စနစ်တကျ စွန့်ပစ်သင့်ပါတယ်” ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသော အသင်း အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သက်နှင်းထွေး


"ပစ္စုပ္ပန် အနွမ်း”

"ပစ္စုပ္ပန် အနွမ်း”

အရောင်မဲ့ သက်သက်
ရာဇ၀င် အဆက်ဆက်
ပြည့် အတွက်ဆို
အမောင်ဒေါင်းတို့ ..ရှေ့ကဦးဆောင်..။

ရှစ်ပူး နှစ်ပယ်မှာ
အဆိပ်လူး ကျည်ဖူး
ရင်ဘတ်တွေ ခံကတုတ်နဲ့ 
အံတုဘက်ပြိုင်..
သွေးပျက်ကာ ပြေးထွက်သူက
မ.ဆ.လ…။

ဧကရာဇ်ပန်းတွေလဲ
သုံးပွင့်ဆက်ကြွေကျ..
ရိုက်ချက်တွေ ပီသပေမယ့်
ဘာမျှ ဒို့ မရလိုက်ဘူး။

သွေးဆာသူ မိစ္ဆာတစုရဲ့ 
မောင်းပြန်တွေအောက်
တမလွန်ရောက်သူ ရောက်

အကျဉ်းကျသူ ကျ
သူပုန်ထသူ ထ…
ကြယ်တွေ တစင်းပြီး တစင်း ကြွေ
သွေးတွေ တကွက်ပြီးတကွက် စွန်း…။

ဒီလိုနဲ့ 
၂၂ နှစ်ကျော်ကာလ
အတိတ်မေ့ရောဂါသည်တွေက
အတ္တတွေကို အပြိုင်ပျိုးလို့ 
ဇာတ်တူသားတွေ အလုအယက်စား
အရင်ရောက်သူ တန်းစီးလုပ်..
အဝေးကွင်းမှာ..ရောမလိုကျင့်ရင်း
ကိုယ်ယုံကြည်ချက်..ကိုယ်ပြန်တိုက်စား
သိက္ခာတွေ ရိက္ခာနဲ့ လဲ
အပြို ပြိုအကွဲကွဲ..စာရိတ္တတွေနဲ့ 
စားခွက်လုလို့ ကောင်းနေဆဲ…
ရန်သူနဲ့ စီးချင်းမထိုးခင်
နောက်ကျောဓါးဝင်…။

အိမ်ကြီးကတော့ အမိုးတွေလန်
တိုင်တွေနဲ့ ..အကာတွေရွဲ့ 
သာသနာကိုချ စတေးတာတောင်
End game က မရောက်…။

အနိုင်ရပါတီက
လူမှူ့ ရေးအသင်းဖြစ်..။

စစ်ဧကရာဇ်ကတော့
ထင်ရာစိုင်းဖို့ 
၂၀၀၈ ဥပဒေတွေနဲ့ - တံတိုင်းခတ်။
နျုးကလီးယားပေါ်တက်ရပ်ဖို့ ကြံဆောင်
သယံဇာတတွေလဲ ပြောင်။

ဝမ်း မ၀လို့ 
တန်းအပြင်ရောက်သူရောက်
ကောင်းခြင်းတွေအားလုံးပျက်သုဉ်းတဲ့
ရာဇ၀င်ရိုင်းရိုင်း ခေတ်သမိုင်းမှာ
စစ်ခွေးဘီလူးရဲ့ အစွယ်ဖွေးဖွေးတွေကြား
အသားထစ်တွေပါသွားမှာ တွေးကြောက်လို့ 
မျိုးဆက်သစ်ကို ချကြွေးတော့မှာလား…..။

(ဆောင်းယွန်းနွေ)

12 October 2010

ဆည်ကျိုးတယ်ဆိုတဲ့သတင်းကြောင့်မန္တလေးမှပြည်သူများအထိတ်တလန့်ဖြစ်

မန္တလေးမှာ လောလောဆယ် ရေကြီးနေတဲ့ အရပ်တွေ ဖြစ်တဲ့ အောင်ပင်လယ်၊ ကန်ပေါက်၊ မြရည်နန္ဒ ထွန်တုံး စတဲ့ ရပ်ကွက်တွေမှာ တနင်္လာနေ့ညက ရပ်ကွက်နဲ့ မြို့နယ် အာဏာပိုင်တွကေ အသံချဲ့စက်တွေနဲ့ ဆည်တော်ကြီး ကျိုးတယ်ဆိုပြီး လိုက်ကြေညာတဲ့ အတွက် ရပ်ကွက်နေ ပြည်သူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

