12 August 2011

ဖွဲ့လည်းဖွဲ့ နိုင်တဲ့ စစ်အာဏာရှင်ကြီးများ..

ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း အမိန့်အမှတ် (၇၅/၂၀၁၁)ကို သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများ ထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ “ပြောရေးဆိုခွင့် သတင်းထုတ်ပြန်ရေးအဖွဲ့”ကို ဦးကျော်ဆန်း၊ ပြည်ထောင်စု ၀န်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနအား အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒုတိယ၀န်ကြီး (ပြည်ထဲရေးဝန်ကြီးဌာ)၊ ဦးမောင်မြင့် ဒုတိယ၀န်ကြီး (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးစိုးဝင်း ဒုတိယ၀န်ကြီး (ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးမြင့်သိန်း ဒုတိယ၀န်ကြီး (အလုပ်သမားဝန်ကြီးဌာန)၊ ဦးထွန်းထွန်းဦး ဒုတိယရှေ့နေချုပ် (ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ရဲချုပ်ကျော်ကျော် ရဲချုပ် (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့)၊ ဗိုလ်မှူးကြီး လူအေး စစ်ဦးစီးဗိုလ်မှူးချုပ် (ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း))၊ ဦးတင်မျိုးကြည် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုအစိုးရအဖွဲ့ရုံး)၊ ဦးရဲမင်း ဒုတိယညွှန်ကြားရေးမှူးချုပ် (သမ္မတဦးစီးရုံး)နှင့် ဦးဇော်မင်းဦး ဦးဆောင်ညွှန်ကြားရေးမှူး (သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း) တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သြဂုတ် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။




ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးအပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ပြောင်းလဲ တာဝန် ပေးအပ်ခြင်း အမိန့်အမှတ် (၄၅/၂၀၁၁)ကို သြဂုတ် ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ အမှတ်(၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင်အား သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် သြဂုတ်လ ၁၀ ရက်နေ့မှစ၍ ပြောင်းလဲ တာဝန် ပေးအပ်လိုက်ကြောင်း သြဂုတ် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။


ဝန်ကြီးဌာနတာဝန် ပူးတွဲထမ်းဆောင်စေခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ၀န်ကြီးဌာနတာဝန် ပူးတွဲထမ်းဆောင်စေခြင်း အမိန့်အမှတ် (၄၆/၂၀၁၁) ကို သြဂုတ် ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အမှတ်(၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တာဝန်ကိုပါ သြဂုတ်လ ၁၀ ရက်နေ့မှစ၍ ပူးတွဲထမ်းဆောင်စေလိုက်ကြောင်း သြဂုတ် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။