04 November 2012

ဆူးလေဆိပ်ကမ်း အဆင့်မြှင့်တင်ဒါ စိစစ်ရွေးချယ်သွားမည်

ရန်ကုန်မြို့၏ အချက်အချာဖြစ်သော ဆူးလေဆိပ်ကမ်း အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများ၊ လုပ်ငန်းရှင်များမှ တင်သွင်းခဲ့သော တင်ဒါများအား တင်ဒါစိစစ် ရွေးချယ်ရေးအဖွဲ့မှ ပဏာမ စိစစ်ရွေးချယ်ကာ ဒုတိယအဆင့်အနေဖြင့် အချက်သုံးချက် ထပ်မံရွေးချယ်သွား မည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

ထိုကဲ့သို့ ကုမ္ပဏီများမှ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် တင်သွင်းလာသော တင်ဒါများအား ပထမအဆင့်အနေဖြင့် တင်ဒါစည်းကမ်းတွင် အချက်ရှစ်ချက်ဖြင့် စိစစ်၍ ပဏာမ ရွေးချယ်သွားမည်ဟု သိရသည်။ တင်သွင်းလာသော တင်ဒါများအား သက်ဆိုင်ရာ အဖွဲ့များမှ ခိုင်မာသောငွေကြေး ပိုင်ဆိုင်မှု အထောက်အထားများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာအကဲဖြတ်ချက် (Enviromental Impact Assessment) နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု လေ့လာအကဲဖြတ်ချက် (Social Impact Assessment) စသည်တို့နှင့် ပတ်သက်သော အချက်များအား စိစစ်ရွေးချယ်ရေး အဖွဲ့များမှ ပဏာမ စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ထိုကဲ့သို့ ဆောင်ရွက်ရာ၌ သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီမှု မရှိသော တင်ဒါများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရသည်။ ပဏာမအဆင့် စိစစ်ရွေးချယ်ခြင်း၌ အောင်မြင်သော တင်ဒါများအား ဒုတိယအဆင့်အနေဖြင့် စိစစ်ရွေးချယ်မှုများ ပြုလုပ်ရာ၌ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ပေးမည့် ရင်းနှီးမြှုပ်နှံမှု အချိုးရာခိုင်နှုန်း (Equity Ratio)၊ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ကို အခြေခံ၍ ဒုတိယအဆင့် အနေဖြင့် စိစစ်ရွေးချယ်သွားမည်ဟု သိရသည်။ အချက်သုံးချက်ဖြင့် စိစစ်ရွေးချယ်ရာ၌ အမှတ်အများဆုံး ရရှိသူ သုံးဦးတို့အား  ဆက်လက်ရွေးချယ်သွားမည်ဟု သိရပါသည်။ တင်ဒါအောင်မြင်သူ သုံးဦး၏ အသေးစိတ် အချက်အလက်များဖြစ်သော ငွေကြေးခိုင်မာမှု အထောက်အထား၊ ရင်းနှီးမြှုပ်နှံမည့် ပမာဏ၊ ပုံစံဒီဇိုင်းနှင့် စံချိန်စံညွှန်းများ စသည်တို့ကို သက်ဆိုင်ရာ တင်ဒါစိစစ်ရွေးချယ်ရေး အဖွဲ့များမှ ထပ်မံစိစစ် ရွေးချယ်ကာ ဆောင်ရွက်မှုများ ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်ဟု  News Watch Weekly ဂျာနယ် တွင် ဖော်ပြ ထားပါသည်။