26 June 2011

တန်ဖိုး … ကိစ္စ


ဂုဏ်သိက္ခာတဲ့

ငွေကြေးနဲ့ ၀ယ်ထားကြသူများ

အာဏာနဲ့ တည်ဆောက်ထားသူများ

ခန့်ညားထည်ဝါ ဥစ္စာဓနပစ္စည်းများ

သူတောင်းစားရဲ့

ခွက်စုတ်တလုံးလောက်တောင် မရိုးသားခဲ့မှုများ

ငါ့ရှေ့မှာ မော်ကြွားနေကြတယ် …။



အထီးကျန်ဆန်မှုဆိုတာ

ခေတ်ကြီးက သယ်ဆောင်လာတာလား

ခေတ်ကြီးကိုသာ …

အထီးကျန်ဆန်မှုက သယ်ဆောင်နေတာလား

သားဈေး ငါးဈေးထဲက အလှုခံပိုက်ဆံ သေတ္တာပုံးတလုံးလို

ဘ၀က ငါ့ကို ပစ်ချထားခဲ့တယ် …။



နေညိုချိန်လည်း နေညိုချိန်မို့

ပျို့ပျို့တက်လာတဲ့ ချဉ်ခြင်းဟာ

သေရည်အတွက်လို့ မင်းကထင်မယ်

တကယ်က

ငါတို့ငတ်မွတ်နေတာ …။



ကျောင်းထွက်သွားရတဲ့

ကျောင်းသူမကလေးကို

စာနာစိတ်နဲ့

ငါ့မှာ လွမ်းနာကျတယ်

ဒါကို မင့်က ….

မင့်စိတ်နဲ့ နှိုင်းတယ်

မနက်ဖြန်ဟာ …

တန်ဖိုးတွေကို သယ်ဆောင်လာလိမ့်မယ် … ။ ။



ကမာပုလဲ

၂၁၊ ၀၆၊ ၂၀၁၁။