09 November 2012

နယူးဇီလန်ဝန်ကြီးချုပ် အရှေ့အာရှထိပ်သီးညီလာခံ အပြီးတွင် မြန်မာသို့သွားမည်

(Scoop news မှ 8 Nov 2012 ရက်စွဲပါ “PM to attend EAS and visit Myanmar” သတင်းကို yangonchronicle ဘာသာပြန်သည်။)
နယူးဇီလန်ဝန်ကြီးချုပ်ဂျွန်ကီးသည် ပထမဆုံးမြန်မာခရီးစဉ် မတိုင်မှီ အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်ရန်အတွက် ကမ္ဘောဒီးယားသို့ ယခုလကုန်ပိုင်းတွင် အရင်သွားမည်ဟု သိရှိရသည်။
မစ္စတာဂျွန်ကီးသည် အာဆီယံ ၁၀ နိုင်ငံ အပါအဝင် သြစတြေးလျား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား နိုင်ငံများ အဖွဲ့ဝင်သစ် ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခေါင်းဆောင်များနှင့် အတူ နိုဝင်ဘာ ၂၀ တွင် ဖနွမ်းပင်မြို့၌ အရှေ့အာရှ ထိပ်သီးညီလာခံ EAS သို့တက်ရောက် မည်ဖြစ်သည်။
“ဒီအစည်းအဝေးဟာ နယူးဇီလန်အတွက် အရေးပါတဲ့ နိုင်ငံတွေစုဝေးကြတဲ့ပွဲပါ။ ဒေသတွင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။ အာဆီယံ ၁၀ နိုင်ငံနဲ့ သူတို့ရဲ့ ကုန်သွယ်ရေး လွတ်လပ်ဇုံ စီးပွားဖက် ၆ နိုင်ငံပါဝင်တဲ့ ဒေသတွင်းကျယ်ကျယ်ပြန့်ပြန့်စီးပွားရေး လက်တွဲ ပူးပေါင်းမှု အစီအစဉ် အတွက် စေ့စပ်ဆွေးနွေးတွေမှာ ကျွန်တော်လည်း ပါဝင်ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။” ဟု ဂျွန်ကီးက ပြောကြားသည်။
နယူးဇီလန်ဝန်ကြီးချုပ်သည် အရှေ့အာရှထိပ်သီးညီလာခံအပြီးတွင် မြန်မာသမ္မတဦးသိန်းစိန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ဆက်လက်သွားရောက်မည် ဖြစ်သည်။
“မြန်မာနိုင်ငံသည် ပြီးခဲ့တဲ့တစ်နှစ်လုံး သမိုင်းဝင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုတိုးတက်ပြောင်းလဲမှုတွှေကို ကျွန်တော်အနေနဲ့  ဦးဦးဖျားဖျားတွေ့မြင်ချင်ပါတယ်။ ပြီးတော့ ကမ္ဘာကြီးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြန်လည်ပေါင်းထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံကို အားပေးထောက်ခံဖို့ နယူးဇီလန်က ဘယ်လိုပါဝင်နိုင်မလဲ ဆိုတာကို လေ့လာသွားမှာပါ။” ဂျွန်ကီးကပြော ကြားသည်။
ဂျွန်ကီးက ဆက်လက်၍ “ကျွန်တော့်ရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံအကြားဆက်ဆံရေးတည်ဆောက်ဖို့ နယူးဇီလန်ကကတိပြုထားတာကို ထင်ဟပ် ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလာမယ့် နှစ်အနည်းငယ်အတွင်း နယူးဇီလန်ကုမ္ပဏီအတွက် စစ်မှန်တဲ့ အခွင့်အလမ်းတွေရှိလာလိမ့်မည်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသွားသည်။