08 August 2011

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ရန် နှောင့်နှေးနေ

လုံခြုံရေး အစီအစဉ်များ ပေါက်ကြားမှုကြောင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲခူးသို့ ခရီးထွက်မည့် အစီအစဉ် နှောင့်နှေး နေကြောင်း ဗိုလ်ကြီးဝင်းထိန်က ပြောကြားသည်။

သြဂတ်လဆန်းတွင် ပဲခူးရှိ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတက်ရောက်ရန် အစီအစဉ်သည် မီဒီယာများထံ ပေါက်ကြားသွားသဖြင့် ယခုကဲ့သို့ နှောင့်နှေးနေရခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“CEC တစ်ယောက်က မီဒီယာကို ပြောလိုက်လို့ လုပ်ထားတဲ့ အစီအစဉ်တွေ အကုန်ဖျက်လိုက်ရတယ်။ စာကြည့်တိုက် ဖွင့်မယ့်ရက်ကိုလည်း နောက်ဆုတ် ထားလိုက်ရတယ်။ ခရီးကတော့ သွားမှာပါ”ဟု ဗိုလ်ကြီးဝင်းထိန်က ဆိုသည်။

ပဲခူးရှိ၊ လမ်းပြကြယ် စာကြည့်တိုက်ဖွင့်ပွဲအား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဆိုသည့်အတွက် ပဲခူးတိုင်းဒေသကြီးရှိ NLD လူငယ် အဖွဲ့ဝင်များ လုံခြုံရေး အစီအစဉ်များအား လုပ်ဆောင်ထားသည်မှာ ပြီးစီးနေပြီဖြစ်ကြောင်း ပဲခူးတိုင်း NLD လူငယ်တစ်ဦးက ဆိုသည်။

“ဇူလိုင်လ မကုန်ခင်ကတည်းက ရုံးချုပ်က လူတွေနဲ့ လုံခြုံရေးကိစ္စတွေ အသင့်ပြင်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် လာမယ့်ရက်ကိုပဲ အသင့် ပြင်ပြီး စောင့်နေရတယ်။ ဘယ်နေ့လာမလဲတော့ မသိဘူး။ ပြီးတော့ မြန်မာ့အသံမှာ စာကြည့်တိုက်မှာထားတဲ့ ဦးဝင်းတင်ရဲ့ ထောင်စာအုပ်နဲ့ ပတ်သက်လို့ အသံလွှင့်ထားတာ ရှိတော့ စိတ်လည်းပူရတယ်”ဟု ဆိုသည်။

ယခုလဆန်းပိုင်းတွင် အမျိုးသားစီမံကိန်းနှင့် ဖွံဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ဒေါက်တာကံဇော် ဦးစီးပြုလုပ်မည့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

သတင်း... YC(KS)