မန္တလေး ဒေသခံတစ်ဦးက လူတွေ ကားတွေပေါ်မှာ ပစ္စည်းတွေတင်လို့ ထွက်ပြေးခဲ့ကြတယ် လို့ပြောပါတယ်။ နောက်မှ အဲဒီ ဆည်ကျိုးတယ်ဆိုတဲ့ သတင်း မဟုတ်ပါဘူးလို့ လိုက်ကြေညာခဲ့ပေမယ့် ပြေးတဲ့ လူတွကေ ထွက်ပြေးနေတုန်းပဲလို့ ဆိုပါတယ်။တချို့ကတော့လဲ မန္တလေး အထက်ဖက်က မတ္တရာလို ဒေသတွေကို ဆက်သွယ် စုံစမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။

မိုးက ဆက်ပြီး သဲသဲမဲမဲ ရွာနေဆဲဖြစ်တဲ့ အတွက် မနေ့က ဆည်တော်ကြီး ရေကို ထပ်ပြီး ဖောက်ချခဲ့ရ သေးတယ် လို့လဲ ဒေသခံတချို့က ပြောပါတယ်။

ဆည်ရေ ထပ်ဖောက်ချခဲ့တဲ့ အတွက် မန္တလေး မှာ ကျနေစပြုတဲ့ ရေတွေ တစ်ပေက နှစ်ပေလောက်အထိ ပြန်တက်လာခဲ့ပါတယ်။တချို့နေရာတွမှော စေတနာရှင်တွကေ ထမင်းထုတ်တွေ လိုက်ဝေပေးနေတယ်လို့လဲ သိရပါတယ်။


သတင်း..ဘီဘီစီ

နအဖအာကာပိုင်တွေထုတ်ထားတဲ့ငွေစက္ကူ ၅၀၀၀တန်များ အတုများထွက်ရှိ

ယခု ရက်ပိုင်းအတွင်း ၅၀၀၀ တန် ငွေစက္ကူ အတုများ ပေါ်ထွက်နေပြီး ဘဏ်များတွင် အများဆုံး တွေ့ရှိနေရသည်ဟု သိရသည်။ ထို သတင်းကြောင့် သုံးစွဲသူအချို့က သတိထားပြီး လက်ခံနေသည်ဟု သိရသည်။

`ဘဏ်တွေမှာ ၅၀၀၀တန်တွေ ငွေစက္ကူတွေ အများဆုံး တွေ့နေရတယ် လို့ ဘဏ်က ၀န်ထမ်း တွေ ပြောပြလို့ ကျွန်တော် သိရတာပါ။ တရွက်ချင်းစီကတော့ သုံးဖို့ မလွယ်ဘူးလေ။ အုပ်လိုက် ဆိုတော့ရော ထည့်လိုက်လို့ ရတာပေါ့။ အတု ဆိုတာကလည်း ဘဏ်က ၀န်ထမ်းတွေမို့ သိတာလေ။ ကျွန်တော်တို့ ဆိုရင် သိမှာမဟုတ်ဘူး။ ဒါကြောင့် အခုနောက်ပိုင်း ကားခ ယူရင် ငါးထောင်တန် ယူရမှာတောင် ခပ်လန့်လန့်ပဲ။´ဟု ရန်ကုန်မြို့က တက္ကစီ မောင်းသူ တဦးက ပြောပြသည်။
ဘဏ်ဝန်ထမ်းတဦး၏ အဆိုအရ ငါးထောင်တန် ငွေစက္ကူ အစစ်တွင် ဂဏန်းစာလုံး ၅၀၀၀ မှာ ဖောင်းကြွ ဖြစ်ပြီး လက်ဖြင့်ပွတ်ကြည့်ယုံနှင့် သိနိုင်သည် ဟုသိရသည်။ အတုတွင်မူ ဖောင်းကြွစာလုံး မဟုတ်သဖြင့် တပြင်တည်း ဖြစ်နေသည်ဟုလည်း သိရသည်။
ထို့အပြင် ငါးထောင်တန်တွင် ပါဝင်သော ငွေကြိုးမှာ အပြားကြီးပြီး အတု၏ ငွေကြိုးမှာ မျှင်မျှင် မျှသာ ပါဝင်သည်ဟု သိရသည်။
`အခု လက်ရှိ စက်ပစ္စည်းတွေက အရမ်း တိုးတက်လာတော့ အတု လုပ်ဖို့က ပိုလွယ်လာတယ်။ နောက်ကျ မကြားဘူးတာ ငွေ၁၀၀၀တန်တွေ ထုတ်တုန်းက ကင်နွမ် ကာလာ ပရင်တာ နဲ့တောင် ထုတ်ပြီး အတု လုပ်နိုင်တယ်တဲ့။ ကျွန်မကတော့ အတု လုပ်ရင် ၅၀၀၀ တန်ထက် ၅၀တန်နဲ့ ၁၀၀တန်တွေ ပိုလုပ်စေချင်တယ်။ ဒါမှ အကြွေရှားတဲ့ ပြဿနာ နည်းနည်ဲး ငြိမ်းမှာ´ ဟု ဒဂုံတက္ကသိုလ် ကျောင်းသူ တဦးက ပြောပြသည်။

