10 August 2011

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သြဂုတ် ၁၄ ပဲခူးသွားမည်




ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နိုင်ငံရေးခရီးကို ယခုလ ၁၄ ရက်နေ့တွင် ပဲခူးသို့သွားရောက်ခြင်းဖြင့် စတင်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သတင်းရရှိသည်။

အဆိုပါ ခရီးစဉ်သည် သူမ နေအိမ်အကျယ်ချုပ်မှ လွှတ်လာပြီး နောက်ပိုင်း ပထမဆုံး ပြုလုပ်သော နိုင်ငံရေးခရီးစဉ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့တွင် စာကြည့်တိုက် တစ်ခု၊ သနပ်ပင်မြို့တွင် တစ်ခု ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်းနှင့် လူငယ်များနှင့် တွေ့ဆုံ မည် ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် သွားရောက်မည့် အဆိုပါ ခရီးစဉ်ကို မနက် ၆ နာရီတွင် ရန်ကုန်မှ စတင် ထွက်ခွာမည်ဖြစ်ကာ ညနေပိုင်းတွင် ပြန်လာ ကြမည် ဖြစ်ပြီး ခရီးစဉ် အသေးစိတ်နှင့် လုံခြုံရေး စီမံမှုများကိုမူ NLD တာဝန်ရှိသူများက ပြောဆိုရန် ငြင်းဆန်ကြသည်။

အောင်ဆန်းဂျာမွန်းဟု အမည်ပေးထားသည့် စာကြည့်တိုက်များသည် ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင်၂၃ လမ်းနှင့် သနပ်ပင်မြို့ မင်းလမ်းတို့တွင် တည်ရှိ ကာ စာကြည့်တိုက်တစ်ခုချင်းစီတွင် စာအုပ်ပေါင်း ၄,၀၀၀ ကျော် ထားရှိသည်။ ဂျာမွန်းဆိုသည်မှာ ဂျိန်းဖေါဘာသာစကားဖြစ်ပြီး ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရ ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူး ခရီးစဉ်သည် နိုင်ငံရေးခရီးစဉ် ဖြစ်သဖြင့် အစိုးရမှ မည်သို့တုန့်ပြန်မည်ကို အများက စိတ်ဝင်တစား စောင့်ကြည့် နေကြသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူး ခရီးစဉ်ပြီးနောက် နောက်ထပ် နယ်ခရီးစဉ်များကို ဆက်လက်ထွက်ရှိဦးမည်ဟု သိရသည်။

သတင်း..... YC