28 June 2011

အမျိုးသမီးများ ပြည်ပ သွားရောက် လုပ်ကိုင်ခွင့် ပိတ်ထားချိန် ၊ အလည်အပတ် ဗီဇာ ဖြင့် လာရောက် လုပ်ကိုင် ရန် ပွဲစားများ ဆွဲဆောင်

မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ မလေးရှား သို့ အမျိုးသမီးများ တရားဝင် အလုပ် သွားရောက် လုပ်ကိုင်မှုကို တားမြစ်ထား ပြီးနောက်ပိုင်း ပွဲစား အချို့မှာ အလည်အပတ် ဗီဇာ (visit visa) ဖြင့် အမျိုးသမီးများ အားပို့ ဆောင်ပေးမှုများ ရှိလာကြောင်း သိရသည်။

ပြည်ပသို့ အလည်အပတ်ဗီဇာ (VISIT VISA) ဖြင့် သွားရောက် အလုပ်ရှာဖွေ သူများ အနေဖြင့် အလုပ်အကိုင် ရရှိပါက ၄င်းအလုပ် မှာ တရားဝင် မဟုတ်သောကြောင့် အလုပ်သ မား ရပိုင်ခွင့်၊ အကျိုးခံစားခွင့်များ ရရှိနိုင်မည် မဟုတ်ကြောင်း ပြည်ပ အလုပ်အကိုင် ကျွမ်း ကျင်သူ အသိုင်းအ၀ိုင်း များထံမှ သိရသည်။

“အခုနောက်ပိုင်း အရင်ကလို မိန်းကလေး တွေကို အလုပ်အကိုင်ဗီဇာ (job visa) နဲ့ ထွက်ခွင့်မပြုတော့ တစ်ဖက်လှည့်ပြီးအလည် အပတ် ဗီဇာ (VISIT VISA) နဲ့သွားဖို့ ပွဲစား အချို့ က ဆွဲဆောင်ကြတယ်။ အလည်အပတ် ဗီဇာ ဆိုတာ ဟိုရောက်သွား လို့သူ့ရဲ့ သတ်မှတ်ထား တဲ့အချိန် ကာလ ကျော်လွန် လို့မှ နိုင်ငံ ကပြန် မထွက်ရင် အဲ့ဒီလူက အိုသမား(over stay) ဖြစ်သွားရော၊ ပွဲစားတွေက ဟိုရောက်ရင် အလုပ်ပါ တစ်ပါတည်း ရမယ်လို့ပြောပေမယ့် အဲဒီ အလုပ်ကလည်း တရားဝင် အလုပ်မဟုတ် တဲ့ အတွက် တစ်ခုခု ထိခိုက်မှု၊ နစ်နာမှု တစ်စုံ တရာဖြစ်လာရင် အလုပ်သမား အခွင့်အရေး ဘာတစ်ခု မှရမှာ မဟုတ်သလို တစ်ဖက် အစိုး ရကလည်း ဘာမှ ဖြေရှင်း ပေးမှာ မဟုတ်ဘူး။ယောက်ျားလေး တောင် အိုသမား (over stay) တစ်ယောက် အ နေနဲ့ ရပ်တည်ဖို့ မလွယ်ကူတာ။ မိန်းကလေး ဆိုရင် ပိုပြီး ဆိုးတာပေါ့” ဟု ပြည်ပ အလုပ် အကိုင်ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

ထို့ပြင် ယင်းသို့ အလည် အပတ်ဗီဇာ (VISIT VISA) ဖြင့် အလုပ် သွားရောက် လုပ်ကိုင် သူများမှာ သာမန် တရားဝင် အလုပ် ခေါ်စာဖြင့် သွားရောက် သူများထက် ၀န်ဆောင်ခ ငွေကြေး ပိုမို ကုန်ကျ ကြောင်း သိရသည်။

“ပွဲစားခက အားလုံးပေါင်းရင် ကျပ် ၁၃ သိန်းနီးပါ လောက်ကုန်တယ်။ နောက် တစ်ပတ် ထဲ သွားရမယ် လို့တော့ပြောတယ်။ ဟိုရောက် ရင် တစ်ခါတည်း အလုပ်ပါရ မယ်လို့လည်းပြော တယ်။ ဘာပဲဖြစ်ဖြစ် ရောက်သွားဖို့ အရေးကြီး တယ်။ ဟိုနိုင်ငံမှာ သူငယ်ချင်းတွေလည်း အများ ကြီးရှိတော့ သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး” လို့ မလေးရှားသို့ အလည်အပတ် ဗီဇာ(VISIT VISA) ဖြင့် သွားရောက်မည့် အသက်(၂၀) အရွယ် မိန်းလေး တစ်ဦးက ပြောပြသည့်သတင်းအားမြန်မာပို့စ် ဂျာနယ်တွင်ဖော်ပြထားသည်။