၅၀၀၀ ကျပ်တန် ငွေစက္ကူကို ယမန်နှစ် အောက်တိုဘာလ ၁ ရက်နေ့က စတင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ထုတ်ဝေခါစ လများက သုံးစွဲသူများ အကြား တွေ့ရလေ့ မရှိသော်လည်း တနှစ်အကြာတွင် နေ့စဉ်သုံးစွဲမှုတွင် ပမာဏများစွာ ပါဝင်လာနေသည်ဟု သုံးစွဲသူများက ပြောသည်။ ယခုအခါ ဘတ်စကားစီးခ ပေးရာတွင်လည်ေးကာင်း လက်ဘက်ရည်ဆိုင်များတွင် လည်းကောင်း သုံးစွဲနေကြပြီဟုလည်း သိရသည်။

ရန်ကုန်မြို့ခံ အချို့၏ အဆိုအရ စီတီးမတ် ကဲ့သို့ ကုန်တိုက်ကြီးအချို့က ခေါက်ချိုးခေါက်ထားသည့် ငါးထောင်တန်ကို လက်မခံကြောင်းလည်း ပြောဆိုသည်။

ရင်းမြစ်..မိုးမခ

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ နှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား ( ကိုရီးယား )



လေးစားစွာဖြင့်

http://flyingpeacock.blogspot.com/

11 October 2010

အကျဉ်းထောင်ထဲမှ အချုပ်သူ/သားများအား နအဖရဲ့ မတရားတဲ့ ရွေးကောက်ပွဲအတွက်ဆန္ဒမဲပေးနိုင်ရေးအာဏာပိုင်များဆောင်ရွက်နေ

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့် အချုပ်သူ၊ အချုပ်သားများစာရင်းအား သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သို့ စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ခါ စာရင်းများ ပြုစုပေးပို့လျက်ရှိကြောင်း အကျဉ်းဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစာရင်းများကို သက်ဆိုင်ရာအကျဉ်းထောင်များရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များရှိ ကော်မရှင် အဖွဲ့များနှင့်ဆက်သွယ်ပြီး နေ့စဉ် စာရင်းပေးပို့လျက်ရှိရာ စက်တင်ဘာလ ၂၆ ရက်နေ့အထိ မဲပေးနိုင်မည့် အချုပ်သူ/သား အရေ အတွက် ၆,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဥပဒေအရ ၊အချုပ်သူ/သားများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး အကျဉ်းသူ/သားများအနေဖြင့်မူ မဲပေးပိုင်ခွင့်မရှိပေ။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင် ၄၃ ခု၊ အလုပ်စခန်းနှင့် ဒေသဖွံ့ဖြိုးရေးစခန်းများတွင် အကျဉ်းကျခံနေရ သူပေါင်း ၅၀,၀၀၀ ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာန စာရင်းများအရ သိရသည်။

အချုပ်သူ အချုပ်သားစာရင်းများနှင့်ပတ်သက်၍ အတိုးအလျော့ရှိနိုင်ပြီး ၎င်းတို့ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် မဲပေးခွင့်နှင့်ပတ်သက်၍ မည်သည့်ပုံစံဖြင့်မဲပေးရမည်ကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ ဥပဒေအခန်း (၉) ရွေးကောက်ပွဲကျင်းပခြင်းပါ ပုဒ်မ ၄၅၊ ပုဒ်မခွဲ(ဂ) ပါ မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းခုနစ်ချက်အနက်တစ်ခုခုကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများသည် ဆန္ဒမဲပေး လိုလျှင် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သတ်မှတ်ထားသည့်အတိုင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲကစီစဉ်ပေးရမည်ဟု ဖော်ပြပါရှိသည်။

၎င်းခုနစ်ချက်တွင်ပါဝင်သည့် အချက်တစ်ချက်မှာ ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်းဟူ၍ဖြစ်သည်။

ထို့ပြင် နိုဝင်ဘာလ ၇ ရက်နေ့တွင် အကျဉ်းထောင်စခန်းအားလုံးမှ လွတ်မြောက်မည့် အကျဉ်းသူ/သား စာရင်းများနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲဥပဒေအရ ကြိုတင်မဲပေး၍ရသည့်အတွက် သက်ဆိုင်ရာ ထောင်အုပ်စု၊ အကျဉ်းထောင်၊ ညွှန်ချုပ်ရုံးများမှ ၎င်းတို့ခံစားခွင့်ရရှိနိုင်သော လျှော့ရက်များအားလုံးပေးပြီး အောက်တိုဘာလ ၈ ရက်နေ့မှ စတင်လွတ်မြောက်မည့်သူများ စာရင်းကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်ကော်မရှင်သို့ အမည်စာရင်းများ ဆက်လက်ပေးပို့သွားမည်ဟုမြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်၌ ဒါးပိန်ဘူတာ အကျော်တွင် ရထား၂ စင်းတိုက်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့မီးရထားဝန်ထမ်း ၃ ဦးဒဏ်ရာရရှိ


အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်၌ ရန်ကုန်တိုင်း အတွင်းရှိ ဒါးပိန်ဘူတာအကျော် ပဲခူးတိုင်း အတွင်းတွင် ရထားနှစ်စင်းတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိရှိရသည်။

ဖြစ်စဉ်မှာ အမှတ် ၈၀၃ ဆီတင်ကုန်ရထားတွဲနှင့် အမှတ် ၁ အဆန်စာပို့ရထားတို့ နံနက် ၅ နာရီခွဲ ၀န်းကျင်းအချိန်၌ တိုက်မိခဲ့ကြခြင်း ဖြစ်ပြီး ထိုသို့ မီးရထားနှစ်စင်း တိုက်မိမှုကြောင့် မြန်မာ့မီးရထားမှ ၀န်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက''ဒီနေ့ နံနက် ၅ နာရီခွဲ အချိန်မှာ အမှတ် ၈၀၃ ဆီတင်ကုန်ရထားတွဲနဲ့ အမှတ် ၁ အဆန်စာပို့ရ ထားနှစ်စင်း တိုက်မိပါတယ်။ လတ်တလောသတင်းတွေအရ ဆီတင်ကုန်တွဲရထားက လမ်းရှောင်ဖို့အတွက် လမ်း လွှဲဝင်တဲ့အချိန်မှာ နောက်ကလာတဲ့ အမှတ် ၁ ရထားက ၀င်ဆောင့်တယ်လို့အကြမ်းဖျင်း သိရပါတယ်။ဒီ မတော်တဆဖြစ်ပွားမှုကြောင့် မြန်မာ့မီးရထားဝန်ထမ်း ၃ ဦး ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒါးပိန်ဘူတာအကျော် နယ်နမိတ်သည် ပဲခူးတိုင်းအတွင်း ရောက်ရှိနေကြောင်း၊ ကျန်ရထားခရီးစဉ်များကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း news-eleven ဂျာနယ်တွင်ဖော်ပါရှိသည်။

၂၀၁၀ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်လျူရှောင်ဘို(Liu Xiaobo)ရဲဇနီးဖြစ်သူလျူရှား(Liu Xia)ကို တရုတ်အာဏာပိုင်များနေအိမ်မှာအကျယ်ချုပ်နဲ့အကျဉ်းချထား


ဓာတ်ပုံ AP

အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံလိုက်ရသည့် မစ်စ် လျူရှား။ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၀။

၂၀၁၀ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) ရဲ့ ဇနီးဖြစ်သူ လျူရှား (Liu Xia) ကို တရုတ်အာဏာပိုင်တွေက နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချထားလိုက်တယ်လို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် Freedom Now အဖွဲ့ကြီးက ဒီနေ့ ကြေညာလိုက်ပါတယ်။

ဒီနေ့မှာပဲ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ လျူရှောင်ဘိုကို ဇနီးဖြစ်သူ လျူရှားက သွားရောက် တွေ့ဆုံခဲ့ပြီး အိမ်ကိုအပြန်မှာ အခုလို တရုတ်အာဏာပိုင်တွေက နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချထားကြောင်း အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လျူရှောင်ဘိုဟာ ၂၀၁၀ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိတယ်လို့ ဒီနေ့မှာ ပြောကြားလိုက်တဲ့အခါ မစ္စတာ လျူရှောင်ဘိုဟာ ထောင်ထဲမှာ ၀မ်းသာပြီး ၁၉၈၉ ခုနှစ်မှာ သေဆုံးခဲ့ရတဲ့ ဆန္ဒပြသူတွေအတွက် ၀မ်းနည်းပြီးလည်း ငိုကြွေးခဲ့တယ်လို့ မစ်စ် လျူရှားက ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မစ်စ် လျူရှားကို ဘယ်သူနဲ့မှ တွေ့ဆုံခွင့် မရရှိခဲ့သလို ဘယ်ကိုမှလည်း သွားခွင့်မပြုတဲ့အပြင် သူ့ရဲ့ လက်ကိုင်ဖုန်းကိုလည်း သုံးခွင့် မပြုခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

လျူရှောင်ဘိုဟာ ဂျင်ဇောင်းမြို့က အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတာ ဖြစ်ပြီး လျူရှားဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူကို မကြာခဏ သွားရောက်တွေ့ဆုံခွင့် ရခဲ့ရာက ဒီနေ့ အခုလို အကျယ်ချုပ်နဲ့ အကျဉ်းကျခံလိုက်ရတာ ဖြစ်ပြီး ဘာကြောင့်လဲ ဆိုတာကိုတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သတင်း...VOA

မဟာတဘောင်တော်ကြီး

မဟာတဘောင်တော်ကြီး



ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ

နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့



ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ

ရှေ့လူ နောက်တတ် နင်းလတ္တံ့



သီတင်းကျွတ်ရေတတ် တိုင်းပြည်ပျက်

ကောင်းအောင်ညီဖို့ လိုလတ္တံ့။



မြန်မာပြည်ထဲမှာ လွန်ခဲ့တဲ့ ၃ လလောက်ထဲက ထွက်ပေါ်နေတဲ့ တဘောင်ပါ။ မြန်မာပြည်မှာ ရေတွေကြီးလာတော့ အံ့သြပြီး တဘောင်အတိုင်း ဖြစ်နေပါ လားဟ ဆိုပြီး သိမ်းထားတာလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။ အတိတ်တဘောင်တွေဆိုတာ ရံဖန်ရံခါပေါ်ထွက်တတ် သလို တိုင်းရေးပြည်ရာ အဖြာဖြာအထိ ဆိုးကောင်းတွေကို ကြိုကြိုတင်တင် နိမိတ်ထင်တဲ့သဘောလို့ မြန်မာတွေက ယုံကြည်ယူဆကြပါတယ်။


၁၀ ရက် ၁၀ လ ၂၀၁၀ ဟာ ၀လေးလုံး ဆုံတဲ့ ကာလဖြစ်ပါတယ်တဲ့။ အိမ်နိမ့်စံ ဖြစ်နေရသူတွေ အမြင့်စံ ဖြစ်တော့မယ့် အခါသမယလို့ ဆိုပါတယ်။


ဆင်ဖြူတော်ကလည်း ငါးကောင်တိတိ ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တတ် လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်လို့ အဓိပ္မါလ်ဖွင့်ကြပါတယ်။


သီတင်းကျွတ်ကာလဆိုတာ ခြေခင်းလက်ခင်းသာပြီး ဆန်စပါးထွက်ပေါ်ပြီး ပထ၀ီမြေထုထံက ရွှေစု စပါးနှံတွေ သီးပွင့်ပေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ (မတော်တဆ ဖြစ်တတ်တဲ့ တနေရာရာလောက်မှာ မဟုတ်ပဲ) တတိုင်းပြည်လုံး နေရာအတော်များများမှာ ရေလွှမ်းမိုးတာမျိုးဟာ တိုင်းပြည်ပျက်တဲ့ အတိတ် နိမိတ်လို့ ဆိုထားပါတယ်။ ကောင်းတဲ့ဖက်ကို ပြောင်းချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့် မတဲ့ဗျား..။


အရှင်သုမန

စင်ကာပူရောက် ရွှေမြန်မာများမှ ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး အား ဂါရဝပြုပွဲ အခမ်းအနား ဓာတ်ပုံမှတ်တမ်း...





စင်ကာပူမှ ဘဘကိုချစ်ခင်လေးစားတဲ့ မြန်မာနိုင်ငံသားများ



စင်ကာပူနိုင်ငံမှာ မျက်စိခွဲစိတ်ကုသဖို့ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး အား စင်ကာပူနိုင်ငံရောက် ရွှေမြန်မာများမှ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာနဲ့ အညီ. ဂါရဝပြုနှုတ်ဆက်ပွဲ အခမ်းအနားအား ယနေ့နေ့လည် ၁နာရီက တိုပါယိုး မြန်မာ ဘုန်းကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။ အစီအစဉ်ကို နေ့လည်(၁)နာရီမှ (၂)နာရီထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း ဘဘဦးတင်ဦးအား လာရောက် ဂါဝရပြုသူ များပြားသောကြောင့် နေလည် (၂)နာရီခွဲအထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ လူဦးရေ ၂၀၀ ကျော်ခန့် ဘဘဦးတင်ဦးအား လေးစားချစ်ခင်သူများမှ လာရောက် တွေ့ဆုံ ဂါရဝပြုနှုတ်ဆက် ကြကြောင်းသိရှိရပါတယ်။

စင်ကာပူမှ ဘဘကိုလေးစားချစ်ခင်သူ တစ်ဦးမှ ပြောဆိုတာကတော့ " အရမ်းအားရဖို့ ကောင်းပါတယ်... လူတိုင်းရဲ့ရင်ထဲမှာ စိတ်ဓာတ်တွေ ကျန်နေသေးတယ် ဆိုတာသိရတော့ အရမ်းကြည်နှုးဖို့ ကောင်းပါတယ်.. လူဦးရေ ၂၅၀လောက် ရှိမယ်ထင်တယ်.. လူကြီးလူငယ် အရွယ်မျိုးစုံလေ.. ဘဘကို အနီးကပ်တွေ့ရပြီး ဘဘပေးတဲ့ ဆုတောင်း မေတ္တာသံတွေ ကြားရတာ အရမ်းကြည်နှုး ဝမ်းသာမိပါတယ်" ဟုပြောဆိုသွားပါတယ်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦးဟာ ပြီးခဲတဲ့ စက်တင်ဘာလ ၂၈ရက်နေ့က စင်ကာပူနိုင်ငံ သို့မျက်စိခွဲစိတ်ကုသရန် ရောက်ရှိခဲ့ပါတယ်။ မျက်စိတွင်း သွေးယိုစီးမှုကြောင့် မျက်စိအတွင်းလွှာကို သွေးခဲများက ဖုံးအုပ်ခဲ့တဲ့ အတွက် Tang Tock Seng ဆေးရုံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်နေ့က မြန်မာဆရာဝန်များမှ အောင်မြင်စွာ ခွဲစိတ်ကုသခဲ့ပါတယ်..။ မနက်ဖြန် တနလာင်္နေ့မှာ ဆရာဝန်၏ ထပ်မံစမ်းသပ် စစ်ဆေးပြီး ဆရာဝန်၏ ခွင့်ပြုချက် ရရှိပါက ၁၄ရက်နေ့တွင် မြန်မာပြည်သို့ ပြန်ခွင့်ရရှိမှာ ဖြစ်ပါတယ်..။


ဓာတ်ပုံများအတွက် ကိုဝင်းမြင့်၊ မအေးမာနဲ့ ဗမာ့သွေးတို့အား ကျေးဇူးတင်ပါသည်